မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၃၈၃)
သရော်ထားသည့် ဤ၀တ္ထုကြောင့် အလုပ်မပြုတ်သည့်ပြင် ….
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈
(၁)
၁၉၆၅ ခု၊မတ်လ တမနက် ဤ၀တ္ထုကိုရေးပြီး ထုံးစံအတိုင်း ရှုမ၀ သို့ပေးလိုက်၏။ ထိုအချိန်ထိ ကျနော် ၀တ္ထုတို အပုဒ် ၆၀ လောက်ရေးသားခဲ့ပြီး” ပြည်လည်ဆုံဆည်းရာ” ကစ၍ ရှုမ၀မဂ္ဂဇင်းကိုသာ ဆက်တိုက်ပေးခဲ့ရာ (၄၃) ပုဒ်ရှိခဲ့ပြီ။ ဦးကျော်က ရုပ်ရှင်ဘက်သို့ကူး၊ ဆရာတင့်တယ် စန္ဒာမဂ္ဂဇင်းသို့ရောက်၊ အယ်ဒီတာချုပ် ဖြစ်နေသော မောင်ဆွေတင့်က မကြိုက်ဟုဆို၍ မြ၀တီ သို့ပေးရာ မေလထုတ်၌ ပါလာသည်။”လမ်းထိပ်က ဘိုလင်မယား” သည် မောင်အောင်မွန် အဖို့သာမန်ဝတ္ထုတပုဒ်။
သို့သော်လည်း—။
စစ်တပ်အာဏသိမ်းစ မဆလခေတ်ဦး စပ်ကူးမပ်ကူး ကျနော်တို့ မြန်မာ့အသံသို့ အသစ်ရောက်လာသူ ဗိုလ်မှူးနား ကပ်ဖား နေသူ ဦးအနားပြာက”လမ်းထိပ်ကဘိုလင်မယား” သည် ဌာနတွင်းက ဇနီးမောင်နှံ အကြောင်း ရေးသားထားခြင်း ကြောင့် ပြင်းထန်စွာအရေးယူသင့်ဟု အစည်းအဝေးတွင်တိုင်တန်းသည်။
စိတ်ဓာတ်စစ်ဆင်ရေးဌာမှ ဗိုလ်ကြီးကျော်ဝင်းအား မြ၀တီမဂ္ဂဇင်းပေးကာ စုံစမ်းစေ၏။
(၂)
လက်ဖက်ရည် ၂ ခွက်နှင့်အသင့်စောင်နေသော ဗိုလ်ကြီးကျော်ဝင်းက တော်တော်ကောင်းတဲ့ဝတ္ထု–အဲဒါကြောင့် လက်ဖက် ရည်တိုက်တာ” ဟု အမှုလိုက် ဗက ကျော်ဝင်းကပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပေါ်လစီဒါရိုက်တာ ဦးစောဦးထံ တိုင်ပြန်ကြောင်း သတင်းထွက်လာပြီးနောက် စာကြည့်တိုက်က မြ၀တီမဂ္ဂဇင်း လက်မလည်အောင်ဖတ်ကြ၏။ ရင်းနှီးသော အမျိုးသမီးဝန်ထမ်းများက ကျနော်နှင့်ဆုံတိုင်း “ချမတို့ဘုရင်မကြီး ခလေးတယောက်မွေးတယ်” ထမင်းစားကြစဉ်တွင်လည်း “ချမားတို့ အင်္ဂလိမ်မှာနော်-ဒီငါးစားလို့မဖြစ်ဘူး၊ ဒီငါး–ဗမားလို ဘာခေါတယ်-ငါးပြေမ ငါပြေးမား–“ ဟုအသံနေအသံထားနှင့် အတွန့်တက်ပြီးနောက်လာကြပြီ။
(၃)
မေ့လောက်သင့်ချိန်၌ သိမ်ဖြူလမ်းရှိ သူ၏ရုံးသို့လာရန် ဦးစောဦး တယ်လီဖုန်းဆက်ခေါ်လေပြီ။
အနားပြာက၀မ်းသာ ကျနော်က ဘုရားတကာ သွားရသည်။ ဤ၀တ္ထု ဘာ့ကြောင့်ရေးရတလဲ၊ပင်ကိုရေးလား၊ ဘယ်လိုစိတ်ကူး စရသလဲ၊ အထူးသဖြင့် ဇာတ်ကောင်တွေကို အပြင်မှာမြင်ဖူးသလား စသဖြင့်တန်းမေးသည်။ Bhowani Junction ရုပ်ရှင် ကြည့်ရင်း စိတ်ကူး inspiration ရစေတာကလွဲပြီး ကိုယ်ပိုင်ဝတ္ထုပါဟု ပြန်ဖြေရှင်းပြလိုက်၏။
John Masters ရေးတဲ့ Bhowani Junction ၀တ္ထု အားရင်ဖတ်ကြည့် သိပ်ကောင်းတယ် ဟု ဂျာနယ်ကျော်စောဦး၊ မြ၀တီ အယ်ဒီတာချုပ်ဟောင်းက သောက်လိုက်ပါဦး လက်ဖယ်ရည်အေးသွားလိမ့်မယ်– လမ်းထိပ်က ဘိုလင်မယားကို ဂုဏ်ပြုတာ လေ တဲ့။
ဝမ်းသာလွန်း၍ အနာပြာအားခေါ်ပြချင်ပါဘိ။
(၄)
၁၉၆၅ ခု၊ နှစ် Radio Moscow မြန်မာပိုင်းတွင် အလုပ်လုပ်ဖို့သွားခါနီး စာရေးဆရာ မောင်တင်မြက ဂုဏ်ပြုညစာစားပွဲ တည်ခင်းသည်။ စာရေးဆရာ ထင်လင်းအိမ်မှာပါ၊ မောင်ဆွေတင့်ကိုလည်းဖိတ်၏။
စာဖတ်သူမကြိုက်သည်ကို ကြိုက်အောင်လုပ်၍မရ၊ ကြိုက်ပြီဆိုလျှင်လည်း တား၍မရဟု ဆရာထင်လင်းက မှတ်ချက်ချသည်။
(၅)
ဆိုဗီယက်ယူနီယံဆိုင်ရာ မြန်မာသုံရုံးမှ ပထမအတွင်းဝန် ဦးကျော်နှင့် သူ့ဇနီး ဒေါ်ကြူကြူက စာဖတ်ဝါသနာပါသူမို့ လမ်း ထိပ်က ဘိုလင်မယား ၀တ္ထုမျက်နှာကြောင့် သီးခြားညစာဖိတ်ကျွေးသည်။
VOA မြန်မာပိုင်းမှာ အလုပ်ရ၍ ၁၉၉၅ ခု၊ အောက်တိုဘာလ Washington DC သို့ရောက်ရှိ နေထိုင်စဉ် ၂၀၀၀ ခု၊မေလ New York မြို့မှာ စာပေဟောပြောပွဲ သတင်းသွားယူရသည်။ အနောက်တိုင်းဝတ်စုံ အကောင်းစားကို သေသပ်စွာ ၀တ်ဆင်ထားသူ တယောက်က ကျနော့်အားစူးစမ်းစွာကြည့်ရင်းလျှောက်လာပြီး –ဘယ်သူလဲ ဟုမေးရာ၊၀င်းအောင်ပါ ဟုဖြေရ၏။ ကျနော့်ကိုဖက်ပြီး ကိုဝင်းအောင် ကိုမမှတ်မိ၊ မောင်အောင်မွန် ကိုမေ့ချင်မေ့မယ်– လမ်းထိပ်က ဘိုလင်မယား ကတော့ တသက်လုံးမျကစိထဲ မြင်နေမှာဟု အားပါးတရပြောသည်။
သူကား မောင်ဝံသနှင့်အတူ ကျနော့်ထံလာလေ့ရှိသူ၊ ပီဂျီစိုးမင်း (သတင်ထောက် ဈာန်ရ) နှင့်အတူ စစ်အစိုးရအောက်က ထွက်ပြေးလွတ်မြောက်ခဲ့သူ သတင်းထောက် လက်ထောက်အယ်ဒီတာ ကိုခင်ညို( WPD) ဖြစ်သည်။
(၆)
ကျနော်တို့ VOA မြန်မာပိုင်းသို့ ရောက်လာသော လူသစ်များအနက် သံတမန်ဟောင်း ဒေါ်ခင်စိုးဝင်းက စာဖတ်အား ကောင်းသူ။သည်လိုနှင့် ကျနော့်အား မောင်အောင်မွန်အဖြစ် သိသွားသောအခါ မကြာလိုက်ပါ၊ လမ်းထိပ်က ဘိုလင်မယား ၀တ္ထုထဲက စကားလုံးများ စာသာများ ရွတ်ပြလေတော့၏။
ပြန်ဖတ်ချင်ကြောင်းလည်း ပြောစမြဲပင်။
(၇)
မောင်အောင်မွန်၏ ပင်ကိုရေးဝတ္ထုများအနက် အပုဒ် (၂၀) စုစည်းထုတ်ရာ လမ်းထိပ်က ဘိုလင်မယားဟု စာအုပ်နာမည် ပေးခဲ့၏။
ဆိုခဲ့သည့်အတိုင်း လမ်းထိပ်က ဘိုလင်မယား သည် မောင်အောင်မွန်အဖို့ သာမန်ဝတ္ထုပါ။
သို့သော်လည်း ရိုက်ခဲ့သည့် ဂယက်ကြောင့် အဆင်မသင့်လျှင် အလုပ်လည်းပြုတ်ချင်ပြုတ်မည်။ သို့သော်လည်း မပြုတ် သည့်ပြင်– မြင်သည့်အတိုင်း အကျိုးဖြစ်ထွန်းခဲ့သည်။ ဌာနတွင်းက ဇနီးမောင်နှံလည်း သူတကာနည်းတူ လမ်းထိပ်က ဘိုလင်မယား ၀တ္ထုဖတ်သော်ငြားလည်း သံသယကင်းစွာနှင့် ခင်မင်သွားပုံပြန်တွေးမိကြောင်းပါ။
၂၀၁၈ ခု၊ ဒီဇင်ဘာလ (၁၈) ရက်နေ့