(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၉
လမ်းကလေးက ကျပ်ကျပ်တည်းတည်း ကျဉ်းကျဉ်းမြောင်းမြောင်း။ ဘေးတစ်ဖက်တစ်ချက်မှာက ချောက်ကမ်းပါးတွေနဲ့၊ လမ်းပေါ်မှာလည်း ပြွမ်းတီးနေတဲ့ ခလုပ်ကန်သင်းတွေနဲ့။ နောက်ပြီးတော့ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ ချိတ်ကြီး တွေကလည်း ချောက်ထဲကို ဆွဲဆွဲချတတ်သေး။
ပန်းတိုင်သွားရာလမ်းဆိုတာ ဒီလိုပါပဲ၊ အခက်အခဲ အတားအဆီးတွေ အပြည့်နဲ့ပါ။ ကိုယ့်ပန်းတိုင်ကမြင့်လေလေ အခက်အခဲ က ပိုများလေလေ။ အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးရောက်အောင် ပညာ သတိ ဝီရိယတို့ကို အဖော်မွန်လုပ်ပြီးသွားပါမှ။
ကိုယ်ဖြစ်ချင်တဲ့ဘဝ၊ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ရည်မှန်းချက်ပန်းတိုင်၊ ကိုယ်ရချင်တဲ့ အောင်မြင်မှုတို့ကို မျက်ခြေမပြတ် စိတ်ထဲမှာမြင်ထားပြီး နေ့စဉ်နဲ့အမျှ ကိုယ့်ရဲ့ပြုမူဆောင်ရွက်ချက်တွေကို ထိန်းညှိဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှ မတိမ်းမစောင်းနဲ့ လိုရာခရီးကို ရောက်နိုင်မှာပါ။
လူ့ဘဝဆိုတာ နိစ္စဓူဝကိစ္စတွေ၊ပြဿနာ ရှုပ်ထွေးမှုတွေအပြည့်နဲ့ပါ။ ဒီအရှုပ်အထွေး ကွန်ချာကြား ပိတ်မိနေပြီး ပန်းတိုင်ဆီ သွားဖို့ ရှေ့ကိုမတိုးနိုင် ဖြစ်နေတတ်ပါတယ်။ ပန်းတိုင်က သွေဖီသွားအောင်လည်း တခြားဆွဲငင်မှုတွေနဲ့လည်း ငြိတတ်ပါသေး တယ်။ မထင်မှတ်တဲ့နေရာက ချိတ်ကြီးတွေထွက်လာပြီး ချောက်ထဲဆွဲချိတ်ချသွားသလိုပေါ့။ ငွေနောက်လိုက်မိတာတို့၊ ကျော်ကြားမှုနောက်လိုက်မိတာတို့ စသဖြင့်ပေါ့။ ကိုယ်တန်ဖိုးထားတဲ့ ရည်မှန်းချက်ကို မျက်ခြေပြတ်ပြီး သည့်ပြင်ဆွဲငင်မှု တွေနဲ့ ငြိတွယ်နေတတ်ပါတယ်။
ဒီတော့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်မြင်ထားပြီး ကိုယ့်ရဲ့နေ့စဉ်ပြုမူလုပ်ဆောင်ချက်တွေကို သတိနဲ့ ထိန်းညှိပြီး ဆောင်ရွက်ဖို့လိုပါတယ်။ပထမဦးဆုံးအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့၊ ကိုယ်လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျချ မှတ်၊ ပြီးတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် လုပ်ငန်းစီမံချက် Business plan ချမှတ်ပေါ့။ ဒီ plan ရေးဆွဲတာမှာ အားနည်းချက်ရှိရင်တော့ လုပ်ငန်းမအောင်မြင်နိုင်ပါဘူး။ ဘယ်အတိုင်းအတာထိ တိတိကျကျ ချမှတ်ဆောင်ရွက်နိုင်သလည်း ဆိုတာအပေါ် မူတည်ပြီး လုပ်ငန်းအောင်မြင်မှု အတိုင်းအတာကို အဆုံးအဖြတ်ပေးမှာပါ။
ဒါကြောင့် Busicness plan ကို တကယ်အကောင်အထည် မဖော်ခင် စိတ်ထဲမှာ အရင်မြင်အောင်ကြည့်ပြီးမှ အစီအစဉ်ချ မှတ်သင့်ပါတယ်။ စိတ်ကူးနဲ့ မှန်းဆကြည့်ခြင်း Visualization က အလွန်အရေးပါပါတယ်။ဘယ်အရာမဆို စိတ်တွင်းမှာ တစ်ကြိမ်ဖြစ်ပေါ်ပြီးမှ ဒုတိယအကြိမ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းဖြစ်ပေါ် လာတတ်တာပါ။ အဆောက်အဦးတစ်ခု ဆောက်မယ်ဆိုရင် ဘယ်လိုအဆောက်အဦးမျိုးလည်းဆိုတာ စိတ်ကူးထဲ အရင်ပုံဖော်၊ ပြီးရင် blue print ဆိုတဲ့ စက္ကူပေါ် ပုံဖော်။ဒါဟာ first creation ပါ။ ပြီးမှ second creation တကယ်ပုံဖော်တဲ့ အနေနဲ့ blue print အတိုင်း မြေကွက်ပေါ်မှာ ဆောက်လုပ်ပေါ့။ဆောက်နေတဲ့အခါမှာလည်း bluè print ကို မကြာခဏကြည့်ပြီး ကိုးကားဖို့လိုပါတယ်။ ဒါမှ စံနစ်ကျတဲ့ စိတ်ကူးထဲက အဆောက်အဦး ဖြစ်လာမှာပါ။
ဒီလိုမဟုတ်ဘဲ စိတ်ကူးပေါ်ရာ လျှောက်ဆောက်နေရင်တော့ ကိုးယို့ကားယား အဆောက်အဦးကြီး ဖြစ်သွားမှာပါပဲ။ ဒါကြောင့် စိတ်ကူးအာရုံမှာ ပုံဖော်ဖန်တီးခြင်း visualization ဟာ အရေးပါပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေတဲ့ အပြုအမူတွေ ထိရောက်ထက်မြက်ဖို့ ဒီ visualization ကို အသုံးချသင့် ပါတယ်။ ဘာလုပ်ငန်းလုပ်လုပ် လုပ်ငန်းမစခင်ကတည်းက အောင်မြင်မှုပန်းတိုင်ကို ရောက်တဲ့အခြေအနေကို ကြိုတင်ပြီး စိတ်ကူးနဲ့ မှန်းဆခံစားဖို့လိုပါတယ်။ ကိုယ့်ပန်းတိုင်ကိုလည်း အာရုံထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထား သင့်ပါတယ်။
ဒီလိုနည်းနဲ့ လုပ်ချင်စိတ်၊ တာဝန်ယူလိုစိတ် မွေးမြူပြီးသား ဖြစ်သွားပါတယ်။ လုပ်ချင်စိတ်မွေးမြူခြင်းဟာ စတင်လုပ် ဆောင်ခြင်းထက်ကို ပိုအရေးကြီးပါတယ်။ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့၊ ဆုံးဖြတ်ချက်တွေ ချဖို့ လုပ်ချင်စိတ် မွေးမြူခြင်းဟာ အခြေခံကျတဲ့ အလေ့အထတစ်ခုပါ။ ဒီလုပ်ချင်စိတ်ကပဲ စိတ်ကူးအဆင့်ကနေ လက်တွေ့အဆင့်ထိ ပြောင်း လဲမှုများကို ဖန်တီးဆောင်ရွက်ပေးသွားပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်မှုရတဲ့ အချိန်၊ အခြေအနေ၊ အောင်မြင်မှုရဲ့ အရသာကို ကြိုတင်မှန်းဆခံစားပေးနိုင်ဖို့ ကိုယ့်ကိုကိုယ် တိုက်တွန်းအကြံပေးခြင်းဆိုတဲ့ auto suggestion လုပ်ပေးဖို့လိုပါတယ်။
ကိုယ်လိုချင်တဲ့ အခြေအနေကို စိတ်အာရုံထဲ မကြာခဏ မြင်ယောင်မှန်းဆကြည့်တာမျိုးတို့၊ အောင်မြင်မှုပန်းတိုင်ရောက်ရင် ခံစားရမဲ့ ကျေနပ်မှု၊ပျော်ရွှင်မှုတို့ကို အာရုံထဲမှာ စိတ်ကူးနဲ့ ကြိုတင်ခံစားတာမျိုးတို့ပေါ့။ ဥပမာ ဆရာဝန်ဖြစ်ချင်တယ်ဆိုပါစို့။ အနှောက်အရှက်မရှိတဲ့ နေရာမျိုးမှာ ငြိမ်ငြိမ်သက်သက် နေပြီး ဆရာဝန်ဖြစ်ရမယ်… ဆရာဝန်ဖြစ်ရမယ်လို့ စိတ်ထဲရေရွတ်၊ ဂျုတီကုတ်နဲ့ နားကြပ်လေးချိတ်ထားတဲ့ ပုံမျိုးလေးလဲ စိတ်ထဲမြင်ယောင်အောင် အာရုံပြုပေါ့။ဒါမျိုး မကြာခဏ လုပ်ပေးနေရင် ကိုယ့်ရည်မှန်းချက် ပိုခိုင်မာလာပြီး ကိုယ့်ရဲ့နိစ္စဓူဝ ဆောင်ရွက်မှုတွေဟာလဲ ပန်းတိုင်ရောက်ဖို့ အထောက်အကူပြုတဲ့ အလုပ်တွေချည်း ဖြစ်လာပါလိမ့်မယ်။ ပန်းတိုင်ကို မျက်ခြေမပြတ်တော့သလို တခြားအရေးမပါတာတွေနဲ့ ငြိတွယ်ပြီး လမ်းကြောင်းပြောင်းတာမျိုး မဖြစ်တော့ဘူးပေါ့။ ကြာလာတာနဲ့အမျှ suggestion က မသိစိတ် unconscious mind ထဲထိ ရောက်ရှိစွဲမြဲသွားပြီး ကိုယ်ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊အတွေးအခေါ် ကအစ တဖြည်းဖြည်း အပြုသဘောဖက်ကို ပြောင်းလဲလာတာ တွေ့ရပါလိမ့်မယ်။
မသိစိတ်ဆိုတဲ့ unconscious mind ဟာ အလွန်တန်ခိုးကြီးပါတယ်။ သူ့ဆီရောက်လာတဲ့ ဘယ်လို လိုအင်ဆန္ဒမျိုးကိုမဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြည့်ဝသွားအောင် ဖန်တီးပေးတတ်ပါတယ်။
ဒါကြောင့် ကံကြမ္မာတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကပါ ကိုယ်မြင်ယောင်ထားတဲ့၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ဆီကို ရောက်အောင် တွန်းပို့ ဖန်တီးပေးတာကို တွေ့ရပါလိမ့်မယ်။ဒီလိုနည်းနဲ့ သတ္တိမရှိတာကို ရှိလာအောင်၊ ဝီရိယနည်းတာကို များလာအောင်.. စသဖြင့် ကိုယ်ဖြစ်ချင်တဲ့ဘဝမျိုးကို ဖန်တီးယူနိုင်ပါတယ်။ ဒါကြောင့် visualization ကို အထင်မသေးသင့်ပါဘူး။
ပြောရမယ်ဆိုရင် ထင်မြင်စိတ်ဟာ စိတ်တန်ခိုး will power ထက်ကို ပိုပြီးအစွမ်းထက်ပါတယ်။ မြေပြင်ပေါ်မှာချထားတဲ့ ရထားလမ်းပေါ်မှာ လမ်းလျှောက်ကြည့်၊ ငါမကျနိုင်ဘူးလို့ ထင်မြင်ထားတဲ့အတွက် အခက်အခဲမရှိ လျှောက်နိုင်ပါတယ်။ အမြင့်ကြီးမှာ တင်ထားလိုက်ရင်တော့ ငါကျမှာပဲ၊ကျရင်သေမှာပဲလို့ ထင်မြင်ထားတဲ့အတွက် ပြုတ်ကျမှာ အသေအချာပါ ပဲ။ ငါမကျရဘူးလို့ will power နဲ့လုပ်လေလေ ပိုမြန်မြန်ကျလေပါပဲ။
ဂျပန်လူမျိုးတွေ အခြားလူမျိုးတွေထက် သတ္တိရှိ၊ ဇွဲလုံ့လရှိရတဲ့ အကြောင်းရင်းက သူတို့ကိုယ်သူတို့ နေမျိုးနွယ်တွေ၊ သူများတွေထက်မြင့်မြတ်တယ်ဆိုတဲ့ ထင်မြင်စိတ်ကြောင့်ပါ၊၊ ဒီ visualization ကြောင့်ပါပဲ။
ထင်မြင်စိတ်က အရေးပါတဲ့အတွက် auto suggestion လုပ်တဲ့နေရာမှာတောင် “မဖြစ် မဟုတ်” ဆိုတဲ့ negative မသုံးရပါ ဘူး။ ငါလူပျင်း လူပျော့ မဖြစ်စေရဘူးဆိုတာထက် ငါဇွဲလုံ့လရှိတဲ့၊ သတ္တိဗျတ္တိရှိတဲ့သူ ဖြစ်ရမယ် ဆိုတာမျိုး သုံးသင့်ပါတယ်။
ဒါကြောင့် “ဗမာစော ရှမ်းတောကအပြန်” တို့၊ “တရုပ်လိုရှာ၊ ကုလားလိုစု၊ ဗမာလိုမဖြုန်းနဲ့” ဆိုတာမျိုးတို့၊ “ဗမာက တစ်ယောက်ထဲဆို အိပ်တယ်၊ နှစ်ယောက်ဆို စကားများတယ်၊ သုံးယောက်ဆို ထချတယ်” ဆိုတဲ့ ကိုယ့်လူမျိုးကိုယ် ရှုံ့ချတဲ့ စကားမျိုးတွေ ရယ်စရာဟာသအနေနဲ့တောင် မပြောသင့် မရေးသင့်ပါဘူး။ အမျိုးမာန်၊ ဇာတိမာန် လျော့ကျ နိမ့်ကျသွားတတ် လို့ပါ။
ဒါကြောင့် အမျိုးမာန်တက်စေတဲ့ ပုံပြင်တွေ၊ စကားပုံတွေ၊အကြောင်းအရာတွေကိုပဲ ရေးကြပြောကြစေချင်ပါတယ်။ ဥပမာ သူခိုးမရှိသော တိုင်းပြည် ဆိုတဲ့ ဆောင်းပါးမျိုးပေါ့။ ဂုရုကြီးဂိုအင်ကာရဲ့အဘိုး မြန်မာပြည်မှာ ကိုယ်တွေ့ ကြုံခဲ့ရတာကို ရေးထားတဲ့ဆောင်းပါးပါ။ ဖတ်မိတဲ့လူတိုင်း ဒို့လူမျိုးက မြင့်မြတ်တဲ့လူမျိုးပါလားလို့ ခံစားမိစေနိုင်ပါတယ်။ မြင့်မြတ်တဲ့ လူမျိုးဆိုတဲ့ ထင်မြင်စိတ် ခိုင်မာလာရင်တော့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိလာကြမှာပါ။ အတွေးအခေါ်တွေ၊ စိတ်ဓာတ်အမူအကျင့်တွေလဲ တိုးတက်ပြောင်းလဲလာကြမှာပါ။
ဒါကြောင့် နိမ့်ကျစေတဲ့ အတွေးတွေ၊ စိတ်ကူးတွေကိုလဲ မတွေးဖို့၊ အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်ကူးတွေကိုပဲ မွေးမြူဖို့ အရေးကြီးပါတယ်။
ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးဖြစ်စေ၊ ဘယ်လောက်ခက်ခဲရှုပ်ထွေးတဲ့ အံ့ဖွယ် လုပ်ငန်းကြီးမျိုးဖြစ်စေ လူတစ်ယေါက်ရဲ့ စိတ်ကူးကနေစတင်ရတာပါ။ စိတ်ကူးဆိုတာက ဖြစ်နိုင်ခြေအသစ်တွေ၊ အိုင်ဒီယာအသစ်တွေကို နှိုးဆွ ထွက်ပေါ်စေတဲ့ လက်နက်ကရိယာပါ။
“စိတ်ကူးခြင်းသည် အသိပညာထက် အရေးကြီးသည်” တဲ့ အိုင်းစတိုင်းရဲ့ အဆိုအမိန့်ပါ။ စိတ်ကူးခြင်းသည် ကမ္ဘာကို စိုးမိုး စေသည်လို့လဲ ဒစ်စရေယယ်လီက ဆိုခဲ့ပါတယ်။ ဒီလိုအရေးပါတဲ့အတွက်ကိုယ့်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေကို လျစ်လျုရှု မထားသင့်ပါဘူး။ စိတ်ကူးတွေနဲ့ပတ်သက်လို့ မာ့ခ်ဗင်ဒိုရင်ကလဲ “စိတ်ကူးများကို ခေါ်လာပြီး တခမ်းတနား ဧည့်ခံပြုစုပါ၊ သူတို့ထဲက တစ်ယောက်သည် ရှင်ဘုရင်ဖြစ်နိုင်သောကြောင့်ပါ” လို့ဆိုခဲ့ပါတယ်။
ဒါကြောင့် ကိုယ့်အတွင်း အဇ္ဈတ္တ၊ အတွင်းစိတ်ထဲက အတွေးတွေ စိတ်ကူးတွေရဲ့ အသံကို နားစွင့်ပြီး မကောင်းတာပယ်၊ ကောင်းတာဆယ်၊၊ ပြီးတော့ will power စိတ်တန်ခိုးအင်အားနဲ့ ကိုယ့်ရဲ့အတွေးတွေ စိတ်ကူးတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုရင်ဖြင့် အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်ကြမှာပါ။
ထင်ကျော် (စက်မှုတက္ကသိုလ်)