ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေးခရီးလမ်းပေါ်ရှိ တစ်ဆို့မှုများ ဖယ်ရှားရေး

ဇင်လင်း ● ငြိမ်းချမ်းရေးခရီးလမ်းပေါ်ရှိ တစ်ဆို့မှုများ ဖယ်ရှားရေး
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၉


မျက်မှောက် မြန်မာ့နိုင်ငံရေးအခြေအနေသည် တည်ငြိမ်မှုရရှိရန် အပြင်းအထန် ကြိုးပမ်းအားထုတ်နေရသည့် အနေအထား ဖြစ်သည်။ နှစ်ပေါင်း ၇၀ မျှ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခဲ့သဖြင့် ပြဿနာကို ငြိမ်းချမ်းစွာ ဆွေနွေးဖြေရှင်းလိုသည့်  နိုင်ငံရေး ယဉ်ကျေးမှု မှေးမှိန်နေခဲ့ရသည်။ သို့သော် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီးနောက်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ဘုံသဘောတူညီမှုကို အကောင်းအထည်ဖေါ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုခဲ့ကြသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ‘လိုင်ဇာညီလာခံ’ မှ တာဝန်ပေးအပ်ခံရသော ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ညှိနှိုင်းရေးအဖွဲ့(NCCT) တို့အကြား ၁၇ လခန့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၅ ခုနှစ် မတ်လ ၃၁ တွင် NCA မူကြမ်းကို သဘောတူ လက်မတ်ရေးထိုးနိုင်ခဲ့သည်။ ထို့နောက် UPWC နှင့် SD ခေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင်မြင့် ညှိနှိုင်းရေးအဖွဲ့တို့ ၃ လကြာဆွေးနွေးပြီး၊ အခန်း (၇)ခန်း အပိုဒ် (၃၃)ခုပါ NCA သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

NCA သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက်တွင် တိုက်ပွဲများရပ်သွားသည်မရှိဘဲ၊ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ အမှန်မှာ NCA စာချုပ်သည် ငြိမ်းချမ်းရေးပေါ်ထွန်းလာစေရန် ပဏာမလမ်းခင်းပေးခြင်းသာ ဖြစ်သည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံ ရေးနည်းအရ အေးချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရန် NCA စာချုပ်ဖြင့် အစပျိုးလိုက်ခြင်း ဟု ဆိုရမည်။ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်ထားစေလို သော ရည်ရွယ်ချက်ဖြစ်သည်။ ယင်းသို့အားဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်မှု ရရှိလာပါက ငြိမ်းချမ်းရေးစာချုပ် (Peace Accord) သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

သို့သော် အဖြေကောင်း ထွက်ပေါ်လာခြင်း မရှိခဲ့ဘဲ၊ သောင်မတင်ရေမကျ အခြေအနေဖြင့်သာ နိုင်ငံရေးဆွေးနွေးပွဲများ ရပ်သွားခဲ့ရသော သမိုင်းသက်သေများ ရှိခဲ့သည်။ ထိုဆွေးနွေးပွဲ အဆက်ဆက်တွင် ပြောဆိုဆွေးနွေးညှိနှိုင်းခဲ့ကြဖူးသော အချက်အလက်များ၊ အမြင်သဘောထားများ၊ ပွတ်တိုက်မှုများ၊ ကွဲလွဲချက်များကို ပြန်လှန်လေ့လာလျှင်ပင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အဓိက သဟဇာတ မဖြစ်သည့် အကြောင်းအရာများကို တွေ့မြင်သိရှိနိုင်သည်။ ယင်းအချက်များသည်ပင်လျှင် ငြိမ်းချမ်းရေးနှင့် အနီးအဝေးကို ဖြစ်စေရန် ဖန်တီးခဲ့ကြောင်း တွေ့နိုင်သည်။ ယခု NCA အပစ်ရပ်စာချုပ် သုံးနှစ်ကျော်လွန်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး အလားအလာ မည်သို့ရှိသနည်း။

အထူးသဖြင့် ယခင်ဆယ်စုနှစ်များအတွင် ဆွေးနွေးပွဲပေါင်း မြောက်များစွာ ပြုလုပ်ခဲ့စဉ် ကာလတလျောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်စွန့်ပြီးမှ နိုင်ငံရေးဆွေးနွေးမည်ဟု တပ်မတော်ဘက်က အစဉ်တစိုက် တောင်းဆိုခဲ့သည်။ တိုင်းရင်းသားများဘက်ကလည်း နိုင်ငံရေးတန်းတူခွင့်ရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ အရင် လုပ်ရန်နှင့် နိုင်ငံရေးတန်းတူခွင့် သဘောတူညီမှု ရရှိပြီးမှသာ လက်နက်စွန့်သင့်/မစွန့်သင့် ဆက်ဆွေးနွေးမည်ဟု ဆိုခဲ့ သည်။ မြန်မာနိုင်ငံ၏ မကောင်းသော အစဉ်အလာတခုမှာ လက်နက်စွဲကိုင်ထားသူတို့ကိုသာ နိုင်ငံရေးအရ တန်းတူဆွေး နွေးပွဲ တံခါးများဖွင့်ပေးထားသော်လည်း၊ လက်နက်ကိုင် တပ်ဖွဲ့မရှိသော နိုင်ငံရေးအင်အားစုများအား နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့သည်။ ထို အချက်ကြောင့်ပင် လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေဖြင့် လက်နက်စွန့် ရန် တွန့်ဆုတ်နေကြခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်မရှိလျှင် နိုင်ငံရေးအရ တန်းတူဆက်ဆံနိုင်ခွင့် မရှိသည်ကို သမိုင်း က သက်သေပြခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်တွင် တပ်မတော်ဘက်က တစ်ခုတည်းသောတပ်မတော်ဟူသော မူဝါဒ ချမှတ်ခဲ့သည့်အပေါ် တိုင်းရင်းသားတပ်ဖွဲ့များဘက်က လက်ခံရန် ခက်ခဲနေခြင်းဖြစ်သည်။ ပြည်ထောင်စုမှ ခွဲမထွက်ရေး ဆိုသော အချက်သည်လည်း၊ တိုင်းရင်းသားများဘက်က  တိုင်းရင်းသားတန်းတူ အခွင့်အရေးနှင့် ဖက်ဒရယ် အခြေခံမူ ဆိုင်ရာ ဘုံသဘောထားများ အာမခံချက် မရှိသေးမီ  လက်ခံလိုပုံမရကြောင်း မြင်နေရသည်။

လက်ရှိအခြေအနေတွင် NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအမည်အောက်၌ တတိယ အကြိမ်အထိ ကျင်းပနိုင်ခဲ့သည်။ ယခင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ ယခုအစိုးရနှင့် ၂ ဖွဲ့ NCA စာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မူဝါဒသဘောတူညီချက် ၅၁ ချက်ကို  ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း(၁) နှင့် (၂) အဖြစ် အစုအဖွဲ့အသီးသီး၏ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ NCA သဘောတူစာချုပ်အရဆိုလျှင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲ သဘောတူပြီး နောက်၊ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ”၊ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း” “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် (Union Accord)” ပါ သဘောတူညီချက်များကို အကောင်အထည်ဖေါ်ခြင်း” အစရှိသော နိုင်ငံရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။ လက်ရှိအစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်စေရန် ကြိုးစားလျှက်ရှိသည်ကို မြင်နေရပေသည်။

ဤအတောအတွင်း ငြိမ်းချမ်းရေး ကော်မရှင် PC အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်သည့် အဖွဲ့သည် ဇန္န၀ါရီ ၁၂ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သည့် အဖွဲ့နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းနှင့်မီဒီယာ ကွန်ရက် (NMG) ၌ ဖေါ်ပြသည်။ အလွတ်သဘောဆွေးနွေးပွဲ၌ ဆွေးနွေးမည့်အကြောင်းအရာ သတ်မှတ်ထားခြင်းမရှိသော်လည်း ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းရှာဖွေဆွေးနွေး သွားမည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် PC ၏ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးအောင်စိုး အပါအ၀င် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နှင့် ဦးကျော်လင်းဦးတို့ ပါဝင် ကြောင်း သိရသည်။ ကရင်အမျိုးသား အစည်းအရုံး KNU တွင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်၍ ဗိုလ်မူးကြီး တူးတူးလေး၊ ပဒိုစောတောနီး၊ နော်မေဦး ၊ စောဘောဘိုး ၊စောအယ်ဒိုစိုး တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC အတွင်းရေးမှုး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဒုတိယ စစ်ဦးစီးချူပ် ဗိုလ်ချူပ် ဘောင်ခေး ဦးဆောင်သော အဖွဲ့တို့သည် ငြိမ်းချမ်းရေး တစ်ဆို့မှုများ အဖြေရှာရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန္န၀ါရီလ ၁၄ ရက်နေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ အစည်းအဝေးတွင် အစိုးရ နှင့် တစဆို့မှု ဖြစ်နေသည့် ‘ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ’ (JMC) ကိစ္စ အပါအ၀င် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုကိစ္စများ နှင့် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြသည်ဟု သိရသည်။ ဆွေးနွေးမှု ရလဒ်အနေဖြင့် မကြာမီ နေပြည်တော်၌ RCSS နှင့် NRPC အဖွဲ့တို့ တွေ့ရန်ရှိသည်ဟု ဆိုသည်။ ထို့နောက် တပ်မတော်ျနှင့် သီးသန့် တွေ့ရန်ရှိသည်ဟုလည်း သိရသည်။ ထိုသို့တွေ့ဖြစ်ပါက ငြိမ်းချမ်းရေးတစ်ဆို့နေသည့် ကိစ္စများ တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် Bilateral စာချူပ်ကိစ္စများလည်း ပြန်လည် ဆွေးနွေးရန်ရှိသည်ဟု RCSS အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက NMG သို့ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော် ထိပ်သီး အစည်းအဝေးပြီးသည့် နောက်ပိုင်းတွင် RCSS အဖွဲ့သည် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွင် ပါဝင်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကရင့်အမျိုးသားအစည်းအရုံး KNU ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်ခြင်းမှ ယာယီရပ်ဆိုင်းမည်ဟု ကြေညာခဲ့ သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ရသည်။

အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့PC နှင့် ဒုဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့သည်လည်း ဇန္န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်း၌ ၃ နာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP က ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC အား NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရန် တစ်ဆို့နေသော အချက်များ တင်ပြခဲ့သည်ဟု NMG သတင်းအရ သိရသည်။

“ကျနော်တို့ အဓိကတော့ KNPP ဘက်က အကြောင်း အရာ ၂ ချက်တင်တာပေါ့နော်။ ပထမ တစ်ချက်က မြေပြင် အနေအထား၊ အခုလတ်တလော ၂၀၁၈ ခုနှစ်အတွင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ထိန်းချူပ်တဲ့နယ်မြေမှာ ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ၊ အဲ့ဒီ မြေပြင်အနေအထားကို ဆွေးနွေးဖို့ တင်ထားတယ်။ နောက်တစ်ချက်က KNPP အနေနဲ့ NCA ရေးထိုးနိုင်ဖို့ တစ်ဆို့မှုတွေရှိတော့ အဲ့ဒါတွေကို ဘယ်လိုဖြေလျှော့ပြီးတော့မှ ဆက်ပြီးတော့ သွားနိုင်မလဲ ဆိုတဲ့ အကြောင်းအရာ နှစ်ခုကို ကျနော်တို့အဓိက ဆွေးနွေးတယ်။” ဟု KNPP မှ ပြောရေးဆိုခွင့်ရှိသူ ‘နဲနယ်ပလိုး’ က ပြောကြောင်း သိရသည်။

NCA လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရန် နယ်မြေတွင်း ပြသနာများကို အရင်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရန်၊ လစဉ်ကျင်းပနေသည့် ပြည်နယ်အဆင့် အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် PC မှ ကိုယ်စားလှယ်တစ်ဦး စေလွတ်၍ ညှိနှိုင်းသွားမည်ဟု ဆိုသည်။ ရရှိလာသည့် အခြေအနေပေါ်မူတည်၍ NCA ရေးထိုးနိုင်ရေးကိစ္စများကို ဆက်လက် ညှိနှိုင်း သွားမည်ဟု KNPP ဘက်က ဆိုသည်။ KNPP အဖွဲ့သည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ထိုစဉ်က တပ်မတော် အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ၃ လ အကြာတွင် နှစ်ဖက် အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာမှ သဘောတူညီမှု ပျက်ပြားခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင်  ကယားပြည် နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးနှင့် ဇွန်လ ၉  ရက်နေ့တွင် ပဏာမ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် EAO အဖွဲ့အစည်းဖြစ်သည်။

တချိန်တည်းမှာပင် ငြိမ်းချမ်းရေးကော်မရှင် PC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သည့် KIO ကိုယ်စားလှယ်အဖွဲ့ တို့ ဇန်နဝါရီ ၂၁ ရက်နေ့က တရုတ် နိုင်ငံ ကူမင်းမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း DVB နှင့် 7Day Daily သတင်းများက ဆိုသည်။ လက်ရှိအစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့အကြားပထမအကြိမ် တရားဝင် ဆွေးနွေးပွဲကို မကြာမီ ပြည်တွင်းတစ်နေရာ၌ အမြန်ဆုံးပြုလုပ်ရန် သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က ပြောသည်ဟု 7Day Daily သတင်းအရ သိရသည်။

ဖေါ်ပြပါ အခြေအနေ အခင်းအကျင်းများအရ လက်ရှိအစိုးရအနေဖြင့် တစ်ဆို့မှုများဖြင့် ရပ်တန့်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည် အသက်ဝင်အောင် အလွတ်သဘော ဆွေးနွေးပွဲများဖြင့် ကြိုးစားနေကြောင်း တွေ့ရသည်။  အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs) အားလုံးတွင် ငြိမ်းချမ်းလိုသော သဘောဆန္ဒ ပြင်းပြင်း ပြပြ ရှိနေကြမှသာ တပြည်လုံး စစ်ရပ်စဲရေး လမ်းစပေါ်နိုင်မည်။ လတ်တလော ပေါ်ပေါက်လာသော AA  အဖွဲ့၏ အကြမ်း ဖက်မှု ပြဿနာသည် ငြိမ်းချမ်းရေးနှောင့်နှေးဖွယ်ရာ ဖြစ်နေသည်။ အမှန်စင်စစ် တပ်မတော်၏ ၄ လတာ ယာယီအပစ်ရပ် ထားခြင်းသည် လုံလောက်မှု မရှိဟု ယူဆလျှင်၊ အခြား EAOs အဖွဲ့ များနှင့် ညှိနှိုင်းကာ၊ ARSA လှုပ်ရှားနေသည့် မောင်တောဒေသမှအပ၊ တစ်ပြည်လုံး အပစ်ရပ် ကြေညာရန် နိုင်ငံရေးနည်းအရ ကြိုးပမ်းသင့်သည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံကို ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ် အခြေခံမူများ ချမှတ်မည်ဟု  အစိုးရနှင့် EAOs အချို့ သဘောတူထားခဲ့သော်လည်း၊ မတူခြားနားသည့် သဘောကွဲလွဲချက်များအရ ဖြစ်ပေါ်လာသော တစ်ဆို့မှုများကို ညှိနှိုင်းဖယ်ရှားရန် လိုနေဆဲရှိသည်။ အပစ်ရပ်ကာလ ၄ လ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဖြေ မထွက် ပါက၊ တစ်ဆို့မှုများ ဆက်ရှိနေမည်ကိုလည်း EAOs များဘက်က စိုးရိမ်နေသည်။ ထို့ကြောင့်၂၀၁၉ ခုနှစ်အတွင်း ဦးစွာ ပထမ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလျော့အတင်း အပေးအယူ မဖြစ်မနေ လုပ်ကြဖို့လိုသည်။ အပြန်အလှန် ယုံကြည်မှု ခိုင်မာစေရန်  ဘက်အသီးသီး က အကောင်းမြင်သဘောထားအခြေခံဖြင့် ချဉ်းကပ်ညှိနှိုင်းဖို့လို သည်။ လက်ရှိ ဖြစ်စဉ်များကို လေ့လာကြည့်ပါက EAOs တို့ဘက်က တိုင်းရင်းသားတို့၏ ဆန္ဒဖြစ်သော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို အသိအမှတ်ပြုစေလိုပြီး၊ NCA စာချုပ်လက်မှတ်ထိုး ရာတွင် ပါဝင်သင့်သော EAOs အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကို ဆွေးနွေးညှိနှိုင်းလိုပုံရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် ငြိမ်းချမ်းရေးမူဝါဒချမှတ်ထားပြီးဖြစ်သည့်အလျောက်၊ တိုင်းရင်းသားတို့လိုလားသော ငြိမ်းချမ်းရေး ဆန္ဒကို ဖြည့်ဆည်းပေးရန် မလွဲမသွေ ကြိုးပမ်းလိမ့်မည်ဟု သုံးသပ်မိပါသည်။

၀၁၉ ခုနှစ် ဇန္န၀ါရီ ၂၈ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြသော ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts