ဇင်လင်း ● တရုတ် ပိုးလမ်းမစီမံကိန်းဖြတ်ခွင့်ပြုမည်ဆိုလျှင် မြန်မာ့အချုပ်အခြာအာဏာ မပွန်းမပဲ့ရေး သတိရှိဖို့လိုသည်

ဇင်လင်း ● တရုတ် ပိုးလမ်းမစီမံကိန်းဖြတ်ခွင့်ပြုမည်ဆိုလျှင် မြန်မာ့အချုပ်အခြာအာဏာ မပွန်းမပဲ့ရေး သတိရှိဖို့လိုသည်
(မိုးမခ) မတ်လ ၁ဝ၊ ၂ဝ၁၉

၂ဝ၂ဝ ခုနှစ်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းအပေါ်တရုတ်နိုင်ငံအနေဖြင့် အားပေး ထောက် ခံလျှက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့စဉ်ပြောသည်ဟု ဆိုသည်။ ဖေဖော်ဝါရီ ၂၈ ရက်က တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံမြောက်ပိုင်းဒေသနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်းအေးချမ်းမှုရှိစေရေး ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေးရရှိစေလိုသော ဆန္ဒ ရှိနေသည်ကို အထူးပြုဖေါ်ပြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံကို ငြမ်းချမ်းစေလိုသောဆန္ဒရှိကြောင်း ဖေါ်ပြပြောဆိုနေသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ တရုတ်အစိုးရ၏ မဟာ ဗျူဟာမြောက် စီးပွားရေးစီမံကိန်းဖြစ်သော ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြု လျှက် ကုန်သွယ်ရေးလမ်းကြောင်းကြီး ချိတ်ဆက်ဖော်ဆောင်နေသည်။ Belt and Road Initiative-BRI “ရပ်ဝန်းနှင့် ပိုး လမ်းမစီမံကိန်း” ခေတ်သစ်ပိုးလမ်းမအဖြစ် ကမ္ဘာကသိသည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှတဆင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဒေသအထိ ခေတ်သစ်ပိုးလမ်းမက ဖြတ်သန်းမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို တရုတ်က သူ့အကျိုးစီးပွားနှင့် ယှဉ်၍ ငြိမ်းချမ်းစေလိုခြင်း ဖြစ်သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည် ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ၏ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့နံနက် (၁ဝ) နာရီတွင်ကျင်းပရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာ စ ကားပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဦးဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဦးဆောင် ကော် မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ ဧည့်ပရိတ်သတ် အခင်းအကျင်းကို ကြည့်လျှင် BRI စီမံကိန်းဖြန့်ကျက်ထားသည့် နယ်ပယ်အတွင်း မြန်မာနိုင်ငံလည်း မလွှဲသာ မရှောင်သာ ပါဝင်ရမည်မှာ သေချာနေသည့် သဘောဖြစ်သည်။

BRI စီမံကိန်း ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဦးဆောင် အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ကမ္ဘာ့နိုင်ငံ (၆ဝ)ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ် တစ်ခုဖြစ်ကြောင်း ရှင်းပြသည်။ ပထဝီ အနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့် နေရာ၌ တည်ရှိနေသည့်အတွက် ပါဝင် ဆောင်ရွက်သွားရန်ရှိသည်ဟု ဆိုသည်။  ပူးပေါင်း ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသအတွက်လည်း အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်း များ ပေါ်ပေါက်လာစေနိုင်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ သို့သော် စီမံကိန်းများဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတ ဖြစ်ရေးအတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ဆောင်ရွက်သွားရန် လိုအပ် သည်ဟု ပြောဆိုသည်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း BRI အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်” နှင့်အညီ ဆောင်ရွက်သွားရန် လိုသည်ဟု ပြောကြားသည်။  စီမံကိန်းများ ဆောင်ရွက်ရာ တွင် ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားရန် လိုကြောင်းလည်း ၄င်းက ပြောကြားသည်။ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်တွင် ဆောင်ရွက် မည့် စီမံကိန်းများသည် မိမိတို့နိုင်ငံ၏ အမျိုးသား စီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေမှုရှိရန် လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

မကြာသေးမီက သမိုင်းနောက်ခံ ဖြစ်စဉ်တစ်ရပ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် သမ္မတ Xi Jinping တို့ ၂ဝ၁၇ ဒီဇင်ဘာလတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (China-Myanmar Economic Corridor) ထူထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြပြီး၊ ရထားလမ်းနှင့် ကားလမ်းများ ဖေါက် လုပ်ရေး စီမံကိန်းကိစ္စများလည်းပါသည်ဟု Nikkei သတင်းက ဖော်ပြခဲ့ဖူးသည်။ ထိုစီမံကိန်းများကို အကောင် အထည်ဖေါ် မည်ဆိုပါက မြန်မာနိုင်ငံသည် တရုတ်၏ ကြွေးမြီရွှံ့နွံအိုင်ထဲမှ ရုန်းမထွက်သာ ဖြစ်သွားနိုင်ကြောင်း  Nikkei Asian Review သတင်းဌာနက ဝေဖန် သုံးသပ်ခဲ့ဖူးသည်။

၂ဝ၁၈ ဇူလိုင် ၇ ရက်နေ့ မဇ္ဈိမသတင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု သတင်းဖေါ်ပြခဲ့ဖူးသည်။  အလားအလာ ကောင်း၍ သဘောတူညီချက်ရရှိပြီးဖြစ်သောကြောင့်  မကြာမီလုပ်ငန်းများ စတင်သွားရန် စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြောင်း သတင်းအရ သိရသည်။

“ကျောက်ဖြူရေနက်စီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပြီးတော့ အရင်အစိုးရများထဲက ဆုံးဖြတ်ချက်က ရှိပါ တယ်။ အခုကျောက်ဖြူ စီမံကိန်းကို ပြန်လည်သုံးသပ်တာမဟုတ်ပါဘူး။ ညှိနှိုင်းတာဖြစ်ပါတယ်။ သဘောတူညှိနှိုင်းမှုတွေက အတော်လေး အလားအလာကောင်းပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ သဘောတူညီချက်ရပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။” ဟု ဒေါက်တာသန်းမြင့် ကပြောကြားသည်။

ကျောက်ဖြူရေနက်စီမံကိန်းကို လုပ်ဆောင်ရာတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့ နှစ်ဖက်အပြန်အလှန် အကျိုးမျှတမှုရှိရေး ရှုထောင့်မှ ချဉ်းကပ်သည်ဟု ဆိုသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများဖေါ်ဆောင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ကျောက်ဖြူရေနက်စီမံကိန်းကို ဆောင် ရွက်ရာတွင် ရင်းနှီးမြုပ်နှံမှုကြီးမားမှု၊ စီမံခန့်ခွဲရေး စည်းမျဉ်းများ၊ စသည်တို့ကိုလည်း စဉ်းစားကြောင်း၊ စဉ်းစားရာ၌ ယင်းဆိပ်ကမ်းကို တစ်ချီတည်းနှင့် လုံးဝဥဿုံ အပြီးတည်ဆောက်မည့် သဘောမဟုတ်ဘဲ၊ အပိုင်းလိုက်၊ အပိုင်းလိုက် တည်ဆောက်သွားရန် နှစ်ဦးနှစ်ဖက်သဘောတူထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။ အဆိုပါ စီမံကိန်းတွင်  ပြည်တွင်းမှ တိုင်းရင်သားလုပ်ငန်းရှင်များပါဝင်မှု၊ အစိုးရ စီမံခန့်ခွဲနိုင်မှုနှင့် တရုတ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု များဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိ NLD အစိုးရ၏ တရုတ်ပြည်ဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ အခြေအနေအရပ်ရပ်ကြောင့် အလျော့ပေး ဆက်ဆံနေ သလားဟု မေးခွန်းထုတ်စရာများ ရှိနေသည်။ အထူးသဖြင့် အနောက်နိုင်ငံများက ရခိုင်ပြဿနာကြောင့် စီပွားရေး ရင်းနှီး မြှုပ်နှံမှု လုပ်ရန် နောက်တွန့်နေကြချိန်တွင် တရုတ်ရင်းနှီမြှုပ်နှံမှုများကို မြန်မာက ဈေးမကိုင်ရဲဘဲ ဖိတ်ခေါ်နေရသည်။ ‘တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ’ ဆိုသည့် သုတေသနစာတမ်း၌ စာတမ်း ရှင် ‘ခင်ခင်ကျော်ကြီး’ က ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် ဆက်ဆံရာ၌ ဘေဂျင်းအစိုးရ မကျေမနပ်ဖြစ်စေမည့် အပြုအမူမျိုးကို သတိထား ရှောင်ရှားလေ့ရှိသည်ဟု သုံးသပ်ထားသည်။ ၂ဝ၁၆ သြဂုတ်လ ဒေါ်အောင်ဆန်းစု ကြည်၏ တရုတ်ခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြန်မာက တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလက်ခံခဲ့ပြီး၊ ထိုင်ဝမ် အရေး၊ တိဘက်အရေးနှင့် ရှင်းကျန်းအရေးတို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို နားလည် ထောက်ခံကြောင်း ဖေါ်ပြခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း- One Belt One Road – နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြကိုလည်း ထောက်ခံခဲ့သည်ဟု ဆိုထားသည်။ ထို့ကြောင့် တရုတ် အကျိုးစီးပွားဆိုင်ရာ ကိစ္စ များကို မြန်မာက သတိကြီးစွာထား၍ကိုင်တွယ်နေကြောင်း ပေါ်လွင်သည်ဟု စာတမ်းရှင်က  သုံးသပ်ထားသည်ကို တွေ့ရ သည်။

တရုတ်သည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ပိုင်ဆိုင်ရရှိထားသူ ဖြစ်သည်။ စီးပွားရေးအရလည်း မဟာအင်အားကြီး နိုင်ငံဖြစ်လာရေးအတွက် ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (BRI) ကို တွန်းတွန်းတိုက်တိုက် အကောင် အထည်ဖေါ်နေသည်။ လာမည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) အောက်တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် မိမိတို့ နိုင်ငံ၏ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေမှု ရှိရန်လိုအပ်သဖြင့် တရုတ်နှင့် စီးပွားရေးစာချုပ်များ ချုပ်ဆိုရာ၌ အထူးသတိထားဖို့လိုပေလိမ့်မည်။ မြန်မာ့ သယံဇာတ အတော်များများ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း တရုတ်နိုင်ငံက အချောင်နှိုက်ယူခဲ့သဖြင့် အတော် ပင် ဆုံးရှုံးခဲ့ပြီးဖြစ်သည်ကို ပြည်သူအတော်များများ သိကြသည်။ သစ်တောများ ပြန်လည် စိမ်းလန်းလာစေရန် လက်ရှိ အစိုးရက ယခုမှ ပြန်လည် ပျိုးထောင်မှု လုပ်ကာစ ရှိသေးသည်။ အခြား ကျောက်စိမ်း ဒေသ၊ ကြေးနီ တောင်များဒေသ၊ ပယင်းနှင့် ရွှေထွက်ရာဒေသ၊ မြစ်ကြောင်းများတလျှောက် ရေအားလျှပ်စစ် ထုတ်ယူမည့် နေရာဒေသများ၊ နိကယ်ထုတ်ယူ ရာဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း စိုက်ပျိုးမြေများ ငှားရန်းထားရာ ဒေသများ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင် လုပ်ကိုင်နေမှု အစုစုသည် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် မညီကြောင်း သတင်းများတွင် မကြာမကြာတွေ့နေရသည်။ MOU ရေးထိုးလုပ်ကိုင်နေသော တရုတ်ကုမ္ပနီလုပ်ငန်းများကို သေချာစိစစ်ပါက၊ တရားမဝင် တရုတ်နိုင်ငံသားများကို ခေါ် သွင်းလာနေကြောင်း မြင်နေကြရသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးမှု အားနည်းချက်နှင့် အဂတိလိုက်စားမှု မထိန်းချုပ်နိုင်မှု စသည်တို့ကို အခွင့်ကောင်းယူကာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စီးပွားရေးလုပ်ကွက်များကို ဝင်ရောက် ထိန်းချုပ်လာနေသည်။ မြန်မာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအနေဖြင့် လာဘ်ပေး လာဘ် ယူအကျင့်ဟောင်းကို မစွန့်လွှတ်နိုင်ကြလျှင် ရေရှည်တွင် အချုပ်အခြာအာဏာကို ထိပါးနိုင်ပေသည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ပေါ်ထွက်ခဲ့သည့်သတင်းများအရ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ပူးတွဲ စီမံကိန်း ဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ရှယ်ယာ ပိုင်ဆိုင်မှု ၈၅% အထိရရှိရန် တရုတ် အစိုးရက ကြိုးပမ်းနေသည်ဟု ဆိုသည်။ ဒေါ်လာ သန်း ၇,၃ဝဝ တန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ရာခိုင်နှုန်း အများစုကို ပိုင်ဆိုင်နိုင်ရန် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဆောင်ရွက်နေကြောင်းကို ဖော်ပြထားသည့် စာရွက်စာတမ်းများ တွေ့ ထားသည်ဟု ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့သည်။ မြန်မာ အစိုးရက ၂ဝ၁၆ ခုနှစ် ကတည်းက အကြံပြုထားသည့် ညီတူ ညီမျှ ၅ဝ-၅ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ရေး အကြံပြုချက်ကို တရုတ်ကုမ္ပဏီဘက်က လက်မခံခဲ့ဟုဆိုသည်။ CITIC ကုမ္ပဏီက ၇ဝ% မှ ၈၅% အထိ ပိုင်ဆိုင်ခွင့် ပေးရန် တောင်းဆိုခဲ့ကြောင်း ၂ဝ၁၇ မေလ ၅ ရက်နေ့ ဘီဘီစီသတင်းတွင် ဖေါ်ပြခဲ့ဖူး သည်။

ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက် မိုးရာသီ တွင် လယ်ကွင်းများအတွင်းသို့ တောင်ကျရွှံ့ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူများက ပြောဖူးသည်။ ၎င်း လယ်မြေများအတွက် လျော်ကြေးငွေအပြတ်ပေးရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာန-တာဝန်ရှိသူများက တောင်သူများထံ လာရောက်ညှိနှိုင်းသဖြင့် တောင်သူများက ငါးနှစ်စာ လျော်ကြေး ပေးရန် တောင်းဆိုခဲ့ဖူးသည်ဟု ဆိုသည်။  မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းသည် မဒေးကျွန်းမှ စတင်၍၊ ဓာတ်ငွေ့ ပိုက် လိုင်းသည် ကျောက် ဖြူမြို့နယ်မှ စတင် တည်ဆောက်ထားသည်။ ထို ပိုက်လိုင်း ၂ သွယ်သည် ရခိုင်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းဖောက်လုပ်ထားသည်။ ရေနံစိမ်းပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာရှည်လျားသည်။ ၎င်းးစီမံကိန်းကို မြန်မာနိုင်ငံအစိုးရ၊ တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခု ရင်းနှီးမြှုပ်နှံထားကြောင်း မီဒီယာသတင်းများအရ သိရသည်။ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း များ ကြုံတွေ့ရသော်လည်း ပိုက်လိုင်းမှရရှိသည့် အကျိုးအမြတ်များကို ဒေသခံများ ခံစားရခြင်းမရှိကြောင်း “ရွှေ သဘာဝ ဓာတ်ငွေ့လှုပ်ရှားသူ များအဖွဲ့” (The SHWE Gas Movement) က အစီရင်ခံစာထုတ်ပြန်ခဲ့ဖူးသည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်သစ် ပိုးလမ်းမစီမံကိန်းကို မလွှဲသာ မရှောင်သာ လက်ခံရတော့မည်ဆိုသောကြောင့် တရုတ်၏ ဘဏ္ဍာငွေကြေး စိုက်ထုတ်မှုအပေါ် မှီခိုရတော့မည်ဖြစ်သည်။ ယင်းသို့ မှီခိုရသဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် သည်။ ထို့ကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံများကို ဦးစွာ လေ့လာ သင့်သည်။ မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများ၊ လုပ်ငန်း စဉ်များကို မှန်ကန်စွာ စိစစ်ရွေးချယ်နိုင်ရန် ဂရုပြုရမည်။ BRI အစီအစဉ်ကို ကြီးကြပ်ကွပ်ကဲရေး၊ အကောင်အထည်ဖော်ရေး တို့အတွက် ဖွဲ့စည်းမည့် ကော်မတီအသီးသီးသည် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာ၌ အချိတ်အဆက်မိမိ ညှိနှိုင်း ဆောင်ရွက်ဖို့ လည်း လိုမည်။ အထူးသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းနှင့်ပြည်နယ် ဒေသကြီး အစိုးရအဖွဲ့များ အကြား ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးသည်။ တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း (BRI) မြန်မာပိုင်နက် အတွင်း တရားဝင် ဖြတ်သန်းခြင်းမပြုမီ အစိုးရ၊ လွှတ်တော် အရပ်ရပ်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ သတင်းမီဒီယာများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံရေးသတိ စီးပွားရေးသတိ အထူးရှိကြရပါလိမ့်မည်။ တရုတ်ကုမ္ပဏီများဘက်က ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် တကွ ကျင့်ဝတ်များ လိုက်နာစေရန် ဝိုင်းဝန်းထိန်းကျောင်းရပါမည်။ BRI စီမံကိန်းများကို MOU ရေးထိုးတော့မည်ဆိုလျှင် ပြည်သူအား မြင်သာထင်သာ အသိပေးဖိုလိုသည်။ အစိုးရအနေဖြင့် BRI စီမံကိန်း ဆိုင်ရာ MOU စာချုပ်များ လက်မှတ် မထိုးမှီ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်နယ်/တိုင်း အစိုးရ အသီးသီးတို့ကလည်း စေ့စေ့စပ်စပ် အကျိုးအပြစ်များ ကို ဆန်းစစ်လေ့လာ သုံးသပ်ဖို့လိုသည်။ သတင်းမီဒီယာများကိုလည်း လွတ်လပ်စွာသတင်းယူခွင့် တွေ့ဆုံမေးမြန်းခွင့်ပေးဖို့ လိုသည်။ နိုင်ငံရေး စီးပွားရေး သြဇာချဲ့ထွင်လာမည့် တရုတ်နိုင်ငံ၏ စီးပွားရေးစီမံကိန်းများအောက်တွင် မြန်မာတို့ အချုပ် အခြာအာဏာ ပွန်းပဲ့မှု မရှိစေရန် စောင့်ကြည့်ကြရမည့် တာဝန်ရှိနေပြီဟု နှိုးဆော်လိုပါသည်။

9 March 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး။