ရသဆောင်းပါးစုံ သာထက်အောင် ရေခြားမြေခြား မြန်မာများ

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ စိတ်ရောင်စုံ (၃)

သာထက်အောင် ● လူရောင်စုံ၊  ဘဝရောင်စုံ၊  စိတ်ရောင်စုံ (၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊  ၂ဝ၁၉


ဆောင်း။  ရန်ကုန်ဆောင်း……။ နှင်းမကျ၊ မြူမမြင်၊ အနွေးထည်တင်စရာမလိုတော့တဲ့ ဆောင်းမဆန်တော့တဲ့ ရန်ကုန် ဆောင်း။ ရန်ကုန်မှာ ဆောင်းပျောက်တာကြာပြီလို့ ကြားစကမယုံ။  ခုတော့ ကိုယ်တွေ့ကြုံရပြီ။ တနေ့ရေ ၂ ခါချိုးရ၊ တညလုံး အဲယားကွန်းဖွင့်အိပ်ရ၊ ဟိုနား သည်နားသွား ချွေးတလုံးလုံး။ ကဆုန် နယုန် စွေ့စွေ့ခုန်တဲ့ရာသီဆို စဉ်းတောင်မစဉ်းစားရဲ။   “ဒီလိုပဲ နေရတာပေါ့၊ နွေကျ မီးကလည်း မကြာ မကြာ ပျက်သကွ။ ပန်ကာဖွင့်မရ၊ အဲယားကွန်းဖွင့်မရ။ ရေတင်လို့မရ၊ ခြင် ကကိုက် ယပ်တောင်လေး တဖျပ်ဖျပ်နဲ့၊ ဒီလိုဒုက္ခမျိုးက ကြုံဖူးသူမှ ခံစားနားလည်နိုင်တာပါ” ကျွန်တော့်အကိုက သူ့ချွေးစို နေတဲ့ စွပ်ကျယ်အင်္ကျီလဲရင်း ရန်ကုန်နွေရဲ့ လောကငရဲခံစားမှုကို ညည်းပြတော့ ကျွန်တော်လည်း သက်ပြင်းချရုံမှတပါး ဘာမှ မတတ်နိုင်။ ဒါပေမယ့် ကျွန်တော်ပဲမျက်စိမှောက်ပြီး အဖတ်မှားသလား၊ ဦးနှောက်ကပဲ အမှတ်မှားသလားတော့မသိဘူး၊ ရန်ကုန်တိုင်းဝကခကပြောဆိုပဲ၊ ရန်ကုန်ဟာနေပျော်တဲ့ နေချင့်စဖွယ်မြို့ကြီးဖြစ်လာပြီတဲ့။ ဘယ်သတ်မှတ်စံတွေဘယ် အ ခြေခံအချက်အလက်တွေအပေါ့။

အဘယ်ကမ္ဘာ့မြို့တော်ကြီးတွေနဲ့ ယှဉ်ပြီးပြောသလဲတော့မသိဘူး။ လက်ရှိ မဟာရန်ကုန်ကတော့ ကျိုးပဲ့နေတဲ့ပလက်ဖေါင်း တွေ၊ ပုပ်ပွနံစော်နေတဲ့လမ်းဘေးအမှိုက်ပုံတွေ ၊ ကိုက်တတ်တဲ့ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့်တွေ၊ မြို့ကျက်သရေကိုမဲ့စေတဲ့သူ တောင်းစားတွေ၊ လမ်းလျှောက်စရာနေရာမရှိလောက်အောင်ပိတ်ဆို့နေတဲ့ လမ်းဘေးဈေးသည်တွေ၊ စည်းကမ်းမဲ့မောင်း နေတဲ့ယာဉ်တွေ၊ အများပြည်သူ နားမချမ်းသာအောင် တဂွီဂွီမြည်နေတဲ့ လော်စပီကာတွေ၊ ခြင်အများပျော်စံရာ ရေ မစီးတဲ့မြောင်းပုပ်တွေ၊ ညဆို တယောက်တည်းမထွက်ရဲလောက်အောင် လုံခြုံမှုကင်းမဲ့နေတာတွေ၊ မူးယစ်ဆေး၊ ၂ လုံး ၃ လုံး၊ ဘောလုံး၊ ကာရာအိုကေ မာဆတ် မာစွတ်တွေနဲ့ အကွပ်မဲ့ကြမ်းဖြစ်နေတာတွေကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် မဖြေ ရှင်းနိုင်သေးပဲ ရန်ကုန်ဟာ နေပျော်ဖွယ်မြို့ကြီးဖြစ်ပါတယ်လို့ ဘယ်လိုပုဂ္ဂိုလ်မျိုးကပဲပြောပြော လက်တွေ့မကျ ပြည်သူနဲ့ ကင်းကွာတဲ့ အမြင် အပြောမို့ လက်ခံနိုင်ဖွယ်မရှိပါဘူး။ မြန်မာလူမျိုးတွေရဲ့အားနည်းချက်အတော်များများမှာ မွေးရာပါ ဝသီ လားတော့ မပြောတတ်ဘူး။ အလုပ်ထက် အပြောကရှေ့ရောက်နေပြီး ပိုမောက်လွန်ကဲစွာပြောတတ်ကြလို့ လူရီစရာဖြစ်ခဲ့ ပေါင်းများလှပါပြီ။ ဥပမာ… မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်တို့၊ နောင်ဘယ်နှနှစ်မှာ စင်ကာပူကျော်ရမည်တို့၊ ကမ္ဘာမှာ အလှဆုံးတိုင်းပြည်တို့။ ခုချိန်ဟာ ဝါးလုံးခေါင်းထဲမှာ ကိုယ့်ဝပ်ကျင်းလေးထဲမှာပဲ အဟုတ်ကြီးထင်နေလို့မရတော့ပါဘူး။ ကိုယ့်နွားကိုယ် ချောတယ်ပြောရုံနဲ့ တကယ့်နွားချောကြီးဖြစ်မလာပါဘူး။

စစ်ကြီးပြီးစ ဂျပန်တွေ တိုင်းပြည်ပြန်လည်ထူထောင်တုန်းက သူတို့ထားတဲ့စိတ်ဓါတ်မျိုး၊ သူတို့ဇွဲ လုံလဝိရိယမျိုးရဲ့တဝက် ကျွန်တော်တို့မရှိခဲ့ပဲ အကြွားသန်ရုံလောက်နဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကနေ့ စင်ကာပူ၊ ကျွန်းနိုင်ငံလေး။ ဘာ သယံဇာတမှမထွက်တဲ့ တံငါမြို့လေး။ ဟော… အခုကမ္ဘာ့အချမ်းသာဆုံး ၅ နိုင်ငံထဲစာရင်းဝင်သွားပြီ။ သယံဇာတတွေပေါ်ဖင် ခုထိုင်ထားတဲ့ ရွှေပြည်ကြီး။ ကမ္ဘာ့အဆင်းရဲဆုံနိုင်ငံစာရင်းက ရုန်းမထွက်နိုင်သေးဘူး။ ဘယ်နေရာမှာ ဘာတွေညံ့နေသလဲ အဖြေရှာသင့်ပြီ။ အာဏာရထားသူကလည်း သူ့အာဏာ လက်မလွှတ်ရရေးကို ရှေ့တန်းတင်တယ်။ အာဏာလက်လွှတ် လိုက်ရတဲ့အဖွဲ့ကလည်း အာဏာပြန်ရရေးအတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့အသိပဲရှိတယ်။ စစ်အာဏာရှင်ဒဏ် နှစ်ပေါင်း များစွာခံလိုက်ရတော့ လူတွေရဲ့အတွေးအခေါ် ပညာအရည်အချင်း၊ ကိုယ်ကျင့်တရားတွေ နိမ့်ကျပျက်စီးပြီး တိုင်းပြည်ကြီးပွား ဖို့ထက် ကိုယ်မိသားစုအနေအစားချောင်ဖို့လောက်ပဲ စဉ်းစားလာကြတာ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။ ဘယ်တိုင်းပြည် မှ လူချွန်လူတော်လူကောင်းတွေချည်းပဲ စုနေတယ်ဆိုတာ မရှိပါဘူး။ လူဆိုး လူယုတ် ဝေလေလေ အိယောင်ဝါးဆိုတာ ဘယ်နိုင်ငံမှမကင်းပါဘူး။ အဲ.. အဲဒီလူဆိုးလူယုတ် ဝေလေလေတွေ ရှေ့တန်းရောက်လာပြီဆိုရင်တော့ ..သေချာတယ်၊ အဲဒီနိုင်ငံမျိုး ဆင်းရဲတွင်းက ဘယ်တော့မှမတက်တော့ဘူး။ ရေးလက်စနဲ့ ရေးပါရစေဦး။

ကနေ့ ကမ္ဘာ့မြို့ကြီးတိုင်း ကားလမ်းပိတ်ဆို့တဲ့ပြဿနာရှိကြပါတယ်။ ဒါပေမယ့် စင်ကာပူမှာ Traffic ပြဿနာ ကြီးကြီးမား မား မရှိဘူး။ အဓိကကတော့ စနစ်ပါပဲ။ ဇီးရွက်လောက်ရှိတဲ့စင်ကာပူမြို့မျိုးကို ကားဖိုးတတ်နိုင်တိုင်း ကားဝယ်ခွင့်ပြုလိုက်ရင် စင်ကာပူမှာ ခြေချစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။ ဒီတော့ အစိုးရက စနစ်တခုဖန်တီးရတယ်။ ကားဝယ်ချင်ရင် ကားဝယ် ခွင့် ပါမစ်တစောင်ရှိရမယ်။ ကားအင်ဂျင်အကြီးအသေး၊ ကားအဟောင်းအသစ်တွေပေါ်မူတည်ပြီး ပါမစ်တစောင် ၂ သောင်း ၃ သောင်းကနေပြီး ၇ သောင်း ၈ သောင်းအထိရှိတယ်။ အဲဒီပါမစ်ရဲ့သက်တမ်းက ၁ဝ နှစ်ပဲရှိတာမို့ ကားအသစ်တစီးဝယ်ပြီးသံချေးကိုက်အောင်မောင်းမယ်လို့တော့ စိတ်မကူးနဲ့။ ၁ဝ နှစ်ပြည့်ရင်ပြီးပြီ။ သက်တမ်းကုန်ပြီ။ ဆက်စီးချင်သေးရင် ပါမစ် အသစ်ထပ်ဝယ်။ ကားတစီးရဲ့တန်ဖိုးကလည်း ဆစ်ဒနီမှာ ၃ သောင်းမပြည့်တဲ့ Toyota ကားမျိုးကို စင်ကာပူမှာဝယ်ရင် ၅ သောင်းအထက်မှာရှိတယ်။ ဒီတော့ ပါမစ်နဲ့ ကားဖိုးပေါင်းရင် ကားအသစ်တစီးဝယ်စီးချင်ရင် ဒေါ်လာတသိန်းကျော်မရှိပဲနဲ့ စိတ်ကူးယဉ်လို့မရဘူး။ ဆိုလိုတာက စင်ကာပူမှာ တော်တော့်လူ ကားမစီးနိုင်ဘူး။ အစိုးရက ကားစီးရေကိုထိန်းချုပ်ထားပြီး ယာ ဉ်ကြောပိတ်ဆို့မှုမဖြစ်ရလေအောင် သူ့နည်းသူ့ဟန်နဲ့ စီမံရတာပဲ။ ကားမရှိမဖြစ်တဲ့သူ၊ အလွန်ချမ်းသာတဲ့သူတွေလောက်ပဲကားဝယ်စီးကြပြီးသာမန်ပြည်သူတွေကတော့ Public transport ကိုပဲ အားထားကြရတယ်။ အစိုးရကလည်း ပြည်သူ တွေစိတ်မညစ်ရလေအောင် ဘတ်စကား ရထားတက်စီ အားလုံးလွယ်ကူအဆင်ပြေအောင် စီစဉ်ပေးထားတယ်။ စင်ကာပူ မှာ လူတွေအိမ်ရှင်မတွေ အလုပ်ကပြန်လာမှ ချက်ဟယ် ပြုတ်ဟယ် မလုပ်ကြတော့ဘူး။ ရပ်ကွက်တိုင်းလိုလိုမှာ  Hawker လို့ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေရှိပြီး ဘီယာကအစ ဟင်းမျိုးစုံတနေရာထဲမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်စားလို့ရတယ်။ ဒီတော့… လမ်းဘေးဈေးသည်ဆိုတာ ရှိဖို့မလိုတော့ဘူး။ ရွှေပြည်ကြီးက ဆရာကြီးများ စီမံခန့်ခွဲပုံကောင်းလိုက်ပုံက ဈေး သည်တွေ ကမ်းနားလမ်းဖက်ပို့လိုက်တော့ ဆိုင်တွေခမျာ ကျီးနဲ့ဖုတ်ဖုတ်။ ဟိုတုန်းကစည်ကားလှတဲ့ လေဟာပြင် ညဈေးကို လမ်းမိသေးတော့။

ခရီးပမ်းလာပြီး နွမ်းနယ်ပုံရတဲ့ကျွန်တော့်ကိုကြည့်ပြီး ကျွန်တော့်အကိုက “မင်းအနှိပ်ခံမလားလို့မေးတော့” “သိပ်ကောင်း တာပေါ့” လို့ မဆိုင်းမတွဖြေမိတယ်။ မှန်တာပြော ချမ်းသာပါစေ။ ဘယ်လိုသရိုးသရီစိတ်နဲ့ မှမဟုတ်ပါဘူး။ ညောင်းလွန်း ညာလွန်းလို့ပါ။ ဆစ်ဒနီမှာ အနှိပ်ခံဖို့ စိတ်မကူးရဲပါဘူး။ တရုတ်တွေ ထိုင်းတွေဖွင့်တဲ့မာဆတ်တွေမှာ တကယ်နှိပ်တာမဟုတ်ပဲ ဆီလူးပြီးပွတ်တာ နာရီဝက်ကို ဒေါ်လာ ၃ဝ ပေးရပါတယ်။ အလုပ်ပင်ပမ်းလွန်းလို့ ညောင်းရင် အညာကသယ်လာတဲ့ သစ်သားဘုလုံးနဲ့ ကိုယ့်ဘာသာဖိကြိတ်တွန်းပေတော့ပဲ။

သူတို့ခေါ်သွားတဲ့ တောင်ဥက္ကလာနဲ့ ရန်ကင်းအနီး နှစ်ထပ်တိုက်ကြီး၊ ရှေ့မှာ မိန်းကလေး အလှပြင်ဆိုင်ပြထားပြီး နောက်မှာ တော့ အခန်းပေါင်းများစွာနဲ့ စီးပွားဖြစ်ဖွင့်ထားတဲ့ဆိုင်ကြီးပါ။ တရားဝင်လား တရားမဝင်လားဆိုတာတော့ ကျွန်တော်မသိ။ ကျွန်တော်သတိထားမိသလောက်တော့ မဟာရန်ကုန်မှာ အဖွံ့ဖြိုးအတိုးတက်ဆုံးက ကာရာအိုကေ၊ မာဆတ်နဲ့ ဘီယာဆိုင် တွေပါပဲ။ ရန်ကုန်သားတွေ ဘီယာလည်းကြိုက်တတ် သီချင်းလည်းဆိုတတ်၊ ညောင်းလည်းညောင်းတတ်သကိုး။ တနာရီမှ ကျပ် ၆၀၀၀။ တချို့များ နေ့တိုင်းလာဆိုပဲ။ အနှိပ်ခံရင်းဗဟုသုတအနေနဲ့စပ်စုကြည့်တော့ ၁ နာရီ ၆၀၀၀ ဆိုပေမယ့် သူတို့ကို အလုပ်ရှင်က ၁၂ဝဝပဲ ရှင်းပေးတာတဲ့။ နေစရာ စားစရာပေးထားတယ်။ ပိုင်ရှင်ကလည်း လိုင်းကြေးတွေ ပုလိပ်ကြေးတွေ ဆိုင်ခန်းငှားခတွေနဲ့ဆိုတော့….။ သူတို့ခမျာ ဆိုင်ကပေးတဲ့လုပ်အားခထက် လာအနှိပ်ခံတဲ့ဖေါက်သည်တွေရဲ့ မုန့်ဖိုးကိုပဲ အဓိကထားရတာ။ တချို့ကျ မူးမူးရူးရူးနဲ့ ၁ သောင်း ၂ သောင်းပစ်ပေးတာရှိပေမယ့်  ….အကိုကြီးရယ်…မလွယ်ပါဘူး၊ လက်ကသရမ်းချင်သေးတော့ တော်တော်သည်းခံရတယ်။ အင်း…..လုပ်စားရတာ မလွယ်ပါ့လား။ ပြောရင်း အလုပ်မပျက် နှိပ်နေတဲ့ကောင်မလေးကို အငေးသားကြည့်နေမိတယ်။ ကြည့်ရတာ ရိုးပုံရိုးလက်ပါ၊ တောရုပ်ကလေးတောင် မပျောက် ချင် သေး။ ဝါးခယ်မဘက်ကတဲ့။ အဖမရှိတော့၊ အမေက တောမှာ။ ဒီကရတဲ့ပိုက်ဆံနဲ့ အမေ့ဆေးဖိုး ညီမလေးကျောင်းစရိတ် ထောက်ရတယ်တဲ့။ ဇတ်နာအောင်ပြောနေတာလား တကယ်လားဆိုတာတော့ ကျွန်တော်မသိ။ ကြားရတာစိတ်တော့ မကောင်း။

လူတန်းစားကွာဟမှု သိပ်ကြီးတဲ့နိုင်ငံတွေမှာ၊ အများစုကြီးက ဆင်းရဲတွင်းသိပ်နက်နေရင် လူလူချင်း ခိုင်းစေနှိပ်စက်တတ်ကြပါ တယ်။ လူ့လုပ်အားကိုလည်း ဈေးပေါပေါနဲ့ ရတတ်ကြပါတယ်။ အိမ်ကားဒရိုင်ဘာ ဂေါက်အိတ်ထမ်းတဲ့သူ၊ အိမ်ဖေါ် သြစတေ လျမှာ ရှာလို့မရပါဘူး။ မြန်မြန်ဆန်ဆန်ကြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ ကာရအိုကေနဲ့ အနှိပ်ခန်းယဉ်ကျေးမှုတွေကြောင့် ဘဝပျက် သွားတဲ့ကလေးမလေးတွေရှိသလို အိမ်ထောင်ပျက်သွားတဲ့ အမျိုးသားတွေလည်းအများကြီးတဲ့။ ကြာတော့….လူတွေပဲလေ..။ နှဲ့ပါများတော့ ငြိကုန်ကြတာပေါ့။ ရုပ်ကလေးသနရုပ္ပရှိတော့ ကလေးမလေးခမျာ ငွေနဲ့ အမြှူခံရ၊ ကယ်တင် ရှင်ကြီးသဖွယ်.. အပြောကောင်းသူကိုယုံစားမိတော့ မယားငယ်တွေဖြစ်။ တချို့ ညကြီးသန်းကောင် မူးမူးရူးရူးနဲ့ ရောက်လာ၊ သူမှသူ၊ သူနဲ့မှ အနှိပ်မခံရရင် ခုပဲ လဲသေးတော့မယ့်ပုံမျိုး။ ပြီးတော့ တခေါခေါနဲ့ အိပ်ပျော်။ တချို့ကျ ဘောလုံးပွဲကို တီဗွီကြည့်ရင်း အနှိပ်ခံ၊ ဘေးမှာ ဘီယာပုလင်းနဲ့ လောကစည်းစိမ်အပြည့်ယူရင်း ဘောလုံးပွဲအောင်ရင် ရော့…အင့်ဆို အထပ်လိုက်ပေးခဲ့တော့ ကလေးမလေးတွေကလည်း ဒီလူကြီးလာပါစေပဲ ဆုတောင်းနေတော့တာ။ နောက်တော့ ဇာတ်လမ်း တွေ ရှုပ်ကုန်။

အင်း… …. ခေတ်ရဲ့စနစ်ရဲ့သားကောင်တွေ…။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတဲ့တိုင်းပြည်မျိုးမှာ ဆင်းရဲတဲ့သမီးပျိုလေးတွေရဲ့ ဘဝဟာ ကြိုးတန်းပေါ်လမ်းလျှောက်ရသလို အချိန်မရွေး ယိမ်းယိုင်ပြိုလဲသွားနိုင်တယ်။  စာသံပေသံနဲ့ ကြီးကြီးကျယ်ကျယ် လေးပြောရရင်   “ပစ္စုပ္ပန္နေ အာဟာရ ပရိယေသိက ဒုက္ခ” လက်ရှိဘဝမှာ စားဝတ်နေရေးအတွက် ရှာဖွေဖန်တီးရတဲ့ ပင်ပမ်း ဆင်းရဲခြင်းလို့ပဲ ဆိုကြပါစို့။   ။

(ဆက်ရေးပါဦးမည်)
သာထက်အောင်
၂၅၊ ၂ ၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts