သရော်စာ

အီကြာအော် ● ဖွတ်ကလေး၊ အမေပုနှင့် ခက်သေးရွာမှ မြစ်ဆုံရောင်းပွဲ

အီကြာအော် ● ဖွတ်ကလေး၊ အမေပုနှင့် ခက်သေးရွာမှ မြစ်ဆုံရောင်းပွဲ
(မိုးမခ) မတ်လ ၂၇၊ ၂၀၁၉


“မြုံ (မယုံ) စစ်
မြစ်ဆုံ၊
မြုံစစ်
မြစ်ဆုံ”

ခက်သေးရွာလည်ကောင်တွင်ကား နှပ်ချေးတွဲလောင်းနှင့် ကြွက်နီတို့ ကလေးတသိုက် အော်ကြီးဟစ်ကျယ်နှင့် ကစားနေကြ သည်။

“ဟေ့ကောင် ဖွတ်ကလေး ဒီကောင်ကြွက်နီတို့တတွေ တစစ်စစ်နဲ့ ဘာတွေစစ်တမ်း ကစားနေကြတာလည်း”

အီကြာအော်က ခက်သေးရွာလည်ကောင်တွင် ခေါင်းတကုတ်ကုတ်နှင့် လမ်းလျှောက်နေသော တပည့်ကျော် ဖွတ်ကလေးကို လှမ်း၍ မေးလိုက်လေသည်။

“ဒီကလေးတွေ မြစ်ဆုံရောင်းတန်း ကစားနေကြတယ် ပြောတာပဲ ဆရာအော်ရဲ့”

“ဟိုက်…ခက်လဘတ်စ်”

အီကြာအော်က ဆရာ အီကြာကွေး၏ “ဟိုက်….ရှားလဘတ်စ်”ကို ကော်ပီလုပ်၍ “ခက်လဘတ်စ်”ဟု တလိုက်သည်။ ခက်သေးရွာကလည်း နာမည်နှင့်လိုက်အောင် ခက်သည် မဟုတ်လား။

“ဒီကလေးတွေက တယ်လည်းခက်ပါလားကွ၊ ငါတို့ငယ်ငယ်တုန်းက ဈေးရောင်းတန်းကစားဆိုရင် မဆလခေတ်၊ သမဝါယ မဆိုင်က ဆန်၊ ဆီ ၊ ဖယောင်းတိုင်လောက်ပဲ ရောင်းတတ်တယ်”

“အင်းလေ၊ အတုမြင် အတတ်သင် လို့ ပြောရမှာပေါ့၊ တို့ရွာက လူကြီးတွေလည်း စီးပွားရေးက မလုပ်တတ်တော့ ရှိသမျှလေးပဲ ထုခွဲရောင်းချစားတတ်တာ၊ အဲဒါမျိုးက အချောင်သူဌေးဖြစ်တော့ ကလေးတွေလည်း မဟုတ်တရုတ်တွေ အားကျကြတာပေါ့”

ခက်သေးရွာကြီးကို အုပ်ချုပ်သော လူကြီးအပေါင်းတို့သည်ကား မိမိအိပ်ကပ်ထဲကိုထည့်၍ ရသော ခွက်နှိုက်ဈေးကွက်စီးပွား ရေးကိုသာ ကျွမ်းကျင်ကြလေသည်။

ခက်သေးရွာတဝိုက်တွင်ရှိသော သစ်တောများ၊ တောင်ကတုံးများကား ရွာလူကြီးအဆက်ဆက်က ခွက်ကျကာ အောက်ဈေးများဖြင့် ရောင်းစားသဖြင့် ကုန်လေပြီ။

“အေးကွ ငါတို့ ခက်သေးရွာကလည်း နမိတ်နောက် နမာလိုက်တော့ ခက်လို့ကို မဆုံးတော့ဘူး၊ မြစ်ဆုံရောင်းစားတာကို ကလေးတွေပြောသလို မယုံလို့ စစ်ဆေးကြည့်ခွင့်ရရင်တော့ ကောင်းမယ်”

“အော် ကျုပ်က “စစ်”ဆို မယုံဘူး လို့ ကလေးတွေက ဆိုလိုတာလား ထင်နေတာ”

“အေးကွ “စစ်”ကြည့်ရင် ကြောက်စရာချည်းပဲ၊ တို့ ခက်သေးရွာမှာကတော့ စစ်ကြည့်ရင် အတုတွေချည်းပဲ၊ ဘုန်းကြီးတု၊ မယ်တော်အတု၊ ဆရာဝန်အတု၊ ဆေးအတု၊ တင်အတု၊ ရင်အတုတွေ နေရာတကာမှာ ရှိတယ် မရှိတာဆိုရင်တော့ ဖွတ်ကလေးအတုလောက်ပဲဖြစ်လောက်တယ်၊ ဒါနဲ့ …စစ် ဆို ….စစ်တာတွေကရော စစ်ရဲ့လား၊ အတုတွေများလားကွာ”

ထိုစဉ်၌ ကြွက်နီတို့ကလေးတသိုက် ကစားရာတွင် ငြင်းရင်း ခုန်ရင်းဖြင့် အီကြာအော်၏ အိမ်ရှေ့သို့ ရောက်လာကြလေသည်။

“ဟေ့ကောင်တွေ မြစ်ဆုံကို ငါ ရောင်းစားမှာကွ”

“မဟုတ်ဘူး ငါပဲ ရောင်းစားမယ်”

“ဟေ့ကလေးတွေ ၊ မင်းတို့က မြစ်ဆုံကို မင်းတို့ မိဘတွေဆီက အမွေရတယ်များအောက်မေ့နေသလား၊ ပေါက်ပေါက်ရှာရှာများ ကစားရတယ်လို့၊ မင်းတို့ ကလေးတွေ တန်ရာတန်ရာ လုပ်ပါကွ၊သွားကြ သွားကြ”

အီကြာအော်က စိတ်ဆိုးစွာဖြင့် ကြွက်နီတို့ ကလေးတသိုက်ကို မောင်းထုတ်လိုက်လေသည်။

“ငါတို့ရွာလည်း နာမည်နဲ့လောက်အောင်ပဲ ခက်ကို ခက်တယ် ဖွတ်ကလေးရဲ့”

“ဟုတ်ပါ့ ဆရာအော်ရယ်၊ မြစ်ဆုံမှာဆည်လုပ်လို့ကတော့ ကျုပ်တို့ခက်သေးရွာမှာ ပိုခက်ဖို့ပဲရှိတယ်၊ ရေသောက်ရဖို့တောင် ခက်သွားလောက်တယ်”

“အင်း ….မင်းတောင် တော်တော်တိုးတက်လာပြီ၊ မြစ်ဆုံကိစ္စဆိုတာ တို့ခက်သေးရွာကလူကြီးတွေ တရားအားထုတ်ကြတဲ့ လံကြုပ်ဇာတ်လမ်းပဲ”

“အမေပုကတော့ အရင်တုန်းက မြစ်ဆုံကိစ္စကို ရွာသားတွေကို ချပြမယ် ပြောတာပဲ ဆရာအော်၊ ကျုပ်တို့ကတော့ ချခံရတာ များလွန်းလို့ ချပြမယ် ဆိုရင် ကျောကော့အောင် ခံရတော့မလား တွေးပြီး ကြောက်မိတယ်”

ဖွတ်ကလေးကြည့်ရသည်မှာ တကယ်ပင် ကြောက်သွားပုံရသည်။

“တို့ရွာကလူကြီးတွေလည်း တခါလာမဲပြာပုဆိုးချည်း ဖြစ်နေတော့ တယ်ခက်တာပဲ”

အီကြာအော်က စိတ်ပျက်လက်ပျက်ဖြင့် ဖွတ်ကလေးကို ပြောလိုက်သည်။

“အမေပုကရော မဲပြာပုဆိုး ဝတ်တာပဲလား ဆရာအော်ရေ”

“မဲပြာပုဆိုးလား မဲပြာလုံချည်လား မသိပါဘူးကွာ၊ အမေပုကတော့ တနေ့တမျိုး မရိုးရအောင် ဝတ်တာဆိုတော့ မဲပြာလုံချည်တော့ မဝတ်လောက်ဘူး ထင်ရတာပဲ”

အီကြာအော်က ဖက်ရှင်တနေ့တမျိုးမရိုးရသော အမေပုအကြောင်းကို သိနေသည်မို့ ကောက်ချက်ချလိုက်လေသည်။

“အမေပုကတော့ အခုလည်း မြစ်ဆုံနဲ့ပါတ်သက်ပြီး သူဆုံးဖြတ်ချက်ချပြီးရင် အကြောင်းရင်းကို ရွာသားတွေကို ချပြမယ်တဲ့ ဆရာအော်”

“အေးကွ….၊ မြစ်ဆုံကို ဆက်လုပ်ဖြစ်တယ် ဆိုရင်တော့ ငါတို့ခက်သေးရွာသားတွေ အချခံရပြီးသား ဖြစ်သွားမယ်၊ အဲဒီလိုသာ ချပြရင်တော့ ကျောချမှ ဓားပြမှန်းသိတယ် ဆိုသလိုဖြစ်မှာပေါ့”

အီကြာအော်က စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းချပြီး ပြောလိုက်လေသည်။

“အမေပုကတော့ ရွာအကျိုးအတွက် အဘက်ဘက်က စဉ်းစားပြီးမှ လုပ်မယ် ပြောတာပဲ ဆရာအော်ရဲ့”

“ဟေ့ကောင် ဖွတ်ကလေးရဲ့ မင်းဟာက “ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား”ဆိုပြီး မေးသလိုပဲ၊ မြစ်ဆုံကိစ္စ ဆက်လုပ်တယ်ဆိုမှတော့ ရွာအကျိုးက ဘယ်လိုလုပ်ပြီး ရှိတော့မှာတုန်း”

“အမေပုလည်း ရွာလူကြီးအဆက်ဆက်လိုပဲ ရိုးရာ အစဉ်အလာမပျက် နင်သာခက် သူ တရားအားထုတ်ရင်တော့ တို့ခက်သေးရွာလည်း တကယ်ကို ခက်ပြီဟေ့”

“ဆရာအော်ပဲ တရားအားထုတ်တာ ကောင်းတယ်ဆို”

“မင်းကလည်းကွာ……ငါပြောတဲ့ “တရားအားထုတ်တယ်”ဆိုတာ ဘာဝနာပွားတာ ပြောနေတာ မဟုတ်ဘူးကွ၊ တို့ခက်သေးရွာက ရွာလူကြီးအဆက်ဆက်လို အမေပုလည်း တရုတ်အားထားပြီး ဘဝတွေ နာမှာ စိုးလို့ပြောတာ”

ထိုစဉ်အခါတွင် မီးဖိုချောင်ဘက်မှ ထွက်လာသော ဒေါ်အွန်မေးက အီကြာအော်တို့ ဆရာတပည့်နှစ်ယောက်ကို ကောင်းချီးပေးလေသည်။

“အမေပုက တရုတ်အားထားတာတွေ တရားအားထုတ်တာတွေ အရေးမကြီးဘူး”

“ဘာက အရေးကြီးလည်း အွန်အွန်ရဲ့”

“ရွာလူကြီးတွေ၊ လူကြီးမတွေက ကျုပ်တို့လို လက်လှုပ်မှ ပါးစပ်လှုပ်ရတာမဟုတ်ဘူးလေ၊ သူတို့က ပါးစပ်လှုပ်ရင် လေနဲ့ အကုန် လှုပ်ချင်တာလှုပ်လို့ရတယ်၊ အမေပုလည်း ရွာလူကြီးဟောင်းတွေကို ချော့လို့ကိုမအားပါဘူး၊ ရှင်တို့၊ ကျုပ်တို့လို ပါမွှားတွေက ဘယ်အရေးကြီးပါ့မလည်း”

“အေး မင်းပြောတာ မှန်တယ်ကွ”

အီကြာအော်က ထုံးစံအတိုင်း အစဉ်အလာမပျက် ဒေါ်အွန်မေးကို အပြည့်အဝ ထောက်ခံလိုက်လေသည်။ မထောက်ခံလျှင် ထမင်းငတ်ပြီး ပါးစပ်ပါ လှုပ်မရ ဖြစ်သွားနိုင်သည်။

“ကိုအော်……”

“ဟင်…ဘာလည်းကွ”

“ရှင် ညစာအတွက် ပါးစပ်လှုပ်ချင်ရင် တော့ ခြေထောက်ကလေးလှုပ်ပြီး ကိုခိုနီဆိုင်ကနေ ထုံးစံအတိုင်း ဆန်တအိတ်၊ ဆီတပုံးလောက် အကြွေးနဲ့ သွားယူလိုက်ပါဦး”

ဤသို့ဆိုလျှင် အီကြာအော်လည်း မနေသာတော့သည်မို့ မြစ်ဆုံ၏ ဖြစ်ပုံ ကို မတွေးနိုင်တော့ပဲ လမ်းဆုံမှ အရမ်းကုန်သော ကိုခိုနီဆိုင်သို့ ရင် အရမ်းတုန်၍ ထွက်ခဲ့လေတော့သည်။ အရင်တင်နေသောအကြွေးများကလည်း မကျေသေးချေ။ သူသည်လည်း ခိုနီတည်းဟူသော တရားကို အားထုတ်နေရမြဲ။

ကြွက်နီတို့ ကလေးတသိုက်ကား ခက်သေးရွာလည် လမ်းဆုံတွင် မြစ်ဆုံရောင်းပွဲကို ဆင်နွှဲနေကြဆဲ ဖြစ်သည်။

“မြုံစစ်
မြစ်ဆုံ၊
မြုံစစ်
မြစ်ဆုံ”

ခက်သေးရွာသား အီကြာအော်တယောက်မှာကား လည်ပင်းခိုက်နေသော ကိုခိုနီ့အကြွေးအတွက် ရတက်မအေးပဲ
“ဟိုက်….ခက်လဘတ်စ်”ဟုသာ အော်နိုင်တော့လေသတည်း။ ။

သဗ္ဗေသတ္တာ၊ ကမ္မသကာ

အီကြာအော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts