ကဗ်ာ ဇင္လင္း

ဇင်လင်း ● ငြိမ်းချမ်းရေးသို့ ….

ဇင်လင်း ● ငြိမ်းချမ်းရေးသို့ ….
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉

“ငါ” မပါဘဲ မင်းဆီလာဖို့ ငါ ကြိုးစားနေတယ်
မင်းလာမယ်ဆိုရင်လည်း “ငါ” ကို ခေါ်မလာခဲ့နဲ့
မင်းလာတဲ့အခါ “ငါ” ဆိုတဲ့မာန မင်းချထားခဲ့စေချင်တယ်
တဒင်္ဂတိုင်း တဒင်္ဂတိုင်းမှာ “ငါ” ပေါင်းများစွာကြောင့်
လူပေါင်းများစွာ သေဆုံးနေတယ်
မျက်စိတမှိတ်  လျှပ်တပြက်မှာ “ငါ” ပေါင်းများစွာ ဖြစ်ပြီး ပျက်သုဉ်းသွားတာ မမေ့နဲ့
‘ငါ’ ပြောတာ အမှန်
‘ငါ’ ကြံတာ အဟုတ်
‘ငါ’ လုပ်တာ အကောင်း
‘ငါစွဲ’ တွေ မပြောင်းနိုင်သမျှ
မင်း ငါ့ဆီ မလာစေချင်ဘူး
ငါကိုယ်တိုင်လည်း ‘ငါစွဲ’ ပယ်နိုင်မှ မင်းဆီလာခဲ့မယ်
ငါကလည်း ငါ့ရဲ့ “ငါ” ကို အမွှမ်းတင်
မင်းကလည်း မင်းရဲ့ “ငါ” ကို ရှေ့တန်းတင်
‘ငါ’ နဲ့ ‘ငါ’ ချင်း အဖန်ဖန် စစ်ခင်းနေသမျှ
မင်းငါ့ဆီလာရင်လည်း  ရန်ပဲဖြစ်ရမယ်
ငါ မင်းဆီလာရင်လည်း ပဋိပက္ခပဲ ကြုံရမယ်
ဒီတော့  မင်းနဲ့ ငါ ငြိမ်းငြိမ်းချမ်းချမ်းတွေ့ဆုံဖို့
ငါမာနကဲ အတ္တစွဲတွေကို အရင်ဆုံး ပယ်ရှင်းလိုက်ကြစို့။

ဇင်လင်း
၁၃ ဧပြီ၊ ၂၀၁၉။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts