GPPAC အဖွဲ့၏ ကချင်ဒေသ အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲ
ဟန်သစ်နိုင်
စက်တင်ဘာ ၂၄၊ ၂၀၁၃
GPPAC ဟု ခေါ်သော အရှေ့တောင်အာရှကွန်ရက် – လက်နက်ကိုင်ပဋိပက္ခများတားဆီးရေး၊ နိုင်ငံတကာပူးပေါင်းလုပ်ဆောင်သူများအဖွဲ့သည် စနေနေ့ (စက်တင်ဘာ ၂၁၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့) က ရန်ကုန်မြို့တွင် သတင်းသမားများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ် ခရီးစဉ် အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် အဖွဲ့၏ ညွှန်ကြားရေးမှူး Gus Miclat က အောက်ပါအတိုင်း ပြောကြားခဲ့သည်။
မိမိတို့အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာပြီး လက်ရှိဖြစ်နေတဲ့အခြေအနတွေကို နားထောင်ပြီး ပံ့ပိုးမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင်မက မြန်မာတစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဖြစ်စဉ်တွေအားလုံးကို ပါဝင်ကူညီမည်ဖြစ်ကြောင်း၊ အရပ်ဘက်အဖွဲ့စည်းတွေရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှုတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ ပါဝင်မှုတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့လိုတယ်ဟု ယုံကြည်ကြောင်း၊ ကချင်လူထုအသိုင်းအ၀ိုင်းမှာရှိကြတဲ့လူတွေအားလုံး၊ ကဏ္ဍအသီးသီးမှာ ငြိမ်းချမ်းရေးရှာဖွေဖို့အတွက် စစ်မှန်တဲ့ စိတ်ဆန္ဒရှိနေတာတွေ မိမိတို့တွေ့ခဲ့ကြောင်း၊ အဖွဲ့စည်းခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့စည်းတွေကလည်း ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ရင်ရမယ်ဆိုတာတွေကို မိမိတို့နားလည်ခဲ့ကြောင်း၊ စစ်ပြေးဒုက္ခသည်တွေဆီက အင်မတန်ဝမ်းနည်းဖွယ်အဖြစ်အပျက်အကြောင်းတွေ ပြောတဲ့အခါမှာ မျက်လုံးတွေက ငြိမ်းချမ်းရေးအတွက် တောင့်တနေတာတွေကို မြင်တွေ့ခံစားခဲ့ရကြောင်း၊အစိုးရရဲ့ကိုယ်စားလှယ်တွေ၊ မြန်မာ Peace Centre ကကိုယ်စားလှယ်တွေ၊ KIO ဘက်ကသူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို ရှေ့မတိုးနိုင်သေးတဲ့အနေထားပေါ်မှာ ကျော်လွှားနိုင်ဖို့အတွက် ဆွေးနွေးဖို့လာတယ်ဆိုတာ သတိထားလိုက်မိကြောင်း၊ ၄င်းဒေသသည် သဘာဝသယံဇာတတွေ ပေါကြွယ်ဝတဲ့ မြေနေရာဖြစ်နေတာတွေတွေ့ခဲ့ကြောင်း၊ သဘာဝသယံဇာတတွေပေါကြွယ်ဝမှုဟာလည်း ပဋိပက္ခဖြစ်စေတဲ့ ဗဟိုအချက်အချာဖြစ်နေကြောင်း၊ ကချင်ပြည်သူတွေနဲ့ မြန်မာတစ်နိုင်ငံလုံး သယံဇာတပေါကြွယ်ဝမှုတွေဟာ အားလုံးကိုအကျိုးခံစားမှုတွေဖြစ်စေပြီး လက်ခံနိုင်တဲ့အဖြေတစ်ခုရဖို့ မျှော်လင့်ကြောင်း၊ အစိုးရရဲ့စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒရှိဖို့လိုကြောင်း၊ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့လိုကြောင်း၊ မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ရိုးသားမှုတွေပြဖို့လိုကြောင်း။
‘ ဒီနိုင်ငံကို အုတ်မြစ်ချ ထူထောင်ခဲ့သော နိုင်ငံခေါင်းဆောင်ကြီးများဟာ သူတို့ဖြစ်ချင်တဲ့ မျှော်လင့်ချက်အတိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပြီး မတူကွဲပြားမှုတွေ အခွင့်အရေးတွေပါကာကွယ်ပေးတဲ့ ရှေ့ကိုတိုးတက်သော နိုင်ငံဖြစ်ဖို့အတွက် ပင်လုံစာချုပ်ကိုအခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်၊ ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပြီး တရာမျှတတဲ့ လွတ်မြောက်ရေးတွေကို တိုးတက်ဖို့ ပံ့ပိုးသွားမယ်၊ မြန်မာပြည်သူ ပြည်သားများအားလုံးမှာလည်း တာဝန်ရှိတယ်၊ ပခုံးပေါ်ကဟာတွေကို မိမိတို့ရဲ့သွေးစည်းညီညွှတ်မှုတွေနဲ့ ၀န်းရံသွားမယ်’’ ဟု သူက ပြောကြားသွားသည်။
GPPAC အဖွဲ့သည် မြန်မာနိုင်ငံ ပဋိပက္ခများနှင့် ပတ်သက်ပြီး ၎င်းတို့၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ကူညီသွားမည်ဟု သိရသည်။