ကဗျာ

လင်းသက်ငြိမ် ● ပြတ်ရှရခြင်းကိစ္စ

လင်းသက်ငြိမ် ● ပြတ်ရှရခြင်းကိစ္စ
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၈

ဆံပင်ရှည်ကတည်းက စိတ်မရှည်တော့တာပဲ
ဖွင့်လက်စသီချင်းတွေ ဘယ်တော့မှမဆုံးဘူး
ဆားကြောင့်ငံခဲ့ရတဲ့ ငါးခြောက်ပါ
ခရမ်းချဉ်သီးကို ဓားနဲ့လှီးခဲ့တယ်
ကိုယ့်လည်ပင်းလို့ ထင်မှတ်လာပြီး အထိတ်တလန့် စမ်းမိ
သေနတ်၊ ဆေးဝါး၊ ခေါင်းတလား လူလုပ်ကရိယာတွေနဲ့
ခြေတုတွေအသုံးဝင်ဖို့ ခြေထောက်တွေပြတ်ပေးခဲ့ရတဲ့ကမ္ဘာ
ငြိမ်းချမ်းရေးဆိုတာ ဘုရားပွင့်တယ်ဆိုတဲ့​ ကောလာဟလလိုပါပဲ
ရေလို အရောင်တိုင်းကို သဘောလွယ်မိလို့လား
ပေါင်မုန့်တွေ ဓားလိုထက်ရှပြီး ပါးစပ်ထဲဝင်သွားကြ
ကိုယ့်လက်ကိုယ် တူနဲ့ထုမိသလို နာရတယ်
ကိုယ့်လျှာကိုယ်ကိုက်မိသလို မျက်ရည်ဝဲရတယ်
လူတဲ့ အချင်းချင်းအတွက် သေကွင်းသေကွက်တွေ မရှားခဲ့ဘူး။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts