ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ …

လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ …
(မိုးမခ) မတ်လ ၂၉၊ ၂ဝ၁၉


၂၈-၃-၂ဝ၁၉ ရက်နေ့ မနက်အစောမှာ စာရေးဆရာမကြီး (ဒေါ်) ခင်ဆွေဦး ကွယ်လွန်သွားကြောင်းသတင်း သတင်းကွန် ရက်မှာတက်လာပါတယ်။ မကျန်းမမာဖြစ်နေတာကြာပြီးဖြစ်ကြောင်းကြားနေရပြီး နောက်ဆုံးမှာ မကြားချင်ဆုံးသတင်းကို ကြား လိုက်ရတာပါပဲ။

တသက်တာ တိုင်းပြုပြည်ပြု စာကောင်းပေမွန်များရေးသွားပြီး သက်တမ်းစေ့ (အသက် ၈၆ နှစ်) နေထိုင်သွားတဲ့ မမခင်ဆွေ ဦး ငြိမ်းချမ်းစွာအနားယူပါတော့။ မိမိနေထိုင်သွားတဲ့လူလောကကြီးအပေါ် မမတာဝန်ကျေပွန်ခဲ့ပါပြီ။
——————————-

တကယ်တော့ ကျွန်မတို့မိသားစုနဲ့ ဆရာကြီးမဟာဆွေမိသားစုဟာ နိုင်ငံရေးဆွေမျိုးတွေပါ။ ဖေဖေက သူမျိုးချစ်စိတ်ဓာတ်ကိုသွင်းပေးသူဟာ ဆရာကြီးမဟာဆွေတဲ့။ ၁၃ဝဝ ပြည့်အရေးတော်ပုံအပြီး အရေးအခင်းအတွင်းက ဒဏ်ရာရတဲ့ကျောင်းသားများကိုဂုဏ်ပြုတဲ့ပွဲတပွဲမှာ ဆရာကြီးမဟာဆွေနဲ့ဖေဖေ သိကျွမ်းရင်းနှီးသွားပါတယ်။ အဲဒီကနေစပြီး ဆရာကြီးအိမ်ဝင် ထွက်သွားလာရင်း ဆရာကြီးမိသားစုနဲ့ပါ ရင်းနှီးသွားဟန်ရှိပါတယ်။

ဖေဖေနဲ့ဆက်ဆံခဲ့ရပုံအဖြစ်အပျက်တရပ်ကို ဆရာကြီးရဲ့ဇနီး ဒေါ်ကြည်ကြည်က ဒေါ်မဟာဆွေဆိုတဲ့ကလောင်အမည်နဲ့ ရေးဖူးတဲ့ ဆောင်းပါးလေးတစောင်မှာ ဒီလိုပါလာပါတယ်။

“တနေ့အသက်၂၄ နှစ်ခန့် အသားညိုညိုအရပ်ရှည်ရှည်လူရွယ်တယောက် သူနှင့်လာရောက်တွေ့ဆုံပါသည်။ စစ်အတွင်း အသက်မသေ တွေ့ရသဖြင့် ဝမ်းမြောက်ကြောင်းများနှင့်တကွ ကျမရော ကလေးတွေပါ… ဖော်ရွေစွာ ပြောဆိုနေပါသည်။ သူ့ခါးတွင် နွမ်းပေ့ဆိုသည့် ပိုးလုံချည် အပေါက်အပြဲနှင့် စွပ်ကျယ်ဝတ်ဆင်ထားရာ လူရွယ်စိတ်ကောင်းပုံမရပါ။

သို့ရာတွင်….ဟန်မပျက်  ၂နာရီကျော်ကျော် သူ့အကြောင်းစစ်အကြောင်း. နိုင်ငံရေးအကြောင်းပြောဆိုကြပြီး ပြန်သွားပါသည်။

“ဟေ့ဒီမယ် … ငါ့နှယ်နော် စိတ်မကောင်းလိုက်တာ” တဲ့။ မညည်းစဖူး ညည်းပြီး ပြောလိုက်ပါသည်။ ရဲဘော်သုံးကျိပ်ဝင် ဂျပန်ပြည် စွန့်စွန့်စားစားသွားခဲ့တယ်။ ပြန်လာတော့ စစ်ပွဲအမျိုးမျိုးနွှဲခဲ့တယ်။ သူ့ကို ငါကသာကူညီရမယ်မဟုတ်လားနှင့် ချီတုံ ချတုံ ဖြစ်နေပါသည်။ စာကလေးတိုတိုပင်ဖြစ်သည်။ စာရှင်မှာ လွန်ခဲ့သည့်အပတ်က သူ ပုဆိုးနွမ်းနှင့် စကားပြော ဧည့်ခံလွှတ်လိုက်သော သူ့တူချစ်ဆီက ဖြစ်သည်။ စာထဲမှာတော့ “ဦးလို ပုဂ္ဂိုလ်တဦး ဆင်းရဲနေတာကို ကျွန်တော် မကြည့် ရက်နိုင်၍ ငွေတထောင်အပို့ခိုင်းလိုက်ပါသည်။” ဤမျှသာ။ သူ ငွေတထောင်ကို လက်မှတ်ထိုးယူလိုက်သော်လည်း တော် တော်နှင့် မသုံးသေး။ ထိုလူရွယ်မှာ မြန်မာစစ်ဗိုလ်မေဂျာဖြစ်၍ သူ့တွင် ငွေပိုရှိ၍မဟုတ်။ လခထဲမှ တလတရာ အဖြတ်ခံပြီး ပေးပို့ခြင်းဖြစ်၍လည်း ကျမတို့ ချီတုံချတုံ ဖြစ်ရသည်။ ၁၉၄၃ -ခု မတ်လ ၂၁ ရက် ကျမ သေသေချာချာ မှတ်ထားလိုက်သည်။ သူ့အဖို့မှာလည်း တူလိုသားလိုချစ်သူ၏ ကိုယ်ထိလက်ရောက် တကယ့်စေတနာသိရတော့ မျက်ရေကျလာသည်ကို တွေ့ ရပါသည်။ ထိုအချိန်က ဂျပန်ငွေ ၁ဝဝဝိ သည် အင်္ဂလိပ်ငွေ ၁ဝဝဝိ ထက် တန်ဘိုးရှိပါသေးသည်။ ထိုငွေကြောင့်လည်း ကျမ တို့ တနှစ်ခွဲလောက် အသက်ဆက်ခဲ့ပါသည်။ ထိုထောက်ပံ့ဖူးသူကား အခြားမဟုတ်။ ယခု အင်းစိန်နယ်တဝိုက် စွန့်စွန့်စားစား ရှေ့ ဖျားကနေ၍ စစ်ဗျူဟာခင်းနေသော တပ်မင်းကြီး ဗိုလ်ကျော်ဇောဖြစ်ပါသည်။

(မူရင်းသတ်ပုံများအတိုင်းသာ)

ဒေါ်မဟာဆွေ
(ဒေါ်ကြည်ကြည်)
စာရေးဆရာကြီး မဟာဆွေ၏ ဇနီး”

မဟာဆွေ၏မဟာဆွေဆိုတဲ့ ဆရာကြီးကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ထဲမှာလည်း ဖေဖေအကြောင်းရေးထားတာ တချို့ တွေ့ဘူးပါတယ်။

ဒေါ်ကြည်ကြည်ရေးထားတာကိုကြည့်ရတာတော့ ဖေဖေကို အတော်ကျေးဇူးတင်နေပုံရပါတယ်။ ဒီကျေးဇူးကို ဆပ်လိုဟန်ရှိ တဲ့ မမခင်ဆွေဦးက သူတတ်နိုင်တဲ့ပညာနဲ့ ဒို့တိုင်းဌာနီဆိုတဲ့ ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပန်းခဲ့ကြတဲ့ လူငယ် လူရွယ်များ ရဲ့ သမိုင်းဖြစ်ရပ်မှန်များကိုအခြေခံပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကလေးနဲ့ ယှက်ဖြာထားတဲ့ လုံးချင်းဝတ္ထုရေးပြီး ဖေဖေကို ရည်ညွှန်းပေးခဲ့ပါတယ်။

မမခင်ဆွေဦးအနေနဲ့လည်း ဒီစာအုပ်က အတော်အကျိုးပေးလိုက်ပါတယ်။ ထိပ်တန်းနာမည်ကြီး စာရေးဆရာတန်းဝင်ဖြစ် သွားပြီး စာအုပ်ကိုလည်း အကြိမ်ကြိမ်ပြန်ပုံနှိပ်ထုတ်ဝေခဲ့ရပါတယ်။ အဲဒီစာအုပ် ၁၉၆၁ မှာထွက်လာတော့ စာပေဝေဖန်ရေး သမားတယောက် ဒီလိုရေးထားတာတွေ့ဘူးပါတယ်။

ဒီစာအုပ်နာမည်ကြီးရတဲ့အကြောင်းရင်းထဲမှာ အဓိကဇာတ်ကောင် ကိုသူရအပေါ် ထိုးနေတဲ့အရိပ်ကြီးဟာ ဗိုလ်ချုပ်ကျော်ဇော သာမက အဲဒီခေတ် အဲဒီအခါက ဗမာ့လွတ်လပ်ရေးအတွက် ပါဝင်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ ဗမာ့သားကောင်းသမီးကောင်း များအားလုံးရဲ့ အရိပ်တွေပါ လွှမ်းမိုးနေလို့ ဖြစ်ပါတယ်တဲ့။

ဟုတ်ပါတယ်။ မမခင်ဆွေဦးဟာ တကယ့်သမိုင်းဖြစ်ရပ်မှန် တစိတ်တပိုင်းနဲ့ ဗမာပြည်နိုင်ငံရေးခရီးစဉ်ကြီး (သို့မဟုတ်) အ မျိုးသားလွတ်မြောက်ရေးတိုက်ပွဲစဉ်ကြီးနောက်ခံထားပြီး စိတ်ကူးယဉ် ဇာတ်လမ်းဇာတ်အိမ်တွေဖွဲ့ရာမှာ အလွန်လက်ရာ မြောက်ပါတယ်။

ဥပမာအားဖြင့် လူထုဇနီးမောင်နှံဖြစ်တဲ့ ဦးလေးလှနဲ့ဒေါ်ဒေါ်မာတို့ကို ရည်းညွှန်းရေးခဲ့တဲ့ အင်ကြင်းရဂုံဝတ္ထုကို ကြည့်ပါ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသွားတဲ့ (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသမား ခင်ပွန်းသည်ရဲ့  ကျန်ရစ်တဲ့လုပ်ငန်းဆောင် တာအဝဝကို အလွန်ဇွဲလုံ့လကြီးစွာနဲ့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားတဲ့ ဒေါ်မေသက်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြသူများရဲ့နောက်ကွယ်ကအမျိုးသမီးများရဲ့ စိတ်နေသဘောထားများကို လေးစားအားကျဖွယ် ရေးသားခြယ်မှုန်းထားပါတယ်။ နောင် စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက် (မဆလ၊ နဝတ၊ နအဖ) မှာ နိုင်ငံရေးအကျဉ်းသမားများရဲ့မိသားစုဝင်များရဲ့ဘဝရုန်းကန်မှုများ (ဥပမာ ဆရာမ နှင်းပန်းအိမ်ရဲ့ဆောင်းပါးများ) ကိုကြားသိရတိုင်း မမခင်ဆွေဦးရဲ့ဇာတ်ကောင် ဒေါ်မေသက်ရဲ့ ပုံရိပ်ပေါ်လာတတ် ပါတယ်။ ဒေါ်မေသက်မျိုးဆက်သစ်လေးတွေ ပေါ်ထွက်လာတာပါ။

ထို့အတူ ၇ ရက်ဇူလိုင်ကာလက ကျောင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြပြီး နောက်ပိုင်းမဆလခေတ် ကိုးကိုးကျွန်းပြန်များ အဖြစ် နာမည်ကြီးခဲ့သည် ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ညီအစ်ကိုနှစ်ယောက်ကို ရည်ညွှန်းတဲ့ ဝတ္ထုတပုဒ်ဟာလည်း သူရဲကောင်းကိုးကွယ်စိတ်ရှိတဲ့ လူငယ်လူရွယ်များကို မိမိတို့ကိုယ်တိုင် သူရဲကောင်းဖြစ်ချင်တဲ့စိတ်ဓာတ်ကို ထည့်သွင်း ပေးနိုင်ခဲ့ပါတယ်။

ဒါက ဥပမာအချို့သာဖြစ်ပါတယ်။ တကယ်တော့ မမခင်ဆွေဦးရဲ့စာပေများဟာ မျိုးချစ်စိတ်အခြေခံတဲ့ တိုင်းပြုပြည်ပြုစာ ကောင်းပေမွန်များသာဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ပုဂွိုလ်ရေးအရကျေးဇူးစကားဆိုပါရစေ။

အသက် (၁၉) နှစ်သားအရွယ်ကစလို့ နောက်ဆုံးကွယ်လွန်ချိန် (၉၃) နှစ်အရွယ်ထိ ပြည်သူ့အကျိုးမှတပါး အခြားမရှိဆိုတဲ့ ကွန်မြူနစ်စိတ်ဓာတ်အခြေခံနဲ့ တသက်တာလုံး ပြည်သူဖက်တော်သားကြီးအဖြစ် ရပ်တည်နေထိုင်သွားတဲ့ ဖေဖေရဲ့ပြည်သူ့ သူရဲကောင်းပုံရိပ်ကို အစောဆုံးဖော်ပြရည်ညွှန်းတဲ့ ဒို့တိုင်းဌာနီစာအုပ်ရေးသားပေးခဲ့တဲ့ မမခင်ဆွေဦးကို ကွန်မတို့ကျန်ရစ်သူမိသားစုဝင်များအားလုံးက အမြဲထာဝရ ကျေးဇူးတင်ရှိနေမှာဖြစ်ကြောင်းပြောပါရစေ။

မမခင်ဆွေဦးရဲ့ စာပေများ ဗမာပြည်သူတရပ်လုံးမလွတ်မြောက်မချင်း ရှင်သန်နေမှာဖြစ်လို့ မမခင်ဆွေဦးဟာလည်း ပြည်သူ တွေရဲ့ရင်ထဲမှာ ဆက်လက်ရှင်သန်နေမှာပါ။

နောက်ဆုံးခရီးကိုလိုက်မပို့နိုင်တဲ့အတွက်ခွင့်လွှတ်ဖို့တောင်းပန်ရင်း အဝေးတနေရာက ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။

နှမျောတသစွာဖြင့်
လှကျော်ဇော
၂၉-၃-၂ဝ၁၉။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts