(မိုးမခ) မတ်လ ၂၀၊ ၂၀၁၉
(၁)
ကဗျာဆရာ (ကို) အိုအောင်က သူ့စာအုပ်သစ်အကြောင်း မိတ်ဆက်ရင်း ပင်လယ်နှင့် သူ ရေစက်မဆုံကြောင်း ရေးထား သည်ကို ဖတ်မိသော် ကျနော်သည် ကျနော့် မိတ်ဆွေသူငယ်ချင်း ညီအကိုများစွာထဲမှ ပန်းချီဆရာတယောက်ကို သတိရမိ သွား ပါသည်။
သူသည် ထိုစဉ်က လူပျိုကြီးဘဝမှာပင် ရှိသေးပြီး ညနေတိုင်း ဆုံဆည်းလေ့ရှိသော ကျနော်တို့ဝိုင်း ညနေတိုင်လျှင် မနေ့ ညက သူ့အိမ်တွင် သူခင်းကျင်းလေ့ရှိသော ပါဖောင်းမန့်တွေ အကြောင်း သူနှင့် အတူနေများထံမှ တနေ့တမျိုး မရိုးအောင် တဆင့် ပြန်ကြားရကာ ပါးစပ် မစေ့အောင် ရယ်မောကြရလေ့ ရှိပါသည်။
(၂)
ကျနော်သည် သူဒီရေတက်ချိန်ကို စောင့်ပြီး နောက်ပြောင်တတ်လေ့ရှိရာ တနေ့တော့ ကို (…….) ခင်ဗျား အိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလား..ဟူ၍ သူ့နားထဲ ဗုံးခွဲသလို အခံရခက်ဆုံးစကားလုံးကို အချိန်ကိုက် ပစ်သွင်းလိုက်ချိန်တွင်ဟာ…ခနဲဆိုပြီး ပါးစပ်ကို အားယူ၍ မျက်နှာရှေ့တွင် ဖရိုဖရဲ ဝဲကျနေသော ဆံပင်ရှည်များကို ပုခုံးပေါ်ခါတင်လိုက်ကာ စားပွဲကို လက်သီးနဲ့ထုရင်း … ငါ့အချစ်ရေးကို မဟာတံတိုင်းကြီးကွယ်နေတာကွ.. မဟာတံတိုင်းကြီးကွယ်နေတာ ….ဟု တုန်ယင် အက်ကွဲသော ငိုသံပါကြီးဖြင့် အော်ဟစ်လေတော့သည်။ ကျနော်က နေပါဦး.. မဟာတံတိုင်းကြီးက ဘယ်လို လာကွယ်နေ တာတုံး ရှင်းစမ်းပါဦးဆိုပြီး အတင်းချော့မော့မေးတော့မှ ဘယ်မဟာတံတိုင်းကြီး ဖြစ်မလဲ.. ငါ့အမေကွ.. ငါ့အမေဟုဆိုကာ အောက်ပါအတိုင်း ရှင်းပြလေသည်။
(၃)
သူ ပိုးပန်းနေသော မျက်စောင်းထိုးအိမ်မှ ကောင်မလေးမှာ (သူထက်အသက် ထက်ဝက်ငယ်) ရပ်ကွက်နားက ဈေးတွင် ဆိုင်ဖွင့်ထားလေရာ မနက်အစောကြီးထ၍ ဆိုင်ဖွင့်ရန် ဈေးသို့အသွား သူလည်း မနက်အစောကြီး လိုက်ထပြီး ပိုးပန်းရ ရှာလေသည်။ ဖြစ်ချင်တော့ နှစ်ပေါင်းများစွာ မနက် ၁၀ နာရီလောက် အတင်းခေါ်နှိုးမှ အိပ်ရာထလေ့ရှိသော သူသည် ထိုတလောတွင် မနက် နှစ်နာရီခွဲ သုံးနာရီ တိုင်လျှင် ချိုးချိုးချွတ်ချွတ်နှင့် နိုးနေပြီး ရေမိုးထချိုး ဖီးလိမ်းအလှပြင် လုပ်လေရာ များစွာသော ညီအကို မောင်နှမများကြားထဲတွင်မှ ဆိုဆုံးမရအခက်ဆုံး သားကြီးသြရသလည်းဖြစ်သည့် သူ့ အချစ်ဆုံး သားကြီးအား စိတ်မချဖြစ်ကာ သူထိုင်လျှင် ထိုင် သူထလျှင် လိုက်ထပြီး အရိပ်အခြေကြည့်၍ နင်ဘယ်သွားမလို့လဲ.. ဘာလုပ်မလို့လဲ.. အချိန်မတော် အခါမတော်ကြီးကို.. စသဖြင့် မေးတန်မေး ပြောတန်ပြော သူသွားလေရာ နောက်ယောင်ခံပြီး လိုက်လံ ချောင်းမြောင်းတန်သည် ချောင်းမြောင်း လုပ်ရရှာလေရာ သူခမျာ အုံပုံးဘဝဖြင့် လွတ်လပ်စွာ ပိုးမရ ပန်းမရ…။ သူ့အချစ်ရေးတွင် မဟာတံတိုင်းကြီး ကား အတိုင်းအဆမရှိ ကာဆီးကာ နေလေတော့၏။
(၄)
တညတွင်တော့ သူစားဖို့ ထမင်းဝိုင်းကို ပြင်ဆင်ပေးပြီး ဘေးနားက ယပ်တဖျပ်ဖျပ် ခတ်ပေးလျက် သူ့သားကြီးမျက်နှာကို တစိမ့်စိမ့်ကြည့်နေရှာသော အမေအိုကြီးအား သူသည် ဒီထမင်းဝိုင်းအား ဆက်၍မစားနိုင်တော့ကြောင်း မျက်၇ည် လည်ရွှဲဖြင့် ဆန္ဒပြ ဆူပူလေတော့သည်။ ပြသနာကား တခြားမဟုတ်။ သူသည် ပန်းချီဆရာ ရင့်မာကြီးဖြစ်လျက်နှင့် ဒီအရွယ်သို့ ရောက်သည့်တိုင်အောင် ပင်လယ်ကို တကြိမ်တခါမျှ မမြင်ဖူး မတွေ့ဖူးသောကြောင့် ဟူ၏။ အမေအိုကြီးကား မျက်စေ့ သူငယ်ဖြင့် ပင်လယ်မတွေ့ဖူး၍ ငိုယိုအော်ဟစ်နေသော သူ့သားကြီး သြရသအား မျက်ရည်တွေကြားက ငေးကြည့်ရင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက်..။
(၅)
ထိုသတင်းကို ကျနော်တို့ ပုသိမ်အိမ်ချင်း ကပ်လျက် သခင်စိန်မောင်သား နို့ညှာကောင် ကိုအောင်ကို ကြားတော့ အတော် လေး စိတ်မကောင်း.။ ကိုအောင်ကို မင်္ဂလာဆောင်၍ ချောင်းသာဘက်သို့ သူတို့ပူပူနွေးနွေးလင်မယား ဟန်နီးမွန်းထွက်လေ သော် အခွင့်ကြုံပြီဆိုကာ ကဗျာဆရာလူအိမ်နှင့်အတူ ခုအသက်အရွယ်အထိ ပန်းချီဆရာရင့်မကြီးဖြစ်ပြီး ပင်လယ်မတွေ့ဖူး သေးသော သူ့အား အတူခေါ်သွားကာ ပင်လယ် မြင်ဖူးအောင် ပြရှာ၏။
ပင်လယ်မြင်ဖူးပြီး ပြန်လာတော့လည်း သူခမျာ အရာရာနှင့် အကြောင်းအကြောင်း..။ ပုသိမ်တဖက်ကမ်း ကဗျာဆရာလူအိမ်တို့ ရွာသို့ လိုက်လည်လေရာ တနေ့ခင်း ရွာလမ်းမကြီးအတိုင်း ဆံပင်ဖားလျားချကာ လျှောက်လာသော သူတို့နှစ်ယောက်နှင့် ကျောင်းဆင်းချိန် အိမ်ပြန်လာသော ကလေးတသိုက်တို့ ရွာလည်လမ်းမကြီး အလယ်တွင် ပက်ပင်း တိုးမိကြလေ၏။ ထိုကလေးတို့ သည် သူတို့ကိုမြင်လေသော် လာလမ်းအတိုင်း ဆက်မသွားတော့ပဲ သူတို့ နှစ်ယောက်နောက်သို့ အုပ်စုလိုက် ကြီး လေးဖြူ.. လေးဖြူ.. ဆိုပြီး လိုက်လံအော်ဟစ်လေရာ နီးစပ်၇ာ အိမ်တအိမ်ပေါ်သို့ တက်ပြေးရင်း ကလေးများရှင်းသည် အထိ ထိုအိမ်ပေါ်တွင် ချောင်းမြောင်းပုန်းအောင်း နေရရှာလေသည်။
(၆)
နောက်နေ့ ညနေဝိုင်းတွင် သူ့မနေ့ညက ပင်လယ်ဆန္ဒဖော်ထုတ်ပွဲအကြောင်း ကြားကြားချင်းပင် သူမြင်ဖူး ရောက်ဖူးချင်သည့် ပင်လယ်ပြင်အား ကျနော်တို့ တအုပ်လုံးက အလိုလို သိနှင့်ပြီး ဖြစ်လေသည်။
သူ့အမေအိုကြီးနှင့် ကိုအောင်ကိုတို့သိသောပင်လယ်သည် ရေပြင်သက်သက် လှိုင်းတံပိုးများဖြင့် လှေကြီးထိုးရိုးရိုး ပင်လယ် သာ ဖြစ်၍ သူအမှန်တကယ် လက်ပစ် ကူးဖြတ်သွား လိုသည့် ပင်လယ်ပြင်ကြီး သည်ကား သောက်ရင်း ငတ်မပြေနိုင် သော ကိလေသာ မုန်တိုင်းနှင့် လှိုင်းတံပိုးများကြားမှ အနမ်းဖြင့် ရွက်လွှင့်ကူးခတ်သွားရသည့် ဣတ္ထိယ ပင်လယ်ပြင်ကြီး မှတပါး အခြားပင်လယ် မဟုတ်။