ဧရာဝတီရဲ့ အနာဂတ် (၂)
အောင်ဒင်(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၃၊ စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၃)
နှစ်နိုင်ငံစာချုပ်များကို လေးစားလိုက်နာခြင်း
ကျနော်ကတော့ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်များကို  လေးစားလိုက်နာရမယ်ဆိုတာ  အပြည့်အဝမှန်တယ်မထင်ပါ၊ အစိုးရသစ်တစ်ခုဟာ အရင်အစိုးရက ချုပ်ဆိုခဲ့တဲ့  နိုင်ငံတကာစာချုပ်များကို ပြန်လည်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်၊  တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိ၊ မရှိဆန်းစစ်ဝေဘန်ပြီး တိုင်းပြည်အတွက်  အကျိုးမရှိရင်၊ အကျိုးအမြတ်ထက် ဆုံးရှုံးရမည့်အတိုင်းအတာက  ပိုပြီးကြီးမားနေရင်၊ ပြည်သူလူထုတစ်ရပ်လုံးက လက်မခံရင်၊ စာချုပ်ကို  မှန်မှန်ကန်ကန် မျှမျှတတ ချုပ်ဆိုခဲ့တာ မဟုတ်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရင်  တစ်ဘက်နိုင်ငံအစိုးရနဲ့ ညှိနှိုင်းပြီး စာချုပ်ကို ပြင်ဆင်ရေးဆွဲတာ၊  ဖျက်သိမ်းတာ ပြုလုပ်နိုင်ခွင့်ရှိ အသေအချာရှိပါတယ်၊
စာချုပ်များကို တစ်ဘက်သတ်ဖျက်သိမ်းခွင့်
နိုင်ငံတကာ  စာချုပ်စာတမ်းတိုင်းမှာ တစ်ဘက်ဘက်က လုံလောက်တဲ့အကြောင်းရှိတယ်ဆိုရင်  စာချုပ်ကို ဖျက်သိမ်းခွင့်၊ သို့မဟုတ် ပြန်လည်ညှိနှိုင်းခွင့်ရှိတယ်ဆိုတဲ့  ပြဋ္ဌန်းချက်မျိုး ထည့်သွင်းချုပ်ဆိုရပါတယ်၊ များသောအားဖြင့်  ကန်ထရိုက်စာချုပ်ကို ဖျက်သိမ်းခွင့် (The Right to Terminate)  နှစ်မျိုးရှိပါတယ်၊ နံပါတ် (၁) က ခိုင်လုံသောအကြောင်းပြချက်ဖြင့်  ဖျက်သိမ်းခွင့် (Termination for Cause or Default) နဲ့ နံပါတ် (၂) က  လိုအပ်ချက်များကို ဖြည့်ဆည်းရန်ဖျက်သိမ်းခွင့် (Termination for  Convenience) တို့ဖြစ်ကြပါတယ်၊ ခိုင်လုံသောအကြောင်းပြချက်ဖြင့်  ဖျက်သိမ်းခွင့်ဆိုရာမှာ တစ်ဘက်အစိုးရ သို့မဟုတ် တစ်ဘက်အစိုးရကို တာဝန်ခံတဲ့  ပုဂ္ဂိုလ်/ကုမ္ပဏီက ကန်ထရိုက်စာချုပ်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်လို့  (Material Breach of the Contract) ဖျက်သိမ်းတာမျိုးဖြစ်ပါတယ်၊ 
လိုအပ်ချက်များကို  ဖြည့်ဆည်းဖို့ ဖျက်သိမ်းခွင့်ကတော့ အဲဒီလို  ဖျက်သိမ်းခွင့်ရှိကြောင်းဖော်ပြတဲ့ ပြဋ္ဌန်းချက် ကန်ထရိုက်စာချုပ်ထဲမှာ  ပါဝင်ဖို့လိုအပ်ပါတယ်၊
အချို့စာချုပ်တွေထဲမှာ  ဘယ်လိုအခြေအနေမျိုးမှာ စာချုပ်ချုပ်ဆိုသူတစ်ယောက်၊ စာချုပ်မှာ  ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ (A Party to the Contract ) ဟာ  စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့  သတ်မှတ်နိုင်တယ်၊ ဘယ်လိုအခြေအနေမျိုးမှာ စာချုပ်ပါအဖွဲ့တစ်ဖွဲ့က  လိုအပ်ချက်များကို ဖြည့်ဆည်းရန်အကြောင်းပြချက်နဲ့ ကန်ထရိုက်စာချုပ်ကို  ဖျက်သိမ်းနိုင်တယ် ဆိုပြီး “အခြေအနေတွေ” (Conditions)  ပြဋ္ဌန်းထားလေ့ရှိပါတယ်၊ ဒါပေမည့် မြစ်ဆုံဆည်အပါအဝင် မေခ၊ မလိခ နဲ့  ဧရာဝတီမြစ်အစမှာ ဆည်ကြီး ၈ ခုတည်ဆောက်ရေး နအဖစစ်အစိုးရနဲ့ တရုတ်အစိုးရတို့  ချုပ်ဆိုတဲ့ စာချုပ်ကိုတော့ အများပြည်သူသိခွင့်မရလို့  ဘယ်လိုချုပ်ဆိုထားတယ်ဆိုတာ မသိရပါ၊
အထက်ဖော်ပြပါ  ကန်ထရိုက်စာချုပ်ဖျက်သိမ်းခွင့်များကို အသုံးချပြီး  မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို မြန်မာနိုင်ငံဘက်က  လုံလောက်တဲ့အကြောင်းပြချက်များ၊ တရုတ်ကုမ္ပဏီရဲ့  ကန်ထရိုက်စာချုပ်ပါအချက်များကို (Terms of the Contract)  ချိုးဖောက်မှုများကြောင့် ဖျက်သိမ်းမယ်ဆိုရင် မြန်မာနိုင်ငံကတောင်  တရုတ်ကုမ္ပဏီထံက လျော်ကြေး (Damages) တောင်းခံနိုင်ပါသေးတယ်၊ ဒါပေမည့်  စာချုပ်ကို သေသေချာချာလေ့လာပြီး စာချုပ်ပါအချက်များနဲ့ တရုတ်ကုမ္ပဏီရဲ့  လက်တွေ့ဆောင်ရွက်ချက်များကို အသေအချာနှိုင်းယှဉ်လေ့လာဖို့၊  နိုင်ငံတကာဥပဒေကျွမ်းကျင်သူများရဲ့အကူအညီနဲ့ တရုတ်ကုမ္ပဏီရဲ့  စာချုပ်ချိုးဖောက်မှု (Material Breach of the Contract) တွေကို  စေ့စေ့စပ်စပ်ရှာဖွေဖို့လိုအပ်ပါတယ်၊
ယေဘူယျအားဖြင့် ကန်ထတိုက်စာချုပ်ပါအချက်များကို ချိုးဖောက်ရာရောက်တယ်လို့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ (၄) ခုရှိပါတယ်၊ အဲဒါတွေကတော့
(၁)  ကန်ထရိုက်စာချုပ်မှာ (မြန်မာနိုင်ငံကို ပါဝင်လက်မှတ်ထိုးအောင်  ဆွဲဆောင်နိုင်ခဲ့တဲ့) အဓိကကျတဲ့အချက်အပေါ်မှာ တစ်ဘက်ပါတီရဲ့ ဆောင်ရွက်မှု  မအောင်မြင်တာ ရှိခဲ့သလား၊
(၂) တစ်ဘက်ပါတီရဲ့  ကန်ထရိုက်စာချုပ်ချိုးဖောက်မှုဟာ (မြန်မာနိုင်ငံရဲ့) ဒီ  ကန်ထရိုက်မှာပါဝင်ရခြင်းရဲ့ ရည်ရွယ်ချက် (အနှစ်သာရ) ကို ပျက်ပြားစေခဲ့သလား၊
(၃) တစ်ဘက်ပါတီရဲ့ ကန်ထရိုက်စာချုပ်ချိုးဖောက်မှုဟာ ကန်ထရိုက်စာချုပ်ရဲ့ အဓိက အနှစ်သာရ၊ ရည်ရွယ်ချက်အောင်မြင်ရေးကို ထိခိုက်ခဲ့သလား၊
(၄) ဒီစာချုပ်အရ လုပ်ငန်းဆောင်ရွက်မှုများကနေ (မြန်မာနိုင်ငံဟာ) မျှော်လင့်တာ၊ ထိုက်သင့်တာထက် သိသိသာသာလျော့နည်းပြီး ရရှိခဲ့သလား၊
ဒါတွေကို  ဆုံးဖြတ်ဖို့ဆိုတာ တကယ်တော့ ကန်ထရိုက်စာချုပ်ကို မမြင်ရ၊ မဖတ်ရ၊  မလေ့လာရပဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ၊ ဒါပေမည့် မြင်ခွင့်၊ တွေ့ခွင့်ရတဲ့  အခြေအနေတွေကို လေ့လာသုံး သပ်ပြီး ကျနော်ကတော့ မြန်မာနိုင်ငံဟာ  တရုတ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးစာချုပ်ကို  တစ်ဘက်သတ်ဖျက်သိမ်းခွင့်ရှိတယ်လို့ အလေးအနက်ယုံကြည်ပါတယ်၊ ဒါကြောင့်  ကန်ထရိုက်စာချုပ် မချုပ်ဆိုခင် တရုတ်အစိုးရရဲ့ လှည့်ဖျားမှုများနဲ့  မရိုးသားမှုများ၊ အကျိုးအမြတ်ခွဲဝေရေးဆိုင်ရာ မမျှတမှုများ၊ စာချုပ်ချုပ်စဉ်က  သေသေချာချာမလေ့လာခဲ့ကြတဲ့ မြန်မာနိုင်ငံအတွက် ဆိုးကျိုးများကို  အောက်ပါအတိုင်း ထောက်ပြချင်ပါတယ်၊
အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့  မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊  ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့်  တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ  ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို  ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်၊ 
ဟိုးဝါးဒူးဝါး  ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့  ကချင်ခေါင်းဆောင်တယောက်ပါ၊ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ  ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြောပါတယ်၊  “ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က  ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို  ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး  ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့  ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။  ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ  တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့  အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး  အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ  အများကြီးရှိပါတယ်” တဲ့၊ ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက်တမ်းမှာ  ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ  အကြိမ်ကြိမ်ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့  ၁၈မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀အဆောက်အအုံတခုလောက်မြင့်မားမည့်  မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊  ကချင်ပြည်သူတွေဟာ ဒီဆည်ကြီးတွေ ငလျင် နဲ့  မိုးသည်းထန်ခြင်းစတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား  ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ  ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ  ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရ နဲ့ တရုတ်အစိုးရတို့ ကချင်ပြည်  နယ်အတွင်းမှာ ဆည်ကြီး ၈ ခုဆောက်ဖို့ သဘောတူလိုက်ကြတယ်ဆိုတဲ့ သတင်းကို  ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ဦးဟာ  မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင်  လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်၊ သူတို့ချည်းပဲလားဆိုတော့  မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊  မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့  တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊  တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ 
ဒါပေမည့်  တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျားမျက်ကွယ်ပြုပြီး  ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်၊ 
စက်တင်ဘာလ  ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့  ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁)ကို နေပြည်တော်မှာ အမှတ် (၁)  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး  ဒီစီမံကိန်းနဲ့ပါတ်သက်နေတဲ့ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ  ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာတမ်းတွေ  တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan  International Power Investment Co., Ltd (CPIYN) ရဲ့ ဥက္ကဌ မစ္စတာ လီ (Mr.  Li Guanghua) တက်ရောက်ပြီး “ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ  တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက်  မဟာဗျူဟာကျသော ရွေးချယ်မှုဖြစ်သည်” (Ayeyawady Basin Hydropower Projects  are Strategic Selection for Myanmar Electric Power Industry) လို့  ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို  တင်သွင်းခဲ့ပါတယ်၊ 
အဲဒီစာတမ်းမှာ  မစ္စတာ လီ က “ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို  ထောက်ခံကြသည်” လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊  စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့  ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက  ဒေသခံပြည်သူတွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေကို ကောက်ခံခဲ့ပါတယ် တဲ့၊  အဲဒီစစ်တမ်းတွေအရ သဘောထားပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က  ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်  အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ် လို့  ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ  ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးကို  သိသိသာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့  သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့  စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄  ရာခိုင်နှုံးလောက်က မထောက်ခံကြောင်းပြောရာမှာတောင်မှ မစ္စတာ လီ က  အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့်  တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာနားမလည်ကြလို့  ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်၊
အဲဒီ  စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊  ဘယ်လိုရှင်းပြပြီး ကောက်ယူခဲ့တယ်ဆိုတာတော့ သူက ရှင်းမပြပါဘူး၊  ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ  အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့  ဒီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့  တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများကို  အကြီးအကျယ်စော်ကားလိုက်တာပါပဲ၊
ဆက်ပါဦးမယ်၊
အောင်ဒင်
ဩဂုတ်လ ၁၈၊ ၂၀၁၃
		ဩဂုတ်လ ၁၈၊ ၂၀၁၃
