ကဗျာ

ဖိုးသံ (လူထု) ● ငါတို့နဲ့အတူ ချီတက်နေမယ့်သူ

ဖိုးသံ (လူထု) ● ငါတို့နဲ့အတူ ချီတက်နေမယ့်သူ
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၉

ဒီလူကြီးကို
သောင်းချီပရိသတ်က
ဝတ်ပြုကန်တော့တော့မတတ်
လေးစားကြည်ညိုစွာ
ငေးစိုက်နားထောင်
မျက်တောင်တွေ တဖျတ်ဖျတ်နေတာ
ဆရာကြီးမှိုင်းနံဘေးမှာ
ငါတွေ့ခဲ့ဖူးတယ်။

ဒီလူကြီးကို
အစိမ်းရောင်ဝတ်စုံ
ကြယ်နီဦးထုပ်နဲ့
မှန်ဘီလူး လည်မှာဆွဲ
လက်ထဲ မြေပုံတရွက်နဲ့
စစ်မြေပြင်တနေရာမှာ
ဖက်ပေါ် ထမင်းပုံစားနေတာ
ငါတွေ့ခဲ့ဖူးတယ်။

ဒီလူကြီးကို
ပုဆိုးတိုတိုဝတ်
စွပ်ကျယ်အဖာတရာနဲ့
မုန်ညင်းခင်းကလေးမှာ
ပေါက်ပြားပေါက်နေတာ
ရေခပ်လောင်းနေတာ
ဝ နယ်တနေရာမှာ
ငါတွေ့ခဲ့ဖူးတယ်။

ဒီလူကြီးကို
တချို့က ဗိုလ်ချုပ်လို့ခေါ်တယ်
တချို့က ဦးကျော်ဇောတဲ့
တချို့က တချို့က ရဲဘော်ဉီးတင်တဲ့
ဒါပေမဲ့ ငါကတော့ ဦးလေး
ဦးလေး ဦးလေး
ဦးလေးပဲ ခေါ်ခဲ့တယ်
မနက်ဖန်လည်း ခေါ်မယ်
သဘက်ခါလည်း ခေါ်ဦးမယ်
အခက်အခဲတွေ ရင်ဆိုင်ရတိုင်း
အောင်ပွဲတွေရတိုင်း
ခေါ်နေမိဦးမယ်
ဦးလေး
ဦးလေး ဦးလေး
ဦးလေး ငါ့အပါးမှာ အမြဲရှိနေတဲ့အလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts