ရသဆောင်းပါးစုံ

အမ္ဗနဒီကျော်စွာ ● စည်ပင်ရွေးကောက်ပွဲက ပြည်သူတွေဘာပြန်ရမလဲ

အမ္ဗနဒီကျော်စွာ ● စည်ပင်ရွေးကောက်ပွဲက ပြည်သူတွေဘာပြန်ရမလဲ
(မိုးမခ) မတ်လ ၂၈၊ ၂၀၁၉

စည်ပင်ဟုဆိုလျှင် ပြည်သူလူထုအများက ရေမြောင်းများ လမ်းများ ပလက်ဖောင်းများလောက်ကိုသာ အများအားဖြင့် အ လျှင်အမြန် ပြေးမြင်တတ်ကြလေသည်။

အမှန်မှာကား ထိုသို့မဟုတ်ပေ။ထိုမျှလည်း မကပေ။ စည်ပင်ဌာန၏ လုပ်ပိုင်ခွင့်များ ရပိုင်ခွင့်များနှင့် ပြည်သူလူထု တို့အပေါ် တွင် ဝန်ဆောင်မှုပေးရမည့်ကိစ္စများမှာကား များပြားလွန်းလှစွာ ရှိနေလသည်။ တိုင်းသူပြည်သား လူအများတို့၏ လှုပ်ရှား သွားလာရုန်းကန်နေကြရသော နေ့စဉ်လူမှုဘဝများစွာ အချိန်များစွာတို့တွင် စည်ပင်ဌာနနှင့်ကင်းလွတ်၍ မနေနိုင်လောက် အောင် စည်ပင်နှင့်မပတ်သက်ဘဲ နေနိုင်လောက်အောင် ကင်းလွတ်သည့် နေရေး ထိုင်ရေး သွားရေး လာရေး မီးရေး ထင်းရေး သေရေးရှင်ရေး စသည်ဖြင့် ကိစ္စအဝဝတွင် အချိန်နှင့်အမျှ အချိန်နှင့်တပြေးညီ ပတ်သက် စပ်ယှက်နေကြရ တာဖြစ်ပါတယ်။

ခြံတခြံကိစ္စ မြေကွက်တကွက်ကိစ္စ အိမ်တလုံးဆောက်တဲ့ကိစ္စ အိမ်ပြင်တဲ့ကိစ္စ တိုက်ခန်း ကွန်ဒို အိမ်တွင်း အမှိုက် အိမ် နောက်ဖေးမီးဖိုချောင်အမှိုက်ကိစ္စ ရေမြောင်းကိစ္စ ကြွက်ခြင်ယင်ပေါများတဲ့ကိစ္စ လမ်းကိစ္စ သစ်ပင် ပန်းမန် ကိစ္စ ရေပိုက် သွယ်တန်းတာ ရေမော်တာတပ်ဆင်တာ တိုက်ခန်းတွေပေါ် သစ်ပင်ညောင်ပင်တွေပေါက်တာ ငှက်ချေးပါချတာ အထပ်မြင့် တိုက်ခန်းတွေက စည်းမဲ့ကမ်းမဲ့ အမှိုက်များကို နောက်ဖေးလမ်းကြားထဲပစ်ချတာ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ လမ်းဘေးဈေးသည်တွေ စည်းမဲ့ကမ်းမဲ့ လမ်းပိတ်ပြီး ဈေးရောင်းတာတွေ လမ်းမတွေပေါ် ကားပိတ်ရပ်တာတွေ အနှေး ယာဉ်တွေ စည်းမဲ့ကမ်းမဲ့ လမ်းပိတ်သွားလာနေတာတွေ တိုက်ခန်းတွေပေါ်ကနေ အောက်ခံဘောင်းဘီ အတွင်းခံ ဘလာစီ ယာ ဘောင်းဘီ အင်္ကျီတွေကို လမ်းမတန်းပေါ်အထိ တန်းထိုးပြီး လှမ်းနေတာတွေ လမ်းမကြီးတွေ လမ်းကြားတွေ လမ်းတွေ လူသွားလမ်းပလက်ဖောင်းတွေဘက်ကို တည့်တည့်ကြီးလှည့်ပြီး အဲကွန်းအောက်ဒိုးကိုထုတ်ကာ လေပူထုတ်လွှတ် နေတာ တွေ ဆိုင်းဘုတ်တွေကို လမ်းလျှောက်တဲ့လူတွေနဲ့ မလွတ်တလွတ်ကလေး ထုတ်ခွင့်ပေးထားတာတွေ လမ်းဆုံလမ်းခွဲတွေ လမ်းခွတွေ မီးပွိုင့်တွေမှာ ကြော်ငြာဘုတ် အကြီးကြီးတွေထောင်တာတွေ လမ်းဘေးသစ်ပင်တွေ လမ်းလယ်သစ်ပင်တွေ ဓါတ်အားလိုင်းကြိုးနဲ့မလွတ်လို့ ခုတ်ထွင် ရှင်းလင်းပေးရတာတွေ မလုပ်လို့ မဖြစ်သင့်ဘဲဖြစ်ရတာတွေ မသေသင့်သူတွေ သေရတာ မီးမလောင်သင့်ဘဲ မီးလောင်ရတာ မြို့တော်ကြီးတခုနဲ့မတူလောက်အောင်ကို အမှိုက်တွေပေပွထပြီး ရှုပ်ပွနေ တာ လူကူးမျဉ်းကျားတွေ ဖြူနီကျားတွေ လမ်းအမှတ်အသား သင်္ကေတတွေကို ထင်သာမြင်သာရှိအောင် သန့်ရှင်းရေးမ လုပ်တာ ဆေးမသုတ်တာ ဆေးသုတ်တော့လည်း မခံတာ ဈေးတွေမှာ အသားတန်း ငါးတန်း အသီးအရွက်တန်းတွေဆိုရင် ဈေးကောက်ပုံမှန်ကောက်ပေမယ့် စုတ်ပြတ်ပေပွပြီး ဗွက်ထနေတာကို ကျန်းမာရေးနဲ့မညီတာ လူတိုင်းသိပေမယ့် မပြုပြင် ပေးဘဲ ဒီအတိုင်းပစ်ထားတာ စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်လောက်အောင် မကုန်နိုင် မခမ်းနိုင်ဖြစ်လောက် သည်အထိ တထောင့်တည ပုံပြင်များလို ပေါများလှပါတယ်။

စည်ပင်ဌာနများ၏ အဓိက လုပ်ငန်းတာဝန်ကြီးများမှာ မြို့တော်အတွင်းမှ လမ်းများအားလုံးကို ပြုပြင်ခြင်း အသစ်ခင်းခြင်း လမ်းမီးများထွန်းပေးရခြင်း ရေသန့် နှင့် သောက်သုံးရေများပေးဝေခြင်း မြို့တော်ကြီး သာယာလှပအောင် ပြုလုပ်ပေးရခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းအားလုံးအပြင် အမှိုက်သိမ်းခြင်း စသည်ဖြင့် လုပ်ငန်းစဉ်ကြီးများဖြစ်ပါသည်။ထို့အပြင် အခွန် ကောက်ခံခြင်း အခွန်ကောက်ခံရာတွင် ပစ္စည်းခွန်များအဖြစ် ခြောက်လ တကြိမ်ကောက်ခံခြင်း အဆောက်အဦးများ မြေ ယာပိုင်ဆိုင်မှုများအပေါ်တွင် စည်းကြပ်ခွန်ကောက်ခြင်း ဘီးခွန်ကောက်ခြင်း ဝန်ဆောင်ခများကောက်ယူခြင်းတို့ဖြစ်သည်။ဝန်ဆောင်ခများ ကောက်ယူခြင်းတွင် ပိုင်ဆိုင်မှုများကို ငှားရမ်းခြင်း ရောင်းချခြင်း လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း သားသတ် လိုင်စင်ကဲ့သို့ လုပ်ငန်းလိုင်စင်ကြေးများ ကောက်ယူခြင်း စည်းမဲ့ကမ်းမဲ့ပြုလုပ်သော ပြစ်မှုပြစ်ဒဏ်များဖောက်ဖျက်ကျူးလွန်သူများထံက ဒဏ်ကြေးငွေများ တောင်းယူကောက်ခံခြင်း တို့အပြင် စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေဟာ အချို့ဈေးများဌာန တွေမှာဆိုရင် ရေသန့်နှင့် သောက်သုံးရေ လျှပ်စစ်မီး မိလ္လာ ရေဆိုးရေညစ် အမှိုက်စို အမှိုက်ခြောက်များ ဈေးဆိုင် ဈေးခန်းများ မာဆတ် ကေတီဗွီ နိုက်ကလပ် အနှိပ်ခန်း ပြည့်တန်ဆာခန်း ကားပါကင် စသည်ဖြင့် လုပ်ပိုင်ခွင့်များစွာနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်များစွာကို လုပ်ကိုင်ခွင့်ရထားတဲ့ ဌာနကြီးတခုပါ။ အထက်မှာပြောခဲ့သလို ပြည်သူလူထုတဦးချင်း တယောက် ချင်းစီတိုင်းဟာ တနေ့ကို အကြိမ်ရေဆယ်ခါမက စည်ပင်ရဲ့ဝန်ဆောင်မှုများစွာနဲ့ မဖြစ်မနေ ပတ်သက်ရ မှာဖြစ်ပါတယ်။ သို့ပေမယ့် ပြည်သူလူထု အများစုဟာ စည်ပင်ဆိုရင် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ဌာနတခုဆိုတာကို လုံးဝနီးပါး မသိ နားမလည်ကြတော့ပါဘဲ စည်ပင်ဌာနဟာ အခွန်ကောက်မယ် ဈေးကောက် ကောက်မယ် အမှိုက်သိမ်းမယ် သစ်ပင် ခုတ်မယ် ရေမြောင်းရှင်းမယ် နောက်ဖေးလမ်းကြားရှင်းမယ် လမ်းပြင်မယ်ဆိုတာလောက်ကိုပဲ အများအားဖြင့် သတ်မှတ် ထားကြတာဖြစ်ပါတယ်။

ဒါကလည်း ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ အလေ့အကျင့်ဖြစ်ပြီး ရဖို့ရှိတာတွေပဲ အယောင်ပြလုပ်ပြီး ဝန် ဆောင်မှုပေးရမယ့်အပိုင်းတွေအားလုံးနီးပါးမှာ ရပ်ဆိုင်းထားခဲ့ကာ ကိုယ့်တာဝန်ကိုယ်မသိတော့ဘဲ တဝန်ယူမှု တာဝန်ခံမှု များမရှိတော့ဘဲ ကိုယ့်အလုပ် ကိုယ့်တာဝန်ကိုတောင် ဘာတွေလုပ်ရမယ်မှန်းမသိတော့တဲ့ စည်ပင်ဝန်ထမ်းအချို့တို့ရဲ့ အဂတိလိုက်စားမှု ခြစားမှုတို့အောက်မှာ ပြည်သူလူထုတွေဟာ ကိုယ်ရမယ့် ဝန်ဆောင်မှုတွေကို မသိတော့တာ နားမလည် တော့တာဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလာမယ့် စည်ပင်ရွေးကောက်ပွဲကြီးကိုတော့ မှတ်ပုံတင်ရှိ တဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ ပြည်သူလူထု တဦး တယောက်ချင်းစီတိုင်းက စိတ်ပါ ဝင်စားကြဖို့ အလွန်တရာမှကို အရေးတကြီးလိုအပ်တာဖြစ်ပါတယ်။ဘာကြောင့် အဲသလောက် အရေးကြီးသလဲဆိုတာကိုလည်း အထက်မှာတင်ပြခဲ့သလိုပဲ ပြည်သူ လူထုအားလုံးဟာ နေ့စဉ်နဲ့အမျှ လူနေမှုဘဝမှာ မဖြစ်မနေ စည်ပင်ဌာနနဲ့ပတ်သက်ချင်သည်ဖြစ်စေ မပတ်သက်ချင်သည် ဖြစ်နေ တွေ့ကြုံဆုံတွေ့နေရမှာဖြစ်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုတာဝန်ပေါင်းများစွာ ပြည့်သူဝန်ဆောင်မှုပေါင်းများစွာ သန့်ရှင်းလုံခြုံရေးပေါင်းများစွာ မြို့တော်ကြီး စည်ပင်သာယာရေး တာဝန်ပေါင်းများစွာ အခွန်အကောက်ပေါင်းများစွာကိုကောက်ခံခြင်းနဲ့ စည်းကြပ်ခွန်ပေါင်းများစွာကိုကောက်ယူခြင်းစတဲ့ လုပ်ငန်းစဉ်ပေါင်းများစွာတို့ကို စီမံခန့်ခွဲနေရတဲ့ အုပ်ချုပ်ရေး ပိုင်း ဌာနကြီးတခုဖြစ်တာမို့ ပြည်သူလူထုတွေဟာ ကိုယ်ရသင့်တဲ့ဝန်ဆောင်မှုများစွာကို အမှန်တကယ် ရရှိကြဖို့အတွက် အခုရွေးကောက်ပွဲမှာရော နောက်လာမယ့် စည်ပင်ရွေးကောက်ပွဲပေါင်းများစွာမှာ စိတ်ဝင်တစားနဲ့ မည်သူ့ကိုမဆိုဖြစ်စေ မည့်သည့်ပါတီကိုဖြစ်စေ မဖြစ်မနေ မိမိတို့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်များ အခွင့်အရေးများ ရပိုင်ခွင့်များ ပြောစကား များကို နားထောင်ပေးမည့် ဖြေရှင်းပေးနိုင်မည့် အကောင်းဆုံးပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် ဒုမြို့တော်ဝန်အပြင် စည်ပင် ဥက္ကဋ္ဌများ ကော်မတီဝင်များကို မဲပေးရွေးချယ်ကာ ပြည်သူ့ကိုယ်စားလှယ်လောင်းလျာများကို ရွေးကောက်တင်မြှောက် ပေးကြဖို့ အထူးလိုအပ်နေတာဖြစ်ပါတယ်။

ယခုလာမည့် မတ်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ပေးမယ့် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ စည်ပင်သာယာနယ်နိမိတ်များဖြစ်တဲ့ တောင်ဥက္ကလာပ မြောက်ဥက္ကလာပ သင်္ကန်းကျွန်း ဒဂုံမြို့သစ်တောင်ပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်း ကြည့်မြင်တိုင် စမ်းချောင်း ဆိပ်ကမ်း ဒဂုံ ပန်းပဲတန်း လမ်းမတော် အလုံ တာမွေ ကမာရွတ် ရန်ကင်း ကျောက်တံတား ဒေါပုံ ပုဇွန်တောင် မင်္ဂလာတောင်ညွန့် ဗိုလ်တထောင် သာကေတ ဒလ ဆိပ်ကြီးခနောင်တို လှိုင်သာယာ အင်းစိန် မရမ်းကုန်း လှိုင် မင်္ဂလာဒုံ ရွှေပြည်သာစသည့် မြို့နယ် ၃၃ မြို့နယ်အတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက် ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဒုမြို့တော် ဝန်တဦး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီဝင် (YCDC) ၅ ဦး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်အတွက် တမြို့နယ်လျှင် ဥက္ကဋ္ဌတဦး ကော်မတီဝင် (၁) တဦး ကော်မတီဝင် (၂) တဦးစီကို ပြည်သူလူထုမှ ရွေးကောက် တင်မြှောက်ခွင့်ရရှိကာ အခြားသောကော်မတီဝင် ၃ နှင့် ၄ နေရာများကို အစိုးရအဖွဲ့မှ ခန့်အပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတဦးအနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီဝင်အတွက် တမဲ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနေရာအတွက် တမဲ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် (၁) အတွက် တမဲ စည်ပင်သာယာ ရေးကော်မတီ အဖွဲ့ဝင် (၂) အတွက် တမဲ စုစုပေါင်း လေးမဲထည့်ပေးရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာမြို့နယ် နယ်နိမိတ်အတွင်းမှာ အနည်းဆုံးတနှစ်နေထိုင်ဖူးသူ အသက် ၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် မှတ်ပုံတင်ကဒ်များရှိသူများအားလုံးဟာ ဆန္ဒမဲပေးပိုင်ခွင့်ရှိပါ တယ်။ သာသနာ့ဝန်ထမ်းများ ထောင်ဒဏ်ကျခံနေရသူများ ဥပဒေအရ စိတ်ပေါ့သွပ်နေသည်ဟု သတ်မှတ်ထားသူများ လူမွဲအဖြစ် တရားရုံးများမှ ကြေငြာခံထားရသူများ နိုင်ငံခြားသားများ နိုင်ငံခြားသားအဖြစ် ခံယူထားသူများ တပ်မတော်သား များ ပြည်သူရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များကတော့ မဲပေးခွင့် မရရှိထားကြပါဘူး။

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ (တနင်္ဂနွေ) နံနက် (၆) နာရီမှ ညနေ (၄) နာရီအတွင်း မိမိတို့နေထိုင်ကြတဲ့ ရပ်ကွက် မြို့နယ်များအတွင်းမှ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည့် မဲရုံနေရာများတွင် ကိုယ်စားလှယ်လောင်း ၄ ဦးအတွက် ဆန္ဒမဲ လေးမဲကို ပေးရမှာဖြစ်ပါတယ်။မဲရုံတည်နေရာများကိုတော့ မိမိနေထိုင်တဲ့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးရုံးများမှာ သွားရောက်ကြည့်ရှုနိုင်တာဖြစ်ပါတယ်။မဲဆန္ဒပေးသောနေ့တွင် မိမိတို့ရဲ့ နိုင်ငံသားကဒ်များကို တပါတည်း ယူဆောင်သွားရမှာဖြစ်သလို မဲစာရင်းမှ မိမိတို့ရဲက အမှတ်စဉ်များကိုလည်း ကြိုတင်မှတ်သားထား နိုင်ပါက ပိုမို လွယ်ကူမှာဖြစ်ပါတယ်။မိမိတို့ရဲ့ မဲစာရင်းအမှတ်စဉ်များနဲ့ နိုင်ငံသားစိစစ်ရေးကဒ်များကိုပြသပြီး မဲလက်မှတ်များကို ထုတ် ယူရမှာဖြစ်ပါတယ်။ မိမိ ဆန္ဒမဲပေးလိုသော ကော်မတီဝင်လောင်းများ၏ အမည်နှင့် သင်္ကေတအမှတ်အသား ဘေးတည့် တည့်တွင်ရှိသော လေးထောင့်ကွက်အတွင်းမှာ ဘောလ်ပင်ဖြင့် အမှန်ခြစ် အမှတ်အသားကို ရေးခြစ်ပေးရမှာဖြစ်ပါတယ်။မဲလက်မှတ်များတွင် ကော်မရှင်က အတည်ပြုပေးထားသော အမှတ်အသားများ ပါ မပါ မဲလက်မှတ်တွင် မဲရုံမှူးများ၏ လက်မှတ် ပါ မပါ မဲလက်မှတ်များ စုတ်ပြဲနေခြင်း ရှိ မရှိ မဲလက်မှတ်များတွင် အခြားသော မလိုအပ်သည့် မသက်ဆိုင်သည့် အမှတ်အသားများ ပါ မပါ ပယ်မဲအဖြစ်ထုတ်ပြန်ထားသော အချက်များ ပါ မပါ သေချာအောင်စစ်ဆေးရန် လိုအပ်ပါသည်။ အကယ်၍ နားမလည်လျှင် မဲရုံစောင့်သူများ မဲရုံမှူးများကို မေးမြန်း စုံစမ်းနိုင်ပါသည်။ မဲပေးရာတွင် ပေးထားသော ကော်မတီ လောင်းများထဲက ကော်မတီဝင်လောင်း တဦးကိုသာ ဆန္ဒပြုရွေးချယ်ပေးရမှာဖြစ်ပြီး အမှန်ခြစ် အမှတ်အသားကိုလည်း သေချာရှင်းလင်းထင်းရှားအောင် ဂရုတစိုက် ပြုလုပ် ပေးရန်လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် မဲလက်မှတ်များကို စုတ်ပြဲခြင်း ရေစိုခြင်း အမှတ်အသားပြုလုပ်မိခြင်း တို့ကို ရှောင်ရှားရမှာဖြစ်ပြီး ထိုသို့ပြုလုပ်မိခဲ့ပါက မိမိဆန္ဒမဲကို ပယ်မဲအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ မိမိ ဆန္ဒမဲပေးပြီးသော မဲလက်မှတ်ကို အများမမြင်အောင် ခေါက်ပြီး မဲပုံများအတွင်းသို့ထည့်ပါ။ထို့နောက် မဲပေးပြီးကြောင်း သက်သေအဖြစ် မဲရုံဝန်ထမ်းများထံတွင် လက်သန်းကို မင်ဆွတ်ကာ အမှတ်အသားပြုလုပ်ပြီး ပါက မဲဆန္ဒပေးခြင်း အစီအစဉ် အောင်မြင်စွာပြီးဆုံးပြီဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံသားကောင်းတယောက်ပီသဖို့ရန် အစဉ်သဖြင့် မိမိ အခွင့် အရေးများကို သိနားလည်သည့် နိုးကြားထကြွသော နိုင်ငံရေးအသိရှိသော နိုင်ငံသားကောင်းတဦးပီသရန် မိမိ ပြုလုပ်ချင်သော မိမိ ဖြစ်စေချင်သော မိမိအတွက်ဂုဏ်ကျက်သရေရှိသည့် မြို့တော်တခုဖြစ်စေရန် မိမိ ပါတ်ဝန်းကျင် နှင့် မိသားစုများ သန့်ရှင်းသာယာလှပသော လမ်းတခု ရပ်ကွက်တခု မြို့နယ်တခုကို ဖော်ဆောင်ရန် မိမိ စိတ် ဆန္ဒရှိသည်များကို ဖွင့်ဟတိုင်ပင်ခြင်း ပြောဆိုဆွေးနွေးခြင်း အချိန်မရွေး ခေါ်ယူစေခိုင်းနိုင်ခြင်း စသည့် ဝန်ဆောင်မှု ကောင်းများကို တရားဝင် ရရှိလာနိုင်စေရန် ပြည်သူလူထုများအနေနဲ့ စည်ပင်ရွေးကောက်ပွဲများကို မဖြစ်မနေကို စိတ်ဝင်တစား ရှိသင့်ပါကြောင်း မည့်သူ့ကိုပင်ဖြစ်စေ မည့်သည့်ပါတီကိုဖြစ်စေ မဖြစ်မနေ တဦးတယောက် တပါတီကိုတော့ မဲဆန္ဒပေးသင့်ပါကြောင်း တိုက် တွန်းနိုးဆော်လိုက်ရပါသည် ခင်ဗျား။

အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts