အိတ်ကိုင်
ကမ်လူဝေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈
ကျွီ ဝုန်း ဂျိမ်း
လမ်းမပေါ်မှကျယ်လောင်သောအသံကြောင့် လူများဝိုင်းအုံလာကြသည်။ လမ်းမပေါ်တွင် ကုန်တင်ကား တစီးနှင့်ဆိုင်ကယ်တစီးတို့ ခေါင်းခြင်းဆိုင်တိုက်ထားကြသည်။ အရှိန်နှင့် ယာဉ်ကျောအမှန်အတိုင်းမောင်း လာသော ကုန်တင်ကားက ယာဉ်ကျောပြောင်းပြန် မောင်းဝင်လာသောဆိုင်ကယ်ကို တိုက်မိခြင်းဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင်ပါလာသောလူငယ်လေးမှာ ဆိုင်ကယ်ပေါ်မှလွင့်စင်ထွက်သွားပြီး လမ်းမပေါ်တွင်ငြိမ်သက်သေဆုံးလျက်ရှိသည်။ ထူးခြားချက်မှာ သေဆုံးသွားသည်အထိ လူငယ်လေးသည် သူ၏လက်ထဲတွင်အိတ်တလုံးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည်။
x x x
မျိုးကိုသည် ငယ်စဉ်ကတည်းက အဖေမရှိတော့ အမေနှင့်သာကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူ၏အဖေမှာ သူငယ်ငယ် နှစ်နှစ်သုံးနှစ်သားအရွယ်ကတည်းက သေခဲ့ပြီဖြစ်သည်။ ရပ်ကွက်ထဲတွင်စကားများရန်ဖြစ်ကြရင်း ဓားနှင့်ထိုးခံရသောကြောင့် သူ့အဖေသေခဲ့ခြင်းဖြစ်သည်။
အမေ၏အလိုလိုက်ခြင်းကိုခံခဲ့ရသောကြောင့် စာလည်းကောင်းကောင်းမသင် ၈ တန်းနှင့်ကျောင်းထွက်ပြီး ပေါ့ပေါ့နေ ပေါ့ ပေါ့စားဘဝဖြင့် ရပ်ကွက်ထဲကလူများ လက်တိုလက်တောင်းခိုင်းသမျှလုပ်ရင်း အသက်ရှင်နေသူဖြစ်သည်။
ကံထမ်းလာတာမမြင်ရဟူသောစကားလို မျိုးကိုတယောက်ကံဇာတာတက်လာသည်။ သူနင့်ဆွေမျိုးမကင်းသောအကိုတယောက် ဆေးတက္ကသိုလ်မှဘွဲ့ရပြီး သူတို့ မြို့ကလေးကိုပြန်လာ၍ဆေးခန်းဖွင့်သည်။ ထိုအခါ ဆေးခန်းတွင် လက်တိုလက်တောင်းခိုင်းရန် မျိုးကိုကို ခေါ်ထားသည်။ ဆရာဝန်ရှားပါးဆေးခန်းရှားပါးသော သူတို့မြို့ကလေးတွင် အရှင်မွေးနေ့ခြင်းကြီးဆိုသလို မျိုးကိုတယာက်မျက်နှာပွင့် လူရာဝင်လာသည်။
ဆေးခန်းတွင်တောက်တိုမယ်ရ သူ့ဆရာကိုကူရပြီး သူ့ဆရာ အိမ်ပင့်လူနာကြည့်သွားပါက သူ့ဆရာ၏ဆေး အိတ်ကိုကိုင်၍နောက်ကလိုက်ရသည်။ ထိုဆေးအိတ်ကိုကိုင်ရသည့်အချိန်မှစ၍ မျိုးကိုတယောက် ပြောင်းလဲလာပါတော့သည်။
မျိုးကို၏နေပုံထိုင်ပုံ ဝတ်ပုံစားပုံတို့အလုံးစုံပြောင်းလဲသွားသည်
။
သူ့ဆရာစွန့်ကြဲထားသော စတိုင်ဘောင်းဘီကို မချွတ်တမ်းဝတ်တတ်လာသည်။ လမ်းလျှောက်သောအခါတွင် ခေါင်းကိုမော့ရင်ဘတ်ကိုကော့ ၍ ခြေဖနောင့်သံစူးသလို မြောက်ကြွကြွဆတ်တောက်တောက် လျှောက်တတ်လာသည်။
သူ့ငယ်သူငယ်ချင်း မိတ်ဆွေများလက်ဖက်ရည်ဆိုင်ထိုင်ဖို့ခေါ်သောအခါများတွင် “ငါက မင်းတို့တွေလို အား ယားနေတာမဟုတ်ဘူးကွ၊ အလုပ်ရှိတယ်။ မင်းတို့တွေလဲ အလေလိုက်မနေကြနဲ့ အလုပ်လေးဘာလေးလုပ်ကြဦး။ နောက်ကြုံတုန်းတခါ တည်းပြောထားရဦးမယ်။ ငါ့ဆီက အကြွေးတောင်းသလို အကူအညီလာမတောင်းကြနဲ့။ ငါက အကြွေးတောင်းမည့် ကောင်တွေကိုဝေးဝေးကရှောင်တယ် ” စသဖြင့်ပြောဆိုပြီး ငြင်းတတ်လာသည်။
သူ့မိတ်ဆွေဟောင်းများနှင့်သာ လက်ဖက်ရည်ဆိုင်ထိုင်ရန်ငြင်းတတ်သော်လည်း သူယခင်က ကြည့်မရ သောသူ့ကိုလည်းအဖက်မလုပ်ခဲ့သော ရပ်ကွက်ထဲမှ ငွေကြေးချမ်းသာသောသူများနှင့်မူ နေ့စဉ်အတူထိုင်၍ လက်ဖက်ရည် သောက်တတ်လာသည်။ ကိုမျိုးကို ကိုမျိုးကိုဟုခေါ်သော ပိုက်ဆံချမ်းသာသူများ၏အသံများ ကြားတွင်သာယာနေပြီဖြစ်သည်။ ပိုက်ဆံချမ်းသာသူများသောက်သောလက်ဖက်ရည်ကပင်လျှင် ပို၍ကောင်းသလို အဆင့်ရှိသလို ထင်မြင်ကျေနပ်နေပြီဖြစ်ပါသည်။
မျိုးကိုသည် သူ၏လုပ်ပိုင်ခွင့်ကို အခွင့်အရေးတရပ်အဖြစ်ကောင်းစွာအသုံးချတတ်သူဖြစ်သည်။ သူ့ကိုပေးကျွေးထားသူများဆေးခန်းသို့လာပြလျှင် တန်းစီစောင့်နေ ကြသူများကိုကျော်၍ဆရာဝန်စမ်းသပ်ခန်း ထဲသို့ကျော်ထည့်တတ်သည်။ တန်းစီစောင့်နေသူများက မကျေနပ်၍ပြောလျှင်လည်း သူကပင်တပြန် အပြစ်တင်စကားကို မျက်နှာပြောင်တိုက်၍ပြောတတ်သည်။
“ဒါကဆေးကုနေတာဗျ။ လူနာအရေးကြီးရင်ကြီးသလိုဦးစားပေးရမှာ။ ခင်ဗျားက အအေးမိချောင်းဆိုးတာပဲ သူကရင်တုန်တယ်လို့ပြောနေတာ ဒါအရေးကြီးလို့ အရင်ပြပေးတာ။ ဘာလဲသူကကျုပ်ကိုကျွေးမွေးထားလို့ ကြားဖြတ်ထည့်ပေးတယ်ထင်တာလား ” စသဖြင့် ရန်တွေ့တတ်သည်။
ဆေးခန်းရှားပါးသောမြို့ကလေးတွင် သူပြောသမျှကိုပြန်မပြောသာသရွေ့အားလုံးက ခေါင်းငုံ့ခံကြရသည်။ လည်ဝယ်သူတွေကတော့ သူ့ကိုအတင်းပေါင်းသင်း ကျွေးမွေးထားတော့သည်။ ထိုသို့ ပေါင်းသင်းကျွေးမွေးထားသူ အအေးမိချောင်းဆိုး၍ဆေးခန်းသွားပြလျှင်လည်း သူကဦးစားပေးကြားဖြတ်ဝင်ခွင့်ရသူ။ ထိုသို့သောအခြေအနေတွင် မျိုးကို၏စကားက တမျိုးပြောင်းသွားပြန်သည်။
“အအေးမိချောင်းဆိုးတယ်ဆိုတာက ကူးစက်ရောဂါပဲ။ ဒီမှာကြာကြာနေရင်ကျန်တဲ့သူတွေ ကူးကုန်မှာစိုးရ တယ်။ ချောင်းဆိုးတယ်ဆိုတာက အသက်ရှူပါကြပ်နေ တာအန္တရာယ်ရှိတယ်။ ဒါကြောင့်အရင်ပြပေးတာ။ သူကျွေးတာစားထားလို့လုပ်တယ်ထင်မနေနဲ့ “
ငြိမ်မခံနိုင်သူက ” ငါလည်းအအေးမိပြီးချောင်းဆိုးလို့လာပြတာပဲကွာ။ ငါကတော့အရေးမကြီးဘူးလား”
“ခင်ဗျားကဘယ်လောက်နားလည်လို့လဲ။ ကျုပ်လောက်နားလည်လို့ရှိရင် ကျုပ်နေရာမှာ လာလုပ်လိုက်ပါလား။ ကျုပ်လောက်နားလည်အောင် အရင်လုပ်လိုက်ဦး။ ဆေးကုခံမယ်ဆိုပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ထိုင်စောင့်နေ” စသဖြင့် အနိုင်ယူတတ်သည်။
ဤသို့ဖြင့် ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်များ အားလုံး တစတစ မျိုးကိုဘေးမှ ဖယ်ခွာသွားကြသည်။ မျိုးကိုကတော့ သူ့ထံမှအခွင့်အရေးကိုမျှော်ကိုး၍ ပေးကျွေးပေါင်းသင်းသူများကြားတွင် မိုးမမြင်လေမမြင် ကျေနပ်ပျော်ရွှင်လို့နေသည်။
မျိုးကို၏ဆရာက ဆေးခန်းတွင်သုံးရန် ဆိုင်ကယ်တစီးဝယ်ပေးထားသည်။ ထိုဆိုင်ကယ်ပေါ်တက်ခွရတိုင်း မျိုးကိုတယောက် ကြွားကြွား ဝင့် ဝင့်။
ထိုဆိုင်ကယ်ဖြင့် မီးပွိုင့်တွင်မီးနီဖြတ်မောင်းသည်။ မဝင်ရသောလမ်းကိုဝင်သည်။ လမ်းပြောင်းပြန် ယာဉ်ကျောပြောင်းပြန် မောင်းသည်။ အားလုံးကမပြောသာသရွေ့ ဘေးမဲ့လွှတ်ထားကြသည်။ ထိုအခါ မျိုးကိုတယောက် မိုးမမြင်လေမမြင် ထင်သလိုမောင်းတော့သည်။
x x x
ဒီနေ့ အိမ်ပင့်လူနာကြည့်သွားသော
အခါ မျိုးကိုသူ့ဆရာနှင့်အတူပါသည်။ လူနာကိုဆေးကုပေးပြီးသောအခါ လူနာရှင်က ဆရာဝန်ကိုသူ့အိမ်မှကားနှင့်
လိုက်ပို့ပေးမည်ဟုပြောသည်။ ထို့ကြောင့် ဆေးအိတ်ကိုယူ၍ မျိုး ကိုတယောက်
တည်း ဆိုင်ကယ်နှင့်ဆေးခန်းသိြု့
ပန်ရန် ထွက်လာခဲ့သည်။ ထုံးစံအတိုင်း ဆေးအိတ်ကိုပေါင်ကြားတွင်ညှပ်ပြီး လက်တဖက် ဖြင့်ထိမ်းကိုင်ရင်
း ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့
သည်။
ဆေးခန်းနားသို့ ရောက်သောအခါ လုပ်နေကျအတိုင်း လမ်းမကြီးပေါ်တွင် ယာဉ်ကျောကိုပြောင်းပန်မော
င်း၍ ဆေးခန်းဖက်သို့ဦးတည်
လိုက်သည်။
လှမ်းကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းမှ ကုန်ကားတစီးမောင်းလာနေသည်။ သူ့ဆိုင်ကယ်ကိုမြင်လျှင် ခါတိုင်းလို ကားကအရှိန်လျော့၍ ရပ်စောင့်လိမ့်မည်ဟုတွေးသည်။ ဆေးအိတ်ကိုပြုတ်မကျအောင်ထိမ်းကိုင်ရင်းဆိုင်ကယ်ကို ဆက်မောင်းလာခဲ့သည်။
အရှိန်ဖြင့်မောင်းလာသောကားစက်သံကျယ်လောင်သောဟွန်းသံ ဘရိတ်ညှစ်သံတို့ကိုကြားလိုက်ပြီး ဒုံးခနဲ ကျယ်လောင် သောအသံနှင့်အတူ မျိုးကို၏ခန္ဓာကိုယ်သည် ဆိုင်ကယ်မှလွှင့်စင် ထွက်သွားလေသည်။
မျိုးကို၏ခန္ဓာကိုယ်သည် အရှိန်ပြင်းစွာ ကားလမ်းမနှင့်ရိုက်မိလေသည်
။ မျိုးကိုသည် တချက်နှစ်ချက်မျှ
တွန့် လိမ်ပြီး ငြိမ်သက်သွား
လေသည်။
မျိုးကိုသည် နောက်ဆုံးထွက်သက်အထိ သူ့ကိုအခွင့်အာဏာဖြစ်တည်စေသော ဆေးအိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင် ရင်း အသက်ထွက်သွားလေသည်။ ။
ကမ်လူဝေး