သရော်စာ မောင်လူရေး

မောင်လူရေး – သူခိုးမရှိတဲ့ ပြည်

မောင်လူရေး – သူခိုးမရှိတဲ့ ပြည်

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

ဖွတ်ဂါရာမတွင် အစိုးရသစ်တန်ခိုးကြောင့် ခိုးမှုမရှိတော့။

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ကြီးများက နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းသိန်းကျော်အောင်ခိုးလျှင် နိုင်ငံတော်က အထူးလုံခြုံရေးပေး စောင့်ရှောက်ပြုစုသည်။

နိုင်ငံပိုင် သယံဇာတများကို ခိုးယူသူများကိုတော့ ပြည့်ကြီးတန်ဆာ မဟာသူဌေးဘွဲ့ချီးမြှင့်ပြီး ခွင်မျိုးစုံ ဆက်လက်ဖန်တည်းပေးသည်။

သိန်းသုံးသောင်းလေးသောင်းမှ ခုနှစ်သောင်း ရှစ်သောင်းအတွင်းခိုးလျှင် သူခိုးက သူ ခိုးယူသည့်အရာကို အရစ်ကျ ပြန်ဆပ်ခွင့်ရှိသည့်အတွက် ချေးငှားသူအဖြစ် ပြောင်းလဲသွားသဖြင့် ခိုးမှုအရာ မမြောက်တော့ချေ။ သူခိုးတော့ ရှိသည်။ ခိုးမှု မမြောက်တော့ခြင်းဟု ဆိုလိုသည်။

တဖန် ခိုးရာပါပစ္စည်းတန်ဖိုးသည် သိန်းတထောင်မကျော်သေးလျှင် ပြန်လည်သိမ်းယူမည်မဟုတ်ဟု အမိန့်တော်မှတ်ပြန်လေရာ ယင်းအချက်သည် ခိုးမှုဟု သိသိသာသာ ဆိုခွင့်မရှိတော့သည့်အပြင် နိုင်ငံတော်အပေါ် ငဲ့ညှာသည့် သူတော်ခိုးအဖြစ် ဂုဏ်ပြုခြင်းပင် ဖြစ်ချေသေးရာ ခိုးမှုလောင်းအဆင့်ဟုတော့ သင် ဆိုဝံ့က ဆိုနိုင်ပေ၏။

သို့သော် သင်သည် သူတထူးကို သူခိုးဟု နှုတ်မှ ထုတ်ဆိုမိလျှင်တော့ သူခိုးအမျိုးအစားအလိုက် အသရေဖျက်မှုမှ နိုင်ငံတော်အကြည်ညိုဖျက်မှုအထိ ရောက်သွားနိုင်ပေသည်။ အကြောင်းမှာ အနှီ ယခု မျက်မှောက်ပစ္စက္ခ ချထားလေသည့်မူကို သေချာရှုကြည့်လျှင် သူခိုးဟူဘိ စိုးတစိမှ မရှိတော့။

ပဒေသရာဇ်မင်းအဆင့်က သိန်းသုံးသောင်းအထက်ခိုးလျှင်တောင် ပြန်မဆပ်ဖူးဟု မပြောသ၍ ခိုးမှုမမြောက်သေး။ ဌာနအကြီးအကဲများ မြို့စားနယ်စား အဆင့်ပါးပါးများအနေဖြင့် သိန်းတထောင်အောက်မိလျှင် ပြန်မသိမ်းသေးဆိုတော့ သင်မအောင့်နိုင်လျှင် သူခိုးဆိုသော ဝေါဟာရကို ပီကေကဲ့သို့ နှုတ်ခံတွင်းမှာ မြုံ့ပြီး အရသာခံရုံသာ ဖြစ်သင့်သည်။ ကွမ်းလို ထွေးထုတ်လျှင်တော့ သင့်ဒေါသနှင့်သင်ပင်။ အခန့်မသင့်လျှင် နိုင်ငံတော်ပုန်ကန်မှုလည်း မြောက်ကောင်း မြောက်သွားနိုင်သည်။ သူခိုးက ဘာမှမဖြစ် သင်က ထောင်နန်းစံရလိမ့်မည်။

သိန်းထောင်ဂဏန်းမျှ ခိုးမှုမိလျှင် ပြန်မသိမ်း။ သိန်းသုံးသောင်းအထက်မှ အရစ်ကျ ပြန်ဆပ်ရမည်။

သိန်းပေါင်းသိန်းသန်းကျော်လျှင် နိုင်ငံတော်အပူဇော်ခံဖြစ်သည့်အတွက် ယင်းပဏာမအောက်ဖြစ်သည့် ပဒေသရာဇ်မင်း၏ အိမ်တော်ပါကျွန်များ လာဘ်ယားလာဘ်ယားလုပ်လို့ (လပ်လျားလပ်လျားမဟုတ်) တိုက်ဆောက် ကားစီး ဂျော်နီချောင်းစီးသည့်ကိစ္စမျိုး။ သာမန်အရပ်သားများကျူးလွန်တတ်သည့် ဆိုင်ကယ်စီးနေသူကို ဆွဲချ ဝင်တိုက် ရိုက်နှက်သတ်ဖြတ်ခိုးသည့်အမှုမျိုး … ဆိုင်ကယ်စီးနေတုန်း တွန်းလှဲထိုးကြိတ် အိတ်ခိုးဆွဲသည့်အမှုမျိုးတို့လို တယောက်နှစ်ယောက် သေရုံကျိုးရုံ ကလေးကလား အသေးအမွှားတို့ကိုမူကား သင့်စိတ်ထဲမှာတောင် ခိုးမှုဟုလည်းကောင်း သူခိုးဟုလည်းကောင်း မပြောအပ်တော့ချေ။ မနှစ်လို့သောအမူအယာပြရုံမျှဖြင့် မင်းပြစ်သင့်နိုင်သည်။

နောင်မကြာမြင့်မီတွင် ခိုးသူများသည် ခိုးမှုများကို ဖေ့ဘွတ်ကနေ ဂုဏ်တူဂုဏ်ပြိုင် တင်လာကြတော့မည်။ မရှယ်မိလျှင်သော်လည်းကောင်း။ သူတို့ဟာကို အသဲမပေးမိလျှင်သော်လည်းကောင်း ဒုက္ခများသည့်ခေတ်ကို ရောက်ပေတော့မည်။ သာမန်မင်းစေလေးများဖြစ်သည့် နားလည်မှုရှိပါ … တို့ လက်ဖက်ရည်ဖိုးပေးခဲ့ပါ … တို့ဆိုသည်ကတော့ သူခိုး၏ ဖောလိုးဝါးအဖြစ်ပင် ရရှိမည်မဟုတ်။ ခိုးမှုနားပင် သီခွင့်မရှိ။ သူခိုးလောင်းဖြစ်ဖို့ပင် ဒီဘဝ ဒီမျှဟု ဆိုရတော့မည်။ ဥပမာ ဖေ့ဘွတ်မှာ တက်လာသော မူးယစ်ဆေးပြားမိမှုများတွင် သိန်းထောင်ဂဏန်းတန်ဖိုးလောက်ဆိုလျှင် သတင်းလုပ် ဖတ်မနေကြတော့သလိုမျိုးပင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts