လင်းသစ္စာဦး ● အငွေ့ပျံတောအုပ်
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၉
ရင့်ကျက်ခြင်းတွေဆီ
နာရီတွေဘယ်တော့မှရောက်မလာဘူး ….
စိတ်ကူးထဲ နစ်နေတဲ့ပန်းလေးတပွင့်က
ဒီကနေ့အဖြစ်ကို ဒုက္ခနဲ့စဖွင့်တယ်
ဘယ်အရာ မဆို
ချော်လဲ ရောထိုင်အဖြစ်က သိပ်မလွယ်ပါဘူး
အရိပ်ချိုးနေတဲ့ သစ်ပင်တွေ
အဝေးမှာ သီချင်းတပုဒ်ဟာ
အသံချိုချိုနဲ့ လွင့်နေတယ် …
စစ်ကြီးပြီးက
အစွဲအလန်းဟာ
သိပ်ပူလောင်တာပဲ
စစ်ကြီးပြီးစ
စနစ်တကျ လွမ်းတမှုတွေ
သိပ်ဆူလောင်တာပဲ
လူတကာစွဲလောင်နေတဲ့
သောက တဘောင် ကြောင်တောင်တောင်တွေ
ပုထုဇဉ်ဟာ
အရှိန်တငြီးငြီး မီးတောက်
အချိန်ရှိသရွေ့
ပေါက်ပေါက်ဖောက်လို့မဆုံးပေါ့ …
ရင်တဆံ့ဟာ
ရုပ်ရင်းကြမ်းတမ်းလည်း
ရုပ်ကြမ်းကြမ်းနဲ့ ဆက်လွမ်းရမှာပဲ
ဒီသမုဒယ ဒီအနွယ်အငင်လေးထဲ
ပစ်ပစ်ခါခါ နွယ်လိုက်ရမှ
ဆိုသလို
ဘာ အပို အလိုမှ မပါတဲ့စကားတွေ
ဘာ အပို အလိုမှ မလိုတော့လောက်အောင်
အဲသည်မောင်းကိုဖြုတ်
အဲသလို တဖြုတ်ဖြုတ် ကြွေပြရတာက
ငါတို့ဘဝတွေပဲ မဟုတ်လား ….
ဒီနေရာမှာ
ဒီအချိန်ရောက်ရင်
ဒီလိုပဲ
အငွေ့ပျံလိုက်ဖို့ပဲမဟုတ်လား ….
လင်းသစ္စာဦး