ခေတ်ပြိုင်အတွေ့အကြုံ

မြင့်ကျော် – သေဒဏ်


မြင့်ကျော် – သေဒဏ် 

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉

ဦးကို နီကို လုပ်ကြံပြီး အငှားကားဆရာ ကိုနေဝင်းကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ကြည်လင်းကို သေဒဏ်အမိန့်ချ၊ ဦးကိုနီလုပ်ကြံမှုမှာ စီစဉ်ပါဝင်ခဲ့တဲ့ အောင်ဝင်းဇော်ကို သေဒဏ်ချတယ်ဆိုတဲ့ သတင်းက ဒီနေ့ တနိုင်ငံလုံးက စိတ်ဝင်စားတဲ့ သတင်းဖြစ့်နေပါတယ်။

သေဒဏ် ၊ ကြိုးသမား ၊ ကြိုးစင်တွေက ကျနော့်နဲ့ မစိမ်းပါဘူး၊ မစိမ်းပါဘူးလို့ ဆိုလို့ သေဒဏ်၊ ကြိုးသမားဘဝတွေ ဖြတ်သန်းဖူးတာ မဟုတ်ပါဘူး ၊ ထောင်ကျခဲ့စဉ်က ကြိုးသမားတွေနဲ့ မျက်နှာချင်းဆိုင်နေခဲ့ဖူးတာ အဲဒီခေတ်က အင်းစိန်ထောင်ရဲ့ ကြိုးသမားတွေထားတဲ့ တိုက်မှာ နေခဲ့ဖူးတာ ၊ မော်လမြိုင်ထောင်ရဲ့ ကြိုးတိုက်မှာ လနဲ့ချီ နေခဲ့ဖူးတာတွေကြောင့် ကြိုးမိန့်၊ ကြိုးသမားတွေအကြောင်း အထိုက်အလျောက် ဗဟုသုတ ရှိတဲ့သဘောပါ။

၁၉ ၈၂ ခု အဖမ်းခံရပြီး မော်လမြိုင်ကနေ အင်းစိန်ထောင်ကို စစ်ကြောရေးအတွက် ပို့ခံရတော့ ၂ တိုက်ရဲ့ အခန်း ၃၇ မှာ နေရပါတယ်။ မျက်နှာချင်းဆိုင် အခန်း ၂ ခန်းမှာ ဂွတို ဆိုတဲ့သူ နဲ့ သာဂိဆိုတဲ့ သူ ၂ ဦးက ကြိုးသမားပါ။ သေဒဏ်ကျပြီး အယူခံဝင်ထားတဲ့ သူ နှစ်ဦးပါ၊ ကျနော်ရောက်ပြီး နောက်နေ့သူတို့က အခန်းရှေ့မှာ ခေတ္တလမ်းလျောက်ရင်း ကျနော့်ကို လာမိတ်ဖွဲ့တယ် ဘယ်ကလဲ ဘာဖြစ်တာလဲ ဘာညာ စသဖြင့်ပေါ့၊ကျနော်ကလည်း ပြန်မိတ်ဖွဲ့ပြီး မော်လမြိုင်ရောက်ရင်လည်း လာလည်ပါလို့ ဆိုတော့သူတို့ ၂ ယောက်က ရီကြတယ်၊ ရီပြီး နောက်ဘဝကျမှ လာလည်မယ်လို့ဆိုကြတော့ ကျနော်က ဘာလို့လဲလို့ မေးတော့ သူတို့ ၂ ယောက်က ငါတို့က ကြိုးသမားလေတဲ့၊ အဲတော့မှ ကြိုးသမားမှန်းကျနော် သိလိုက်ရတယ်။

သာဂိက သန်လျင်က မိန်းကလေးတယောက်ကို ရည်းစားစကားလိုက်ပြောတာ လက်မခံဘဲ လူအများရှေ့မှာ ပါးရိုက်လိုက်တာကို စိတ်နာပြီး ဝါးရင်းတုတ်နဲ့ အဲမိန်းကလေးကို ရိုက်လိုက်တာ မိန်းကလေး သေသွားတာကြောင့် သေဒဏ်ကျတာ၊ နောက် ဂွတိုကတော့ ခရမ်းသုံးခွဘက်က သက်ငယ် မုဒိမ်း လူသတ်မှုပါ။

နိုင်ငံရေးပုဒ်မနဲ့ ချုပ်ထားတဲ့ ကျနော်တို့က စကားပြောခွင့်မရှိ ၊ ဘယ်သူနဲ့မှ ဆက်သွယ် စကားပြောခွင့်မရှိပဲ မနက်ည လုံးတီး၊ ပဲဟင်းနဲ့ နိုင်လွန်ဟင်းလို့ခေါ်တဲ့ ဟင်းရွက်ပြုတ်ရေနဲ့ စားနေရချိန်မှာ ကြိုးသမား သူတို့က မနက်ပိုင်း ကြက်သားဟင်း ၊ ထမင်းဖြူ နဲ့ တနေ့ နွားနို့တခွက် လာပေးတာတွေ့တော့ ရောက်ခါစရက်မှာ စိတ်ထဲဖြစ်မိတာ ငါလည်း ကြိုးသမားဖြစ်ရင်ကောင်းမှာပဲလို့ စိတ်ထဲ တောင့်တမိတာပါ။ ထမင်းဖြူနဲ့ ကြက်သားဟင်း အစပ်ကို မနက်မနက် မှာ လာပို့တာမြင်နေရလို့ တခါတခါ ထမင်းဖြူနဲ့ ကြက်သားဟင်းကို တောင့်တရင်း ကြိုးသမားဖြစ်ချင်စိတ် ပေါ်လာမိဖူးတာပါ။

သူတို့ကို တပတ်တခါ ဆေးမှူးက ဆေးလာစစ်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမကောင်း မှတ်တမ်းတင်ပါတယ်။ နေမကောင်းဘူးဆိုတာနဲ့ ချက်ခြင်း ဆေးလာပေးပါတယ်။ ကြိုးမိန့်ချခံထားတဲ့သူတယောက်ကို ကြိုးမိန့်မပေးမီ တခြားပယောဂနဲ့ သေဆုံးမသွားအောင် အကျဉ်းထောင်လက်စွဲအရ ဂရုစိုက်ရတာလို့ နားလည်ရပါတယ်။ သူတို့ ၂ ယောက်က ကျနော်တို့လို တင်းကြပ်တဲ့စည်းကမ်းနဲ့မ ဟုတ်ပဲ အချင်းချင်း စကားပြော လိုက် သီချင်းဆိုလိုက် ဘုရားစာဖတ်လိုက် နဲ့ အချိန်ကုန်ဆုံးအောင်နေကြတာ မှတ်မိပါတယ်။ အင်းစိန်မှာ တလလောက်နေပြီး မော်လမြိုင်ထောင်ပြောင်းလာတော့ နောက်ပိုင်း သူတို့ အယူခံ ဘယ်လိုနေသလဲ မသိရတော့ပါ။ အယူခံက နှစ်နဲ့ချီကြာတယ်လို့ သိရပါတယ် တချို့အမှုမှာ ၂ နှစ်မှ ၄ နှစ်အထိ ကြာတာတွေရှိတယ်လို့ အဲဒီတုန်းက ထောင်ထဲမှာ ကြားသိရဖူးပါတယ်။

အင်းစိန်က ပြောင်းပြီး မော်လမြိုင်ထောင် ရောက်တော့လည်း ၅ (ည) ပုဒ်မ ဖြစ်တာတကြောင်း ကောလိပ်ကျောင်းသားတွေ ဖြစ်တာတကြောင်း ပြင်ပနဲ့ ဆက်သွယ် မှာစိုးတာကြောင့် ကျနော်တို့အမှုမှာ နံပါတ်တစ် တရားခံ ဖြစ်တဲ့ ကျနော့် ကို တယောက်ထဲ သီးခြား ခွဲထားဖို့ ထောက်လှမ်းရေးတွေရဲ့ ညွှန်ကြားချက်အရ ထောင်အာဏာပိုင်တွေက စီစဉ်ပါတယ်။

အဲဒီကာလက မော်လမြိုင်ထောင်မှာ ကြိုးသမားတယောက်မှ မရှိတာကြောင့် မူးယစ်ဆေးဝါးမှု နဲ့ ပစ်ဒဏ်ခံရသူ အမှုရင်ဆိုင်ဆဲသူတွေ ၄၀၊ ၅၀ ကို ကြိုးတိုက်ထဲမှာ သီးသန့်ထားရှိပါတယ်။ ကျနော်မော်လမြိုင်ထောင်ရောက်တဲ့နေ့မှာပဲ သူတို့ကို တခြားအဆောင်ပြောင်းခိုင်းပြီး အခန်း ၂၀ ရှိတဲ့ ကြိုးတိုက်မှာ ကျနော့်တယောက်ထဲကို ထားပါတယ်။

ကြိုးတိုက်မှာ ရှိတဲ့ အခန်း ၂၀ မှာ ၁၀ ခန်းက အခန်းနဲ့ ရေချိုးကန် လမ်းလျှောက်တဲ့ နေရာ သီးခြားတခန်းချင်း အကန့်လိုက် ကာထားပြီး ကျန် ၁၀ ခန်းကိုတော့ အိပ်တဲ့အခန်း သာသီးသန့်ဖြစ်ပြီး ရှေ့မျက်နှာစာကတော့ ၁၀ ခန်းလုံး ဆက်လျက် ဖြစ်ပါတယ်။

ကျနော့်ကို အဲဒီညက အခန်းနံပါတ် ၁၁ မှာ နေရာချပြီး အကျဉ်းသားချင်း ညစောင့်ဘာယာ ၄ ဦးကိုတော့ အခန်း ၁၂မှာ သီးခြား အိပ်စေပါတယ်။ နေ့ဘက်မှာ ဘာယာတွေက သက်ဆိုင်ရာ ဝင်းမှာ အလုပ်ဆင်းကြပြီး တန်းပိတ်ချိန်မှ ကြိုးတိုက်ကိုရောက်လာကြတာပါ။ နေ့ဘက်မှာ ကျနော်နဲ့ တာဝန်ကျ ထောင်ဝန်ထမ်းသာရှိပါတယ်။

ရေချိုးချိန် နဲ့ နေ့ဘက် နာရီဝက် မနက် ၁နာရီ မွန်းလွဲ ၁နာရီ လမ်းလျှောက်ချိန် ဆိုပြီး အခန်းဖွင့်ပေးလို့ တိုက်အနီးအနား ဝန်းကျင် ကိုလိုက်ကြည့်ခွင့်ရပါတယ်။

ကြိုးတိုက်ရဲ့ ထိပ် ထောင်စည်းရိုး အုတ်နံရံ နဘေးမှာ ကြိုးစင်ရှိပါတယ်။ နောက်ဘက် ကြက်လျှာစွန်းသဖွယ် တြိဂံပုံ မြေကွက်ရဲ့ ထောင့်နားမှာ အင်္ဂတေ အုတ်ခုံ နဲ့ အပေါ်မှာ အမဲရောင် ရင်ကွဲ သံပြားနှစ်ချပ်ကို ဟမသွားအောင် မူလီစုပ်ထားတာတွေ့ရပါတယ်။ ကြိုးစင်က ၄၊ ၅ ပေ အမြင့်ရှိပြီး ကြိုးစင်ပေါ်အထိ လှေခါးထစ် အရေအတွက်က ၁၃ ထစ်တိတိရှိပါတယ်။ အင်္ဂလိပ်တွေ တည်ဆောက်ခဲ့ပြီး ၁၉ ၀၅ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ မော်လမြိုင်ထောင်ဟာ အင်္ဂလိပ် ကိုလိုနီ တခြားသော ထောင်တွေနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြိုးစင်ပေါ်က ကြိုးပေးတဲ့ တိုင်တွေကိုတော့ ကြိုးပေးစရာ ရှိမှသာ ပြင်ဆင်ပြီး တပ်ဆင်လေ့ရှိတယ်လို့ဆိုပါတယ်။ မသုံးစွဲတဲ့ကာလတွေမှာ ကြိုးစင်က ခုံနဲ့ သံပြားသာရှိပြီး တိုင်တွေ ကြိုးတွေ မရှိပါ၊  သံပြားရဲ့လက်ယာဘက်မှာ မောင်းဖြုတ်တဲ့ သံလက်ကိုင် ခလုပ်ရှိပါတယ်။ သေဒဏ်ကျသူကို ကြိုးစင်ပေါ်တင် ၊ ကြိုးကွင်းတပ်ပြီး အဆင်သင့်ဖြစ်တဲ့အချိန်မှာ ထောင်ဝန်ထမ်းက အဲဒီမောင်းကို ဆွဲဖြုတ်ရတယ်လို့ လုပ်သက်ရင့် ထောင်ဝန်ထမ်း တွေက ပြောပါတယ်။ အရပ်စကားနဲ့တော့ ဒေါက်ဖြုတ်သူ လို့ခေါ်မယ် ထင်ပါတယ်။

သေဒဏ်ပေးခံရသူ ကြိုးသမားက ရင်ကွဲ သံပြားနှစ်ချပ် ပွင့်သွားတဲ့အခါ အောက်မှာ ၁၀ ပေလောက်နက်တဲ့ အုတ်ကန်ထဲကို အရှိန်နဲ့ကျပြီး သေဆုံးသွားတဲ့သဘောပါ။ အောက်အုတ်ကန်ထဲကို ဆင်းတဲ့လှေခါးလည်း ရှိပါတယ်။ မော်လမြိုင်ထောင်က ကြိုးစင်ကတော့ ၈၂ ခုနှစ် မြင်တွေ့စဉ်မှာ သံပြား ၂ ချပ် ပွင့်ကျလို့ သံပြားဘောင် ဟင်ဂလန် ရိုက်မိတာကြောင့် အင်္ဂတေမှာ သံဟင်ဂလန် အရာ တွေ ထင်နေတာ သတိထားမိပါတယ်။

နောက်ပိုင်း အခန်းပြင်ပမှာ နေရချိန်များလာတဲ့အခါ ညနေခင်းအဆောင် မပိတ်မီမှာ ကျနော်နဲ့ ကျနော့် အမှုတွဲ ကိုကျော်သိန်းတို့ ကြိုးတိုက်နောက်က ကြိုးစင်ပေါ်မှာ သွားထိုင်ပြီး အချိန် တနာရီ တနာရီခွဲ လောက် နေဝင်ချိန်ရှုခင်း နဲ့ မဟာမြတ်မုနိတောင်ပေါ်ဘက် မျှော်ကြည့် ဖူးပါတယ်။ အိမ်ကို စာရေးဖို့ ထောင်ထဲမှာ ကဗျာရေးဖို့ အကြံအဖန်နဲ့မှာထားတဲ့ ဘောပန် ၁ လက် ၂ လက်ကိုလည်း အခန်းမှာ တလာစီလာတဲ့အခါ တွေ့မသွားရအောင် ကြိုးစင်အောက် ဘက် သံဘောင်ကြားသွားဖွက်ခဲ့ဖူးပါတယ်။

မော်လမြိုင်ထောင်မှာတော့ အဲဒီ ၈၂ ခုနှစ် ကျနော်တို့ ရှိစဉ်က ဝန်ထမ်းတွေ ပြောဆိုချက်အရ ကြိုးမပေးတာ ဆယ်စုနှစ်နဲ့ချီရှိနေပြီလို့ဆိုပါတယ်။ ဖဆပလခေတ် ရွေးကောက်ပွဲကာလ တနင်္သာရီတိုင်း ဘက်မှာ ရွေးကောက်ပွဲ ပြိုင်ဘက် အချင်းချင်းလုပ်ကြံသတ်ဖြတ်မှုနဲ့ ကျူးလွန်သူကို ပြစ်မှုထင်ရှားလို့ သေဒဏ်ချမှတ် ကြိုးပေးခဲ့တာ နောက်ဆုံး လို့ဆိုပါတယ်။

ဒါပေမယ့် ဆယ်စုနှစ် ၃ ခုလောက် ကြိုးမပေးခဲ့တဲ့ မော်လမြိုင်ထောင်က ၁၉ ၈၄ ၊ ၈၅ မှာတော့ မော်လမြိုင် ကျိုက်ဖနဲ ရပ်ကွက်က အပျိုကြီး ညီအစ်မ နှစ်ဦးကို သတ်ပြီး အဖိုးတန် ရွှေငွေ တွေယူသွားတဲ့ လူသတ်တရားခံ မောင်မောင်ညိုကို ကြိုးပေးခဲ့တာ ကျနော်တို့ ထောင်က လွတ်ပြီး နှစ်အနည်းငယ် အကြာမှာ ကြားသိရပါတယ်။

ကြိုးပေးခံရစဉ် မောင်မောင်ညိုက အသက်အရွယ် အားဖြင့် ၂၂၊ ၂၃ လောက်ပဲ ရှိပါလိမ့်မယ်၊ လူသတ်မှု ကျူးလွန်စဉ်က အသက် ၁၉ နှစ်သာရှိပါသေးတယ်။ မောင်မောင်ညို အမှုရင်ဆိုင်နေစဉ် ကျနော်တို့ တိုက်ကြီးမှာ လနဲ့ချီ အတူတူနေထိုင် ခဲ့ဖူးပါတယ်။ ထောင်ထဲမှာ အချင်းချင်း စကားပြော ဖလှယ်ကြတော့ သူဘယ်လို သတ်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံပြောပြဖူးပါတယ်။

လုပ်သက်င့်တဲ့ ထောင်ဝန်ထမ်း ပြောဆိုချက်အရတော့ မော်လမြိုင်ကြိုးတိုက်မှာ ကြိုးသမားကို အခန်းထားပုံက နံပါတ်ငယ်တဲ့ဆီကနေ အယူခံရှုံးရင် နံပါတ်ကြီးတဲ့အခန်း ကြိုးစင်နဲ့နီးတဲ့အခန်းကို တဆင့်ချင်း ပြောင်းသွားတယ်လို့ ဆိုပါတယ်၊ ကြိုးစင်နဲ့ နောက်ကျောကပ်လျက် အခန်း နံပါတ် ၂၀ ကတော့ အယူခံ အဆင့်ဆင့် ရှုံးလို့ ကြိုးပေးခံရခါနီး ကြိုးသမားကို ထားတယ်လို့ ဆိုပါတယ်။
ကြိုးပေးတဲ့ အုန်းဆံကြိုးတွေ ဒေါက်တိုင်တွေကို ကြိုးတိုက်ထဲမှာ ရှိတဲ့ မသုံးတဲ့ အခန်းတချို့မှာ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ကျနော်တို့ နေထိုင်စဉ်တော့ တခါမှ ကြည့်ခွင့်မရဖူးပါဘူး။
အယူခံရှုံးပြီး နောက်ဆုံး ကြိုးမပေးမီရက်တွေ၊ နာရီတွေမှာ အချို့က ရုပ်သေးကြိုးပြတ်ဖြစ်သွားတာတွေ တချို့လည်း အနားကပ်ရင် ရန်ပြုတာမျိုး အထိန်းအချုပ်မဲ့သွားတာမျိုးတွေ၊ အချို့ကတော့ တည်တည်ငြိမ်ငြိမ် နဲ့ ကြိုးစင်ပေါ်တက်သွားတာတွေ အမျိုးမျိုးရှိတယ်လို့ အဲဒီတုန်းက ဝါရင့်ထောင်ဝန်ထမ်းတွေ ပြောပြတာ ကြားခဲ့ဖူးပါတယ်။

ကြိုးသမားကို ကြိုးမပေးမီ တရက်အလိုမှာ သူ့ရဲ့နောက်ဆုံး ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ သူ တွေ့လိုသူ ကို တွေ့ခွင့်ပေးတာ သူစားချင်တဲံ အစားအစာကို စီစဉ်ကျွေးမွေးတာ လုပ်ပေးတယ်လို့လည်း ဆိုပါတယ်။
မဆလ လက်ထက်ကတော့ အမည်အားဖြင့် ရွေးကောက်ခံ သမ္မတ ရှိတာမို့ သေဒဏ်ပေးရင် တရားရုံးအဆင့်ဆင့် အယူခံပြီးရင် သမ္မတထံ အယူခံရှိပြီး သေဒဏ်ပစ်ဒဏ်ချမှတ်ခဲ့ကြဖူးပါတယ်
စစ်အစိုးရလက်ထက်မှာတော့ သမ္မတမရှိတော့ တချို့သော ကိစ္စမှာ သေဒဏ်ပေးချင်တာမျိုး ရှိတဲ့အခါ ဥပဒေပြင်ပမှာပဲ ပစ်သတ်လိုက်တဲ့ ကိစ္စတခု ကြားဖူးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် တယောက်က မြို့လည်ကဈေးထဲမှာ ရွှေဆိုင်ကို လက်နက်နဲ့ ဓမြတိုက်သူကို မိပြီး တရားရုံးတင်တာ မျိုး တရားစီရင်တာမျိုး မကြားမိပဲ ဥပဒေပြင်ပမှာပဲ သေဒဏ် စီရင်လိုက်တယ်လို့ ကြားသိခဲ့ရဖူးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts