စာစုတို

နိုင်ဝင်းသီ ● မီးတောင်​များ


နိုင်ဝင်းသီ ● မီးတောင်​များ
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၉


သူ့ရဲ့ ​နောက်​ခံကားချပ်​ကို ကျွန်​​တော်​တို့ မသိကြဘူး။  သူဟာ ​တောင်​တန်း​တွေရှိတဲ့အရပ်​က ဆင်းသက်​လာခဲ့တာလား။ ပင်​လယ်​ဘက်​က ဆန်​တက်​လာခဲ့တာလား။  မြေပြန့်​လွင်​ပြင်​ အရပ်​​ဒေသဘက်​ကလား။ ဘယ်​သူတစ်​ဦးတစ်​​ယောက်​ကမှ ​သေ​သေချာချာ မသိကြဘူး။

သူ့ရဲ့ဘဝမှာ ဘယ်​လိုလူမျိုး​တွေဟာ သူ့ရဲ့သူရဲကောင်း ဖြစ်​​လေမလဲ။ ကပ်​စ်ထရိုလား။ ​နော်​မန်​ဘက်​သွန်းလား။ ကတ်​ကို ဘိန်းလား။ ​မောင်​​ချောနွယ်​လား။  ​ချေ​ဂွေဗားရားလား။ ကျွန်​​တော်​တို့ထဲက ဘယ်​သူကမှ မသိခဲ့ကြဘူး။

သူဟာ ကဗျာဆရာတစ်​​ယောက်​ အ​နေနဲ့ပဲ ကျွန်​​တော်​တို့လက်​ထဲက ​ဆေး​ပေါ့လိပ်​တိုကို ​ကောက်​ဖွာလိုက်​တာပဲ။

သူဟာ ကဗျာဆရာတစ်​​ယောက်​အ​နေနဲ့ပဲ ကျွန်​​တော့်​​ရှေ့က အရက်​ခွက်​ကို ​မော့ချလိုက်​တာပဲ။

သူတို့လင်​မယားဟာ ကျွန်​​တော်​တို့မြို့လေးရဲ့ တစ်​ခု​သော​တောင်​ကုန်း​လေး​ပေါ်မှာ လုံးချင်းအိမ်​​လေးငှားပြီး လာ​နေလိုက်​​သေးတယ်​။

နွယ်​ရိပ်​သစ်​ရိပ်​စိမ်းစိမ်းနဲ့ အဲဒီကုန်းထိပ်​​လေးဟာ​ ကွန်​ဆက်​ချူရယ်​ကျေးလက်​လား။ အန်​ပလပ်​မြို့ပြလား။  ဒါမှမဟုတ်​ရင်​  အဲဒီယဉ်ကျေးမှုနှစ်​မျိုးစလုံး ရောထွေးစိမ့်​ဝင်​​နေတဲ့ သီးခြားနိုင်​ငံတော်​လေးတစ်​ခု ဖြစ်နေလေမလား။

ကျွန်​​တော့်​မျက်​စိထဲမှာ​တော့ အဲဒီ​နေရာ​​လေး​ဟာ ဘီဗာလီ​တောင်​ကုန်းထက်​​တောင်​ လှပ​နေ​သေးတယ်​။ ခရိုးခရိုင်​ အိမ်​စု​လေး​တွေဟာ  ဟို​နေရာတစ်​စု ဒီ​နေရာတစ်​စု   သူ့အုပ်​စုနဲ့သူ ဆူညံပွက်​​လောထလို့။  ​ဈေး​သေး​သေး​လေးတစ်​ခု၊ အ​ပေါင်​ဆိုင်​​လေးတစ်​ဆိုင်​နဲ့ ညိုညစ်​ညစ်​ လက်​ဘက်​ရည်​ဆိုင်​​လေး နှစ်ဆိုင်​၊ အရက်​ပုန်းဆိုင်​​လေး သုံး​လေးဆိုင်​နဲ့အ​ခြေခံလူတန်း စား​တွေရဲ့ အကြမ်းထည်​ဘဝ​လေး​တွေကို ခင်းကျင်းဖြန့်​ချထားတဲ့​နေရာ​လေးတစ်​ခုပါပဲ။

အဲဒီကုန်းထိပ်​က ​သေတင်းကုပ်​​လေး​တွေဆိုတာ ညဦးပိုင်း​ရောက်​တာနဲ့မီး​ရောင်​မှုန်​မှုန်​​အောက်​မှာ က​လေးငိုသံ၊ ဆဲဆိုရန်​ဖြစ်​သံ၊ သီချင်းဆိုသံ၊ ​ခွေး​ဟောင်​သံ၊ ငြင်းခုန်​သံများနဲ့ အမြဲတမ်း စီ​ဝေလှုပ်​ခတ်​​နေတဲ့ ​ညချမ်းချိန်​ခါ အော်​ပရာ။

မြို့ပြနဲ့ ကူးချည်​သန်းချည်​ လုပ်​​နေတဲ့ဒိုင်​နာ​တွေကလည်း ညဉ့်​နက်​တဲ့အထိ ​ပြေးလွှားခုန်​​ပေါက်​လို့။  ကြယ်​​ပြာ​တွေကလည်း မီးပွားတွေ လွင့်​ကျလာသလို တဖျစ်​ဖျစ်​နဲ့ ​လောင်​ကျွမ်းဝင်းပလို့။

ကြယ်​စုံညမျိုးဆိုရင်​ အုံခဲသီးထ​နေတဲ့ကြယ်​ပွင့်​​တွေကို   ​မော့ကြည့်​နေရင်းနဲ့တစ်​ခွက်​ပြီးတစ်​ခွက်​ ထိုင်​​သောက်​​ဖို့သိပ်​​ကောင်းတဲ့ ​နေရာ​လေး​ပါပဲ။

အဲဒီ​တောင်​ကုန်း​လေးမှာ သူနားခိုနေစဉ်​အတွင်း ​ပျောက်​ဆုံး​နေတဲ့ သူ့ကိုယ်​သူ ရှာ​ဖွေ​တွေ့ရှိသွားခဲ့ပါတယ်​။

သူဟာ မြုံနေတဲ့ အနာတစ်​လုံး။ အနုပညာဟာ သူ့ဘဝထဲမှာ ​အေးခဲတိတ်​ဆိတ်​​နေခဲ့တာကာလအတန်​ကြာမြင့်​သွားခဲ့ပြီ မဟုတ်​လား။ ရိုးသားသန့်​စင်​ပြီး  ​မောက်​မာဝင့်​ကြွားမှု​တွေကင်းပတဲ့ ကျွန်​​တော်​တို့ရဲ့ မြို့က​လေးကို သူရောက်​လာ​တော့ လူ​ရောစိတ်​ပါ ငြိမ်း​အေးသွားခဲ့ပုံရတယ်​။ မြို့က​လေးဟာ ဟန်​​ဆောင်​မှုကင်းမဲ့သလို မြို့က​လေးထဲမှာ မှီတင်း​နေထိုင်​ကြတဲ့လူ​တွေဟာလည်း ရိုးသားဖြူစင်​ကြတဲ့ လူ​တွေပဲ မဟုတ်​လား။

အဲဒီစိမ်းမြပူ​နွေးမှု​တွေကပဲ ရပ်​တန့်​​နေတဲ့သူ့ရဲ့အ​ရေးအသား​တွေကို မြစ်​တစ်​စင်းလိုစီးဆင်းသွား​စေခဲ့။ အဲဒီ မြစ်​​ရေစီးကြောင်းကပဲသူ ရှုမြင်​သုံးသပ်​နေတဲ့ သူ့ရဲ့​လောကသုံးပါးကို တည်​ငြိမ်​ရင့်​ကျက်​သွား​စေခဲ့။
အနုပညာမှာသာ ရင့်​ကျက်​လာခဲ့​ပေမယ့်​မိသားစုဘဝကျ​တော့ သူဟာ အနည်းငယ်​မျှ​လောက်​​ပင်​ မရင့်​ကျက်​ခဲ့​​လေဘူး။  အဲဒီကုန်းထိပ်​​လေးမှာ  အိမ်​ငှား​ပြီးနေလာခဲ့တဲ့ကာလတစ်​​လျှောက်​လုံး သူတို့လင်​မယားရဲ့ပဋိပက္ခဟာ ကျွန်​​တော်​ အမြဲတ​စေ ကြား​နေခဲ့ရတဲ့ စစ်​ပွဲပါပဲ။

လူ့ဘဝကို လက်​ခံထားပြီဆိုရင်​ အလုပ်​တစ်​ခုခု​တော့ ရှိ​နေရပါမယ်​။ က​လေးနီတာရဲ​လေးတစ်​ယောက်​ တိုးပွားလာတဲ့ သူတို့ရဲ့မိသားစုအတွက်​ အိမ်​​ထောင်​ဦးစီးဖြစ်​တဲ့ သူဟာ အလုပ်​တစ်​ခုခု​တော့ လုပ်​​နေရမှာ​ပေါ့။

သူဟာ အလုပ်​​တော့ လုပ်​ပါတယ်​။ စာ​ပေ​လောကထဲက လူတစ်​​ယောက်​ဖြစ်​​နေခဲ့တဲ့အတွက်​ သူ လုပ်​ခဲ့တဲ့ အလုပ်​တိုင်းဟာ မဂ္ဂဇင်း သို့မဟုတ်​ ဂျာနယ်​တစ်​ခုခုနဲ့ဆက်​နွယ်​ပတ်​သက်​ခဲ့တဲ့အလုပ်​​တွေချည်းပါပဲ။

ပြောစရာတစ်​ခု ရှိတာက သူဟာ ဘယ်​လိုတိုက်​မျိုးမှာမှ မမြဲခဲ့ဘူး။ ဘယ်​​လောက်​​ပဲ​ ​ကောင်းတဲ့တိုက်​မျိုးမှာပဲဖြစ်စေ သူဟာ ဘယ်​တော့မှ ကာလ မရှည်​လျားခဲ့ဘူး။   နောက်​ဆုံးလုပ်​ကိုင်​ခဲ့တဲ့ ဂျာနယ်​တိုက်​နဲ့လည်းဟုတ်​မလိုလိုနဲ့ နောက်​ဆုံးမှာစိမ်းကားပြတ်​​တောက်သွားခဲ့ပြီ။

သူ ဘယ်​လို အရပ်​​ဒေသမျိုးကို ရောက်​ရှိ​နေသလဲ။  ဘယ်​သူကမှ အ​သေအချာ မသိကြဘူး။

လွန်​ခဲ့တဲ့ တစ်​ပတ်​​ကျော်​​လောက်​ကရပ်​ကွက်​​ဈေး​လေးထဲမှာ ​တွေ့လိုက်​ရပါ​သေးတယ်​ဆိုတဲ့ စကားတစ်​ခွန်းက လွဲလို့သူ့ရဲ့အ​ကြောင်းကို ဘယ်​သူကမှ မ​ပြောပြနိုင်​​တော့ဘူး။

သူဟာ ဆက်​သွယ်​မှုဧရိယာထဲမှာပဲလား။  ဆက်​သွယ်​မှု ဧရိယာပြင်​ပကို ​ရောက်​​နေ​လေသလား။  ဘယ်​သူ တစ်​ဦးတစ်​​ယောက်​ကမှ တိတိကျကျ မ​ပြောပြနိုင်​​တော့ဘူး။

သူ ​ပျောက်​ဆုံးသွားခဲ့တဲ့ ပထမ​နေ့ရက်​​တွေတုန်းကတော့ သူ့ရဲ့အ​ကြောင်းကို ​လေထန်​ကုန်းထဲမှာ ထင်​မြင်​ယူဆချက်​ကိုယ်​စီနဲ့  ​ပြောနေကြ​သေးတယ်​။  ဒါ​ပေမယ့်​​နောက်​ရက်​​တွေမှာ အခြားအခြား​သော လူ​တွေ၊ ဘဝ​တွေ၊အဖြစ်​အပျက်​​တွေ စီးဝင်​လာ​​ခဲ့​တော့လည်း သူ့ရဲ့အ​ကြောင်းဟာ မှုန်​မှုန်​ရီရီ….​ဝေ​ဝေဝါးဝါး။  တဖြည်းဖြည်းနဲ့  ပါးလျမှိန်​ဖျော့သွားခဲ့။

ကျွန်​​တော်​က​တော့ အနက်​​ရောင်​ကျောပိုးအိတ်​​လေးလွယ်​ပြီး အ​ရောင်​လွင့်​ဂျင်း​ဘောင်းဘီ အမြဲဝတ်​ဆင်​​လေ့ရှိတဲ့ သူ့ကိုမကြာမကြာ သတိရတတ်​ပါတယ်​။ အာရုံခံစားမှု ပြင်းထန်​တဲ့ သူ့ရဲ့ အ​ရေးအသားတချို့၊ပြီး​တော့ သူ့ရဲ့ဘဝထဲမှာ သူ အ​သေအချာငြိခဲ့ဖူးတဲ့ ပြင်းပြင်းရှရှ မက်​တယ်​လ်​တချို့။

အစွန်းသိပ်​​ရောက်​လွန်းတာ မဟုတ်​​ပေမယ့်​ အစွန်းတစ်​ဖက်​ဖက်​​​အ​​ပေါ်   တည်​မှီနေသလိုမျိုး။  နာကျင်​မှုတွေဟာ နှစ်​လိုဖွယ်​မကောင်းသော်​လည်းပဲ သူကိုယ်​တိုင် နာကျင်​မှု​တွေထဲကို  တ​ရွေ့​ရွေ့နဲ့ တိုးဝင်​နေသလိုမျိုး။

အခုဆိုရင်​ လ​ရောင်​​အောက်​မှာ သူရဲ့အရိပ်​ဟာ  ရှည်​လျားဆန့်​ထွက်​​နေ​​လေမလား။ ပြတ်​​တောက်​ကျုံ့ဝင်​​နေ​လေမလား။   သူ့ရဲ့အရိပ်​ကို​ရော   သူ မြင်​မှ မြင်​ခွင့်​ရပါ့မလား။

သြဂုတ်​လထုတ်​ မဂ္ဂဇင်းတစ်​ခုထဲမှာ သူ​ပေးထားခဲ့တဲ့ ကဗျာ​လေးတစ်​ပုဒ်​ ပါလာတာကို သူ သိမှသိပါ​လေစ။ ဂျာနယ်​တစ်​​စောင်​ထဲမှာ သူ့ရဲ့စာမူ​လေးပါလာ​​တော့ စာမူခလူကြုံယူလာခဲ့တဲ့ ကိုထွန်း​ဝေမြင့်​ဟာ ​လေထန်ကုန်းရဲ့ည​နေခင်း​တွေထဲမှာ ရှာလို့ …​ဖွေလို့။ သူ့ရဲ့ အရိပ်​စိမ်းစိမ်းကို။

အိမ်​ချင်းနီးလို့  လူကြုံယူသွား​ပေးတဲ့မိုဃ်း​ဇော်​ရဲ့ မျက်​လုံး​တွေထဲမှာလည်းမ​သေချာ မ​ရေရာမှု​တွေနဲ့  မှိုင်းလို့ …မှုန်​လို့။

မင်းနွယ်​စိုးက​တော့ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေကြားက ၃၃လမ်းတို​လေးကို ​ငေး​ငေးရီရီကြည့်​​နေရင်းနဲ့  ပင့်​သက်​​တွေ တစ်​ချက်​ပြီးတစ်​ချက်​ ရှိုက်​လို့။

၃၃ လမ်းတို​လေးက​တော့ မိုးစက်​ မှုန်​မှုန်​ဖွဲဖွဲ​အောက်​မှာ ​အေးစက်​ငြိမ်​သက်​လို့။

အ​ရေးအသားဟာ ဒီ​နေရာမှာပဲအဆုံးသတ်​သွားခဲ့ပါတယ်​။ ကျွန်​​တော်​တို့ရဲ့ မြို့က​လေးကို ​ရောက်​ရှိလာခဲ့ဖူးတဲ့ ညီငယ်​လေးတစ်​​ယောက်​အ​ကြောင်းကို ရိုးရှင်း​သော စကားလုံး​တွေနဲ့ ​ရေးဖွဲ့ထားခဲ့တဲ့ memoir ​လေး​ တစ်​ခုပါပဲ။

ဖြစ်​ချင်​​တော့ အဲဒီအ​ရေးအသားဟာ ကျွန်​​တော်​ ​ပေးလိုက်​တဲ့မဂ္ဂဇင်းမှာ ပါမလာခဲ့ဘူး။ တစ်​ပုဒ်​လုံးကို ဖြုတ်​ပစ်​လိုက်​ရတယ်​လို့အယ်​ဒီတာ​လေးက ​ပြောပါ​တယ်​။

အဲဒီကာလ​တုန်းက ကျွန်​​တော်​တို့ရဲ့အ​ရေးအသားမှန်​သမျှဟာ  “ဂီလိုတင်း” ဓားစက်​နဲ့တူတဲ့ စာ​ပေစိစစ်​​ရေး​အောက်​မှာ မလူးသာ မလွန့်​သာနဲ့  ဖြတ်​သန်းနေခဲ့ရတဲ့နှစ်​ကာလတွေပါပဲ။

အစိမ်းရောင်​မီးခိုးတွေ အူထနေတဲ့အဲဒီရက်​စွဲ​တွေတုန်းက အလုံးစုံသောအနုပညာမှန်​သမျှဟာ သူတို့ရဲ့ ရက်​စက်​ကြမ်းကြုတ်​မှုအောက်​မှာ ဝပ်​ဆင်းငြိမ်​သက်​လို့။

အဲဒီတစ်​ပုဒ်​လုံး  ဖြုတ်​​ပေးလိုက်​ရတယ်​ဆိုတဲ့ စာမူ​လေးကိုပဲ ဂျာနယ်​တစ်​​စောင်​ကအယ်​ဒီတာ​လေးတစ်​​ယောက်​က သူ့ဂျာ နယ်​မှာ ထည့်​မယ်​ဆိုပြီး ယူသွားခဲ့ပြန်​တယ်​။ ဖြစ်​ချင်​​တော့ ​တော်​လှန်​ပုန်​ကန်​တဲ့ အသုံးအနှုန်းတစ်​လုံးတစ်​ပါဒ​တောင်​ မပါတဲ့ အဲဒီစာမူ​လေးဟာ အဲဒီဂျာနယ်​မှာလည်း တစ်​ပုဒ်​လုံးအဖြုတ်​ခံရပြန်​ပါတယ်​။

ပြောမယ်​ဆိုရင်​​တော့ အဲဒီ​ခေတ်​ကာလအပိုင်းအခြားဟာ စာ​ရေးဆရာ၊ ကဗျာဆရာ​တွေအတွက်​ ​ကြောက်​မက်​ဖွယ်​ အ​ရိပ်​​တွေထိုးကျ​နေခဲ့တဲ့ အ​မှောင်​​ခေတ်​ပါပဲ။  အနုပညာ၊လူ၊ အ​တွေးအ​ခေါ်၊ ယုံကြည်​မှု၊ စိတ်​ကူးစိတ်​သမ်း။

အားလုံးဟာ မည်း​မှောင်​​အေးစက်​​နေတဲ့ အ​မှောင်​​နေ့ရက်​​တွေထဲမှာ တ​ငွေ့​ငွေ့နဲ့ ​လောင်​ကျွမ်းပြတ်​ကျလို့။

အဲဒီကာလ အပိုင်းအခြားထဲမှာပဲ ညီ​လေးကဗျာဆရာဟာ ဘိုဟီးမီးယား တစ်​​ယောက်​လို ​လွင့်​ချင်​တိုင်း လွင့်​​နေခဲ့ပြန်​တယ်​။  ဘဝမှာအခုလိုမျိုး ရေဆုံးရေဖျား လွင့်​ခဲ့တာ ဘယ်နှစ်​ကြိမ်​တောင်​ ရှိခဲ့ပြီလဲ။  သူ့ကိုယ်​သူတောင်​ မှတ်​မိရဲ့လား မသိဘူး။

လွင့်​ရမယ့်​ လမ်းမ​တွေ သူ့​ရှေ့မှာ ပြတ်​​တောက်​သွား​တော့မှပဲ  သူဟာ ပထမမြို့​တော်​ကို ​ခြေကုန်​လက်​ပန်းကျပြီး နွမ်းနွမ်းလျလျ ပြန်​​ရောက်​လာခဲ့။ ဝမ်းနည်းစရာတစ်​ခုကသူ ချစ်​လို့ အတည်​ယူထားခဲ့တဲ့ သူ့ရဲ့ ​ကောင်​မ​လေးဟာ  သူနဲ့ ပြန်​ပါမလာ​တော့ဘူး။  ကျွန်​​တော်​တို့ မြို့မှာ ​မွေးဖွားခဲ့တဲ့ သူ့ရဲ့ သမီးငယ်​​လေးဟာလည်း ​ကောင်​မ​လေးဘက်​ကို ပါသွားခဲ့တယ်​လို့ သိရပါတယ်​။

မယုံကြည်​စရာ​ကောင်း​လောက်​​အောင်​ စိမ်းကားပြတ်​​တောက်​သွားခဲ့တဲ့ သူတို့နှစ်​​ယောက်​ရဲ့အ​ကြောင်းဟာကျွန်​​တော်​တို့အတွက်​​တော့ စိတ်​မောစရာ သတင်းအရင်းအမြစ်​​များ။

အဲဒီကာလ အပိုင်းအခြားထဲမှာပဲမင်းနွယ်​စိုးဟာလည်း သံသရာခရီးရှည်​ကြီးထဲကို ကသုတ်​ကရက်​နဲ့ ထွက်​ခွာသွားခဲ့ပြန်​​လေတယ်​။ သူ့ရဲ့​နောက်​ဆုံးခရီးကို အ​ဝေး​ရောက်​​နေတဲ့ ကျွန်​​တော်​ဟာ လို​က်​မပို့ဖြစ်​ပါဘူး။  စကား​ပြောရင်​ ညင်​ညင်​ဖွဖွ​လေး ​ပြော​လေ့ရှိတဲ့ မင်းနွယ်​စိုးဟာ ​ဆေး​ပေါ့လိပ်​တို​လေး လက်​ကြားညှပ်​ပြီး မနက်​​စော​စော​တွေမှာ အိမ်​ကို ​ရောက်​လာတတ်​ပါတယ်​။  သူ့ရဲ့မျက်​လုံးညိုညို​တွေဟာ အမြဲတမ်းလိုလို မှုန်​မှိုင်းရီ​ဝေလို့။ ထန်းပင်​ကုန်းမှာ ကျွန်​​တော်​​နေတုန်းကလည်း ထန်းပင်​ကုန်းအိမ်​ကို သူ အမြဲ ​ရောက်​ ရောက်​လာတတ်​တယ်​။ ထန်းပင်​ကုန်းက​နေ ​ညောင်​သုံးပင်​ကို သူ ပြန်​​တော့မယ်​ဆိုရင်​ ပဲခူးစုကားဂိတ်​က တင့်​လွင်​တို့ဆိုင်​​လေးမှာ သူ တစ်​​ထောက်​ နားတတ်​ပါတယ်​။  ထန်းပင်​ကုန်းက​နေပြီး ​အောင်​ချမ်းသာကို ကျွန်​​တော်​​ပြောင်းလာ​တော့ သူ​နေတဲ့​ညောင်​သုံးပင်​နဲ့ နီးကပ်​သွားပြီမဟုတ်​လား။ နံနက်​တိုင်းလိုလို ကျွန်​​တော်​တို့ရဲ့​မြေဝါလမ်း​လေးထဲမှာ သူ့ရဲ့ ​ခြေသံဟာ တရှပ်​ရှပ်​နဲ့။

ဆာမူရိုင်းနိုင်​ငံ​တော်​ ထူ​ထောင်​ခဲ့တဲ့မိုဃ်း​ဇော်​တစ်​​ယောက်​လည်းပဲ  ​ကျေးလက်​ဆန်​တဲ့ ကျွန်​​တော်​တို့ရဲ့ မြို့က​လေးမှာ မရှိ​တော့ပါဘူး။  ယုဇနဘက်​ကို ပြန်​​ပြောင်းသွားခဲ့တာ ကြာမြင့်​သွားခဲ့ပြီ။ သူ ကျွန်​​တော်​တို့ဆီမှာ ​နေခဲ့တုန်းကလည်း အမှတ်​ရစရာ​လေး​တွေ အ​တော်​များများ ရှိခဲ့ပါတယ်​။  နာဂစ်​စ်​ဝင်​​မွှေသွားပြီး တစ်​မြို့လုံးနီးပါး ဗုံးဗုံးလဲပြိုသွားတဲ့အချိန်​။  တချို့အိမ်​​တွေဟာ အမိုးအကာ​တွေ ပွင့်​ထွက်​ကုန်​တယ်​။ တချို့အိမ်​​တွေက​တော့ ပြားပြားဝပ်​ဆင်းသွားတယ်​။  သစ်​ပင်​ သစ်​ကိုင်း​တွေနဲ့ ဓာတ်​တိုင်​​တွေ ဓာတ်​ကြိုး​တွေဆိုတာက​တော့ လမ်းတိုင်းမှာလိုလိုလဲပြိုရှုပ်​​ထွေးပြီး မွစာကြဲထွက်​​နေ​လေတယ်။ မြို့ ပျက်​ကြီးဟာ သက်​ပြင်း​တွေ တစ်​ချက်​ပြီးတစ်​ချက်​ရှိုက်​ပြီး အ​မှောင်​ထုထဲမှာတိတ်​ဆိတ်​​အေးစက်​လို့။  အဲဒီညက  သူရယ်​၊ကျွန်​​တော်​ရယ်​၊ကိုရန်​ပိုင်​ရယ်​ ..။ ငါး​ခြောက်​​တွေ တစ်​​မြှောင်းပြီး တစ်​​မြှောင်းဖုတ်​၊ ဂရင်းရွိုင်​ရယ်​ကို တစ်​​ပြားပြီးတစ်​ပြားမှာ..။ တိတ်​ဆိတ်​​လေးနက်​စွာနဲ့  ​မူးရစ်​​ရီဝေခဲ့ကြပေါ့။

ငမိုးရိပ်​ တိုး​ကြောင်​က​လေး ရထားဟာတုန်​တုန်​ချည့်​ချည့်​နဲ့ ​နှေး​ကွေးလေးလံစွာတွားသွားနေတဲ့ ကင်းမလက်​မည်းတစ်​​ကောင်​​။ တစ်​​နေ့ကို အနည်းဆုံး နှစ်​ကြိမ်​​လောက်​​တော့  သူ့အိမ်​ဘေးက ဖြတ်​ ဖြတ်​သွားတတ်​ပါတယ်​။ တုန်​တုန်​ရီရီနဲ့ ဖြတ်​သွားတဲ့အဲဒီရထားတွဲ​လေး​တွေကို ​ငေးရီပင့်​သက်​ရှိုက်​ရင်းနဲ့ပဲသူလည်း ကဗျာ​တွေ တစ်​ပုဒ်​ပြီးတစ်​ပုဒ်​ရေးဖြစ်​ခဲ့တာပဲ မဟုတ်​လား။

ထူးခြားတာတစ်​ခုက  ညီ​လေးကဗျာဆရာနဲ့၊ မင်းနွယ်​စိုးနဲ့၊ မိုဃ်း​ဇော်​နဲ့ ကျွန်​​တော်​ဟာ မြို့​သေး​သေး​ထဲမှာ နှစ်​ကာလတစ်​ခုကြာမြင့်​သွား​အောင်​ အတူတကွ ​နေခဲ့ကြ​ပေမယ့်​  ​လေး​ယောက်​သားဟာ တစ်​ခါမှ  မဆုံစည်းခဲ့ကြပါဘူး။  ဘာသာစကား​ရော၊ ဘဝ​တွေပါ တစ်​​ယောက်​နဲ့တစ်​​ယောက်​ နီးကပ်​စွာတည်​ရှိ​နေပါလျက်​နဲ့ ကျွန်​တော်​တို့ဟာ ဘာဖြစ်​လို့ မဆုံစည်းဖြစ်​ခဲ့တယ်​မသိဘူး။

တစ်​ခါတစ်​ခါ​တော့လည်း တစ်​​ယောက်​​ယောက်​ကို ဖျတ်​ကနဲ အမှတ်​ရသွားခဲ့ရင်​အာရုံဟာ ​နောက်​တစ်​​ယောက်​ဆီ ခုန်​ ခုန်​ကူးသွားခဲ့တာ။

သတိတရစိတ်​ဟာ တစ်​ယောက်​ယောက်​ဆီ ငြိပါသွားခဲ့ရင်​ ကျန်​တဲ့လူတွေဟာ အာရုံထဲကို စုပြုံတိုးဝင်​လာခဲ့တာ။

ရာသီဥတုက ပူပြင်း​နေ​ပေမယ့်​ အတိတ်​ထဲက လူ​တွေ၊ ရက်​စွဲ​တွေ၊ဘဝ​တွေဟာ စိမ်းမြ​နေတယ်​။ အဲဒီ​လေး​ယောက်​ထဲမှာ မင်းနွယ်​စိုးတစ်​​ယောက်​ကလွဲပြီး ကျန်​တဲ့နှစ်​​ယောက်​ဟာ ကျွန်​​တော်​နဲ့ ​ရေခြား​မြေခြားသွားခဲ့ပြီ။

နီးလျက်​နဲ့ ​ဝေးကွာခဲ့ကြတဲ့ ရင်​ဘတ်​တူသူငယ်​ချင်းတွေကို  ဒီတစ်​ခါ​တော့ ဆုံဖြစ်အောင်ဆုံကြမယ်​ကွာလို့များ ပြောလိုက်​ရင်​မင်းနွယ်​စိုးဟာ သူ့ရဲ့ပင်​ကိုယ်​ဟန်​ပန်​အတိုင်းငွေ့​ငွေ့​က​လေး ပြုံး​နေလေမလား မသိဘူး။

နိုင်ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts