ယံဇငြိဏ်း ● ငါ့ကိုလိုက်မရှာနဲ့ ငါထွက်သွားပြီ
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၉
အိမ်ရှေ့ကစားပွဲပေါ်မှာ စာရေးပြီးထားခဲ့လိုက်တယ်
ငါ့ကိုလိုက်မရှာနဲ့ ငါထွက်သွားပြီ
ဒီစာကိုဖတ်ပြီးတဲ့နောက် အရင်ဆုံးပြူးပြူးပြာပြာဖြစ်သွားမယ့်သူက ဘယ်သူဖြစ်မှာပဲ
တစ်ခါတစ်လေ စိတ်ဝင်စားဖို့သိပ်ပြီးမကောင်းတဲ့အရာတွေက ငါတို့အတွက်စိတ်ဝင်စားစရာကောင်းနေပြန်တယ်
ထွက်သွားတာ ဘာနဲ့လဲ …
ဘာအဝတ်အစားဝတ်သွားတာလဲ …
ကျောပိုးအိတ်ရောပါသွားသေးလား …
ပိုက်ဆံတွေရောပါသွားသေးလား …
ပိုက်ဆံဆိုတဲ့နေရာရောက်တော့ခဏရပ်သွားမယ်
တစ်ယောက်ကို တစ်ယောက် အမှတ်မထင်ကြည့်မိလိုက်ကြမယ်
ပြီးမှ ဟန်ဆောင်ပန်းဆောင်နဲ့ အရေးမပါသလိုနေလိုက်မယ်
သိပ်အဝေးကြီးတော့သွားချင်မှသွားမှာပါလို့ ရသေ့စိတ်ဖြေပြောမယ်
ဘာတွေစိတ်ဆိုးစရာရှိလို့ ခုလိုလုပ်ရတာလဲလို့မေးမယ်
ဖုန်းတွေဆက်ပြီးစုံစမ်းကြမယ်
ပြီးတော့ အတင်းတွေ အစုံအစိပြောကြမယ်
ထွက်သွားသူက တနေရာရာရောက်နေပြီ
ကျန်ခဲ့သူတွေက စာကိုဝိုင်းအုံပြီးဖတ်နေကြတုန်းပဲရှိသေးတယ်
ဘာကြောင့်ထွက်သွားတာလဲဆိုတဲ့အဖြေအတိအကျကိုသိသူက
အ,နေတဲ့အသံနဲ့ ငိုရှိုက်နေကောင်းနေမယ်
ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေချင်နေမယ်
သူတို့မီးရှို့ကြတယ်
ငါ စာရေးထားခဲ့တယ်။
ယံဇငြိဏ်း