Tu Maung Nyo – The Give Up Policy of Kyaw Win

ကျော်ဝင်း၏ အညံ့ခံရေး

တူမောင်ညို (၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၈)

ဒီမိုကရေစီ အနှစ်သာရထည့်သွင်းပေးနိုင်ခြင်းမရှိသော “ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ ၂၀၀၈ အခြေခံဥပဒေကို “အရောင်တင်အလှခြယ်ပေးခြင်း” မျှသာဖြစ်လိမ့်မည်။

ယနေ့မောင်ကိုနီတို့ ဟောပြောတောင်းဆိုနေကြသည့် “ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေး” ဆိုသည်မှာ အခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရေးဖြစ်သည်ဟု နားလည်သည်။

“၂၀၀၈အခြေခံဥပဒေ”နှင့်ပတ်သက်၍ ပိုလန်၊ဟန်ဂေရီနှင့်ချက်နိုင်ငံတို့တွင် ဒီချုပ်ဥက္ကဋ္ဌ ပြောဆိုနေသည်များမှာ  တက်ကြွ ဖွယ်၊ အားရဖွယ်ကောင်းလေစွ။

 သို့အတွက် မောင်ကိုနီတို့ ပြင်ဆင်ရေးသည် အဖျားရှူးမသွားဖို့လိုသည်။ “ကျမ်းကျိန်ရေး” နှင့်ပတ်သက်ပြီး ဒီချုပ် အတွင်း ရေးမှူး ဦးဉာဏ်ဝင်းကြုံခဲ့ရသည့် သင်ခန်းစာကို မောင်ကိုနီတို့ အလေးအနက် သတိပြုဖို့လိုသည်။

တကယ်တော့ မောင်ကိုနီတို့ ပြင်ဆင်ရေးအဖျားရှူး/မရှူး ဆိုသည့်ကိစ္စကလည်း ဒီချုပ်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အပေါ်မူတည် နေသည်ဆိုသော အချက်ကိုလည်း ကျနော်သဘောပေါက်ပါသည်။ သို့အတွက် မောင်ကိုနီတို့ကို သတိပေးနေရခြင်းလည်းဖြစ်ပါသည်။

ထိုသို့သော နောက်ခံပေါ်တွင် တစ်နေ့ကမှ  ကျော်ဝင်းနှင့် ဧရာဝတီသတင်းဌာနအင်တာဗျူးဖတ်ရ၏။

            အင်တာဗျူးထဲတွင် “ကျော်ဝင်း၏ အညံ့ခံရေး” ကို တွေ့ရ၏။

ကျော်ဝင်းက “မြန်မာ့နိုင်ငံရေးမှာတပ်ရဲ့သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး” ဟု အခိုင်အမာဆို၏။ “အခြေခံဥပဒေ ဖျက်ပြီး အသစ်ရေးဖို့မလုပ်နဲ့၊ ဖက်ဒရယ် မတောင်းနဲ့  ဒီ၂ ခု မရှောင်လျှင်စစ်တပ်နဲ့ထိပ်တိုက်တိုးလိမ့်မယ်” ဟု ဆို၏။

            ဤသည်တို့မှာ ကျော်ဝင်း၏ အညံ့ခံရေးအထိုင်ပင်ဖြစ်တော့၏။

            “ကျော်ဝင်း၏ အညံ့ခံရေး” တွင် ဖက်နှစ်ဖက်ပါရှိ၏။  တစ်ဖက်က လက်ရှိအုပ်စိုးသူများထံ ခယဝပ်တွားအသနားခံခြင်းဖြစ် ပြီး၊အခြားတစ်ဖက်က “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး” (လူထုလှုပ်ရှားမှုဖြင့်) ထိထိရောက်ရောက်၊ တက်တက်ကြွကြွလုပ်ဆောင်လို သူများကို ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်၏။

 “ကျော်ဝင်း၏အညံ့ခံရေး” ဟုဆိုလိုက်ရသော်လည်း တကယ်တော့ အတိုက်အခံအင်အားစုများအတွင်း “ပြုပြင်ရေးမှိုင်းမိနေ ကြသူများ” တိမ်းညွှတ်နေကြသည့်  အညံ့ခံရေးလည်းဖြစ်၏။

            သူတို့၏ ဘုံဖော်ပြချက်မှာ စစ်အုပ်စုငြိုငြင်မှာကို ကြောက်၏။ စစ်အုပ်စု ပေးသလောက်သာ ရယူလိုသူများဖြစ်၏။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းခြင်း၊  အသစ်ထပ်မံရေးဆွဲခြင်းမပြုရ၊ ဖက်ဒရယ်ပြည်ထောင်စု မတောင်းဆိုရ၊ စစ်တပ် ကပြောထားတဲ့ ဘောင်ထက်ကျော်ပြီး မတောင်းဆိုရ။ ၂၀၀၈အခြေခံဥပဒေဘောင်အတွင်း ပေးထားသလောက်သာညှိယူကြ” — ဆို သည်မှာ သူတို့အညံ့ခံရေး၏ အဓိကအကိုင်းအခက်များပင်ဖြစ်၏။

 ကျော်ဝင်းသည် စစ်တပ်က အာဏာသိမ်းမှာထက် “ရယ်ဒီကယ်ထောင်ခြောက်” ထဲလိမ့်ကျမည်ကို  အထူးပင်ထိပ်လန့် ကြောက်ရွံ့နေလေ၏။ သို့အတွက် “လွှတ်တော်နှင့်အစိုးရ”တို့ထံ “လိုက်လျောမှုတွေ မလွန်ကဲစေနဲ့” လို့လည်း နွားရှေ့ထွန်ကျူးထား လေ ၏။ ကျော်ဝင်းသည် ရယ်ဒီကယ်များနှင့်ရယ်ဒီကယ်လှုပ်ရှားမှုကို ကြိုတင်ချေမှုန်းပစ်ရန်အခါပေးနေလည်းဖြစ်၏။

ကျော်ဝင်းပြောသမျှချုပ်လိုက်လျှင် ယနေ့မောင်ကိုနီတို့ ဟောပြောတောင်းဆိုနေကြသည့် “၂၀၀၈ အခြေခံဥပဒေပြုပြင်ရေး”  ဆိုသည်ကို “ခွင့်မပြုနဲ့” လို့  မိကျောင်းမင်းကို ရေခင်းပြနေခြင်းလည်းဖြစ်၏။ ကြံ့ဖွံ့ပါတီထိပ်သီးများကပင် ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဘာမှထုတ် မပြောသေး၊ ကျော်ဝင်းကား  ကြံ့ဖွံ့ပါတီ ထက်ပင် အကဲပိုနေပေ၏။

            ကျော်ဝင်းသည် သူ့ကိုယ်သူ ဘေးမှရပ်ကြည့်သူတစ်ဦး (ပွဲကြည့်သူ) အဖြစ်ပုံဖော်လေ့ရှိသည်။ ယခုတော့ ကျော်ဝင်းသည် ပွဲကြည့်သူအဖြစ်မှ တက်ကြွသောအသုံးတော်ခံတစ်ယောက် ဖြစ်လာခဲ့ပြီ။ အမျိုးသားစာပေဆုရခဲ့သော ကျော်ဝင်းသည် ယခုအခါ အမျိုးသားလွှတ်တော်ထဲသို့ရောက်သွားလေပြီ။

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ အစရှိသည့် အုပ်စိုးသူများကလည်း ကျော်ဝင်းအလုံးလေးများကို ခံတွင်းတွေ့ပုံပေါ်သည်။ သူတို့ ပြောသည့်စကားများထဲတွင် ညှပ်ပြောကြသည်။

                   အုပ်စိုးသူအဆက်ဆက်သည် (ဗကပ) ကို ပုံစံမျိုးစုံဖြင့် တိုက်၏။ ထိုသို့ ပုံစံမျိုးစုံဖြင့် တိုက်ရာတွင် (ဗကပ) လက်နက်ချများ၊ (ဗကပ)ပျက်များ ၊ (ဗကပ) ထွက်များကို လိုသလိုအသုံးချမြဲဖြစ်၏။ 

 သခင်တင်မြ၊ ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)၊ မောင်စူးစမ်း တို့သည် အသုံးတော်ခံခဲ့ကြပြီ။ ဝါရင့်အသုံးတော်ခံကြီး များ လည်း ဖြစ်၏။ ယခုအခါ သူတို့သည် သင်းချိုင်းသို့တစ်နေ့မျက်စောင်းသုံးကြိမ်မက ထိုးနေသော အရွယ်ရောက်ကုန်ပြီ။ သခင်တင်မြ၊ ဦးချစ် လှိုင်(ကိုကိုမောင်ကြီး)၊ မောင်စူးစမ်းတို့၏ အသုံးတော်ခံနိဂုံးတွင် ကျော်ဝင်း၏အသုံးတော်ခံနိဒါန်းသည် စတင်ခဲ့ပေပြီ။