ကျော်ဟုန်း ● စိတ္တဇ အလင်္ကာ ရှင်းတမ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
ကိုယ့်စိတ်ကူးနဲ့ကိုယ်
ရူးနေရတာဆိုတော့
ကိုယ်လိုအရူးတွေ ရှိဖို့လိုအပ်တယ်။
အားမငယ်ပါဘူး
ဗုဒ္ဓရှင်တော်ဘုရားက
လူတွေအားလုံး အရူးတဲ့။
အားမငယ်ပါဘူး
တွေးခေါ်ပညာရှင်တွေ ဖွင့်ဆိုချက်က
အချစ်ဆိုတာ ရူးနှမ်းခြင်းတဲ့။
အားမငယ်ပါဘူး
ဗန်ဂိုးလည်း
သူမွေးသမျှ လျှောမွေးတွေချည်းပဲ
ရုပ်ကြွင်းကျမှ ဆေးဘက်ဝင်သွားတာ။
အားမငယ်ပါဘူး
ဗဂျီအောင်စိုးက သူ့ပန်းချီကို
တပုံ တကျပ်နဲ့
လမ်းဘေးထိုင် ရေးပေးဖူးတယ်။
အားမငယ်ပါဘူး
ပန်းချီဆရာ ခင်မောင်ရင်ခင်မျာ
အလိုက်မသိ ယူငင်ခံရတဲ့ သူ့ချစ်ခြင်းတွေ
ပြုံးပြီး ကြည့်နေရကြိမ် မနည်းဘူးတဲ့။
အားမငယ်ပါဘူး
ဗန်ဂိုးကတော့ အသက်ရှင်စဉ်မှာ
သူရေးသမျှ ပန်းချီကား ထောင်ကျော်ထဲ
တချပ်တည်း ရောင်းရဖူးသတဲ့။
ဗိုက်က တဂွီဂွီအော်မြည်ချိန်တိုင်း
ရူးနှမ်းခြင်းတံတွေးကို
ပြန်မျိုချရင်း နှစ်သိမ့်
ချစ်ခြင်းရဲ့တန်ဖိုးကို
ဘာနဲ့ ဘောင်ခတ်ထားကြပါလိမ့်။
အယူအဆကို အဆ အယူနဲ့ လက်ခံတာ
သဘာဝကျလည်း
မိုးပေါ်ကျ အပ်နဲ့
မြေပြင်ထောင်အပ်ချင်း ထိဖို့
အချိန်သမယကြုံသလိုမျိုး
ကြာနေတတ်ပါသလား။
အဿပြာထက် တန်ဖိုးရှိတဲ့
မြတ်နိုးစွာ ရူးသွပ်ခြင်းကို
ချစ်ခြင်းလို့ ဘာသာမပြန်နိုင်ကြတဲ့ ကြားကာလ
အရူးလို့သာ သမုတ်ခံလိုက်ကြ
ပါရမီဟာ ဇာမဏီသွေးရှိမှ လုပ်နိုင်သကိုး။
တကယ်တော့ ဘာမဆို
ချက်ပေါ်ကို လက်တော်နဲ့ ရစ်သလောက်
လွယ်လို့လား မေးချင်
ကိုယ့် စိတ်နယ်လွန်တွေ
အလင်္ကာမြောက် မမြောက် မသိချင်
ရူးနှမ်းစွာ ချစ်နေဖို့ပဲ
ဆရာ့ ဆရာကြီးတွေလို သိဒ္ဓိတင်မယ်။
ဒါပေမဲ့ လက်တွေ့ကျ
လူလားမြောက်ဖို့ ခပ်ခက်ခက်
အရူးပေါများပေမယ့်
ရူးသွပ်သူရှားတဲ့ လောကပါလေ။။
ကျော်ဟုန်း
၂၀၁၉၊ ၀၂၊ ၁၆