လေထီးသမားတွေ
ကျော်ကျော် (မြရည်စမ်း)
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၈
တခေတ်တခါတုန်းက ရထားပေါ်ကနေ အလစ်သုတ်ပြီးခုန်ချတဲ့သူတွေကို လေထီးသမားတွေလို့ နာမည်ပြောင် ပေးခဲ့ကြတယ်။ သူတို့က တယောက်ထဲလည်း လှုပ်ရှားကြတယ်။ သုံးယောက်လေးယောက်အုပ်စုလိုက်တွေလည်း လှုပ်ရှားကြတယ်။ ရထားနဲ့ပတ်သက်လို့တော့ အဆင်းအတက် မျက်စိမှိတ်ထားလို့ရတဲ့အထိ ကျွမ်းကျင်ကြတယ်။ အရှိန်နဲ့မောင်းလာတဲ့ရထားဘေးမှာ ကျောက်ရုပ်ကြီးလိုငြိမ်နေပြီး ဖျတ်ခနဲဇတ်ခနဲလည်း ပြတင်းဘောင်ကိုဟီးလေးခိုနိုင် ကြတယ်။ အဆင်းအတက်လက်ရမ်းကို ကျွမ်းဘားဆရာတယောက်လိုပေါ့ပေါ့ပါးပါးဆွဲတက်နိုင်ကြတယ်။ ရထားခေါင်မိုးပေါ်ကနေ ၂ ယောက်က ခြေထောက်ကိုဆွဲပေးထားပြီး ဇောက်ထိုးအနေအထားနဲ့ ပြတင်းပေါက်ထဲလျောခနဲဝင်လာပြီး ဆွဲကြိုးတို့နာရီတို့ဆွဲဖြတ်နိုင်တယ်။ ပြီးတာနဲ့လူတွေအံ့နေချိန်မှာ လစ်ခနဲအပေါ်ပြန်ဆွဲတင်သွားတတ်ကြတယ်။ လေထီးသမာတွေဆီမှာ ဓားချွန်းတွေ၊လောက်လေးခွတွေလည်း ပါလာတတ်လို့ အက်စ်စကော့လို့ခေါ်ကြတဲ့ရထားလိုက်လုံခြုံရေးတွေကလည်း ဖမ်းတဲ့ဆီးတဲ့အခါ သတိတော်တော်ထားကြရတယ်။
လေထီးသမားတွေပြီးတော့ ဂလန့်သမားတွေရှိသေးတယ်။ ဂလန့်သမားတွေကတော့ နှစ်ဖက်ချွန်သံချောင်း အမာကြီးတွေကိုကုန်ရထားတွဲ နှစ်တွဲကြားမှာ ကန့်လန့်ခံထည့်ပြီး ရထားတွဲနှစ်တွဲဘယ်ညာလူးတဲ့အခါမှာ တွဲနံရံသံခွံကြီးကို ပြဲအောင်ဖြဲကြတယ်။ သူတို့လိုလူမျိုးတွေကကတော့ ပိုင်လောက်မှ လုပ်ကြသူတွေပေါ့။ သတင်းထောက်လှမ်းတဲ့နေရာမှာလည်း ကျွမ်းကျင်ကြပုံရပါတယ်။
အိမ်ထောင်ပြောင်းတွဲတွေ အဖိုးတန်ပစ္စည်းပါလာတဲ့တွဲတွေကို ပစ်မှတ်ထားတတ်ကြတယ်။
ပုံမှန်လှုပ်ရှားနေတဲ့သက်ရှိသက်မဲ့မှန်သမျှမှာ အားနည်းတဲ့အချိန်အခါရှိတတ်ကြတော့ အဲဒါကို သူတို့အခွင့်အရေးအတွက် အသုံးချတတ်ကြတယ်။ ဂလန့်သမားတွေကတော့ လေထီးသမားတွေ ထက်မြက်မြက်စက်စက်ရတဲ့ အခါမျိုးတွေ ရှိမယ်ထင်ပါတယ်။
လေထီးသမားတွေကတော့ ဆွဲကြိုးတို့၊ နာရီတို့၊ ဟင်းန်ဘက်အိတ်တို့လောက်ကိုသာ ဆွဲချကြတာမို့ ခံလိုက်ရတဲ့သူကလည်း အမှုသာဖွင့်ချင်ဖွင့်လိုက်မယ် ကိုယ်ထူကိုယ်ထက သိပ်ပြီးရှိကြတာ မဟုတ်ဘူး။ ဘဝပျက်လောက်အောင် ပါမသွားဘူးဆိုရင် တချို့များ အမှုတောင်မဖွင့်တတ်ကြပါဘူး။ အဲဒီလိုနဲ့ ပွဲပြီးမီးသေဖြစ်သွားကြပါ တယ်။
ကျွန်တော့်အဖေဆိုရင်လည်း မွမ်းမံသင်တန်းကပြန်လာတုန်း စောင်အထုပ်ကြီး ဆွဲချခံလိုက်ရတယ်။ အဖေ့ကို ဘေးကလူတွေက အမှုဖွင့်ဖို့ပြောပေမဲ့ မဖွင့်ခဲ့ဘူးတဲ့။
အိမ်ရောက်တော့ အမေ့ကိုပြောတဲ့စကား ကျွန်တော်မှတ်မိနေ သေးတယ်။”ဆွဲချသွားတဲ့သူတွေလည်း ချမ်းရှာလို့နေမှာပေါ့ကွာ” တဲ့။
အဖေက အမှုဖွင့်မယ်ဆိုရင်လည်း ရထားကြီး ပထမဆုံးရပ်မယ့် ပစ္စည်းဆွဲချခံရတဲ့နေရာနဲ့ အနီးဆုံးဘူတာမှာ ဆင်းကျန်နေခဲ့ရမှာပါ။
ဆောင်းတွင်းကြီးအေးကအေးသနဲ့မို့ အမှုမဖွင့်ခဲ့တာလည်း ဖြစ်နိုင်တာပေါ့။ ပြီးတော့ ပစ္စည်းဆွဲချခံလိုက်ရတာကလည်း အဖေတယောက်ထဲရယ်။ ကံကံ၏အကျိုးလို့များ အဖေယူဆခဲ့လေသလား။
ဒါမှမဟုတ်ရင်လည်း အဖေ့ပြောခဲ့သလိုပဲ ” ချမ်းရှာလို့ နေမှာပေါ့ကွာ” ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်ကြောင့်များလား။ အဲတာတွေကိုတော့ အဖေကိုယ်တိုင်ပဲသိမှာပါ။
အဖေ့ရဲ့စောင်ထုပ်ကြီးဆွဲချခံရပြီးနှစ်အတော်လေးကြာတဲ့ အခါ မီးရထားကုမ္ပဏီတခုမှာ ကျွန်တော်အလုပ်ဝင်ခဲ့တယ်။ ကုမ္ပဏီက ရုံးပိုင်းရယ်၊ သွားလာပို့ဆောင်ရေးရယ် ၂ မျိုးရှိပေမဲ့ ငြိမ်ငြိမ်မနေ တတ်တဲ့ကျွန်တော်က ရထားလိုက်ဝန်ထမ်းအလုပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မန္တလေးကနေ မြစ်ကြီးနားကို ခုနှစ်ရက်တစ်ပတ်မှာ ရထားနှစ် ကြောင်းပြေးပါတယ်။
အဖေ့စောင်ထုပ်ကြီးကို လေထီးသမားဆွဲပြီးခုန်ချသွားတဲ့နေရာလေးရောက်ရင် သတိတရနဲ့ ကြည့်ဖြစ်ပါတယ်။ ဘယ်လိုခံစားချက်မျိုးမှတော့ ရင်ထဲမှာပေါ်မလာပါဘူး။
“ဒီနေရာလေးမှာ တချိန်တုန်းက အဖေ့စောင်ထုပ်ကြီးဆွဲချခံခဲ့ရဖူးပါလား” ဆိုတဲ့အသိလောက်ပဲ ရှိနေခဲ့တာပါ။ အဲသည်လိုနဲ့ အစုန်အဆန်ခရီးတွေတိုင်း သတိရဖြစ်ပါတယ်။
တခါတလေတော့လည်း မိုးချုပ်တဲ့အခေါက်တွေနဲ့ကြုံလို့ တွဲတံခါးတွေပိတ်ထားပြီဆိုရင် မသိလိုက်တော့ဘူးပေါ့။
တညမှာတော့ ညဆယ်နာရီထိုးလောက်ကြီး စားသောက်တွဲထဲမှာ ကျွန်တော်တို့စကားထိုင်ပြောနေခဲ့ကြတယ်။ စားသောက်တွဲကလည်း ညဆယ်နာရီထိုးရင် အရောင်းပိတ်တာမို့ လူရှင်းလောက် ဖြစ်နေပါပြီ။ ခပ်ထွေထွေတယောက် နှစ်ယောက်လောက်ပဲ ကျန်ပါတော့တယ်။
ရထားတွဲဆိုင်းကြီးက စက်ခေါင်းကနေနောက်ဆုံးတွဲအထိ ကူးသန်းလို့ရပါတယ်။ ရထားထိန်းတွဲ(ဂတ်တွဲ)ကိုတော့ ကူးလို့မရဘူး။ luggage အခန်းက ကြားထဲမှာခံနေတယ်။ ရထားတွဲတတွဲနဲ့တတွဲ ကြားမှာရှိတဲ့ တွဲပေါင်းကူးတံခါးတွေကိုတော့ ခပ်ထွေထွေခရီးသည်တွေ သူ့တွဲကိုယ်တွဲပြန်ကြမှ ပိတ်လို့ရမှာပါ။
အဲဒီနေ့က ဂျူတီလဲထားတဲ့စက်ခေါင်းမောင်းတယောက်ရယ်၊ လက်မှတ်စစ်တယောက်ရယ်၊ မီးထိုးတယောက်ရယ်၊ ကျွန်တော်ရယ်က ရောက်တတ်ရာရာပြောနေကြရင်း စားသောက်တွဲက အလကားရ တဲ့ ရေနွေးကြမ်းတဗူးကို သောက်နေကြတာပါ။ အပြင်မှာက အတော်ပဲအေးနေပြီမို့ ပြတင်းတံခါးတွေကိုလည်း ပိတ်ထားပြီးပါပြီ။ အဲဒီအချိန်လေးမှာပဲ တွဲခေါင်မိုးပေါ်က လမ်းလျှောက်သံသဲ့သဲ့ကို ကြားလိုက်ကြရတယ်။ အားလုံးရဲ့စကားသံတွေတိတ်သွားတဲ့အချိန်မှာ
ခေါင်မိုးပေါ်ကအသံလည်း တိတ်သွားတယ်။
လက်မှတ်စစ်က ခေါင်မိုးပေါ်ကိုလက်ညှိုးထိုးပြပြီး ခေါင်မိုး ပေါ်မှာ လူရောက်နေတယ်လို့ ပြောပါတယ်။ စားသောက်တွဲတာဝန်ခံက နောက်တွဲမှာပါလာကြတဲ့ရထားလုံခြုံရေးအဖွဲ့ကို သွားခေါ်ပါတယ်။ မီးထိုးက ပြတင်းပေါက်တံခါးကို ဖြည်းဖြည်းလေးမပြီး အသံမထွက်အောင်တင်လိုက်တယ်။ အပြင်က အေးစိမ့်နေတဲ့လေတွေ စားသောက်တွဲထဲကို တပြုံကြီးဝင်ချလာတယ်။ ကျွန်တော်ကတော့ ဘာတွေဆက်ဖြစ်လာတော့မလဲလို့ စိတ်လှုပ်ရှားနေရင်း အနွေးထည်ဇစ်ကို အပေါ် အထိ ဆွဲတင်လိုက်မိတယ်။ လေအေးအေးကြီးတွေက ဖွင့်ထားတဲ့ပြတင်းပေါက်က ဝင်နေကြတုန်းပဲ။
ရထားခေါင်မိုးပေါ်ကနေကြည့်လိုက်မယ်ဆိုရင်ပွင့်သွားတဲ့ ပြတင်းဝကနေ အလင်းစတွေ အပြင်မှာအကွက်လိုက်ပေါ်နေမှာ သေချာပါတယ်။
မီးထိုးက သူ့ရဲ့ငါးခဲထိုးလက်နှိပ်မီးနဲ့ ရထားခေါင်မိုးပေါ်ကို ထိုးကြည့်နေတယ်။ သူကလည်း လက်နှိပ်ဓာတ်မီး ရယ်ဒီဖြစ်နေတတ်တာ အကျင့်မို့လို့သာ ထိုးကြည့်ဖြစ်တာနေမှာ။
လက်နဲ့ခေါင်းကို အပြင်ဖက်ရဲရဲမပြူရဲရှာပါဘူး။ မတော်လို့များ အပေါ်ကနေတခုခုလုပ်ခဲ့ရင်ဆိုတဲ့အတွေးမျိုး ဝင်နေရှာမှာပေါ့။
ရထားနဲ့အပြိုင်လိုက်ပြေးနေတဲ့ အလင်းကွက်ရယ် ခေါင်မိုးအောက်တွဲထဲက လှုပ်ရှားသံတွေကြောင့်ရယ်လို့ထင်ပါတယ်၊ ခေါင်းမိုးပေါ်က ခြေသံပြင်းပြင်းကြီးကိုကြားလိုက်ရပါတယ်။ တိတ်ဆိတ်နေတဲ့ စားသောက်ခန်းထဲမှာတော့ အဲသည်အသံဟာ အကျယ်ကြီးပေါ်လာတယ်။ လုံခြုံရေးလိုက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က ရထားကြီးကို dead stop ဖမ်းပြီးရပ်လိုက်ဖို့ အကြံပေးတယ်။ “ရထားရပ်သွားတဲ့အခါ ခေါင်မိုးပေါ်ကလူကို ဝိုင်းဖမ်းကြမယ်” တဲ့။
အဲဒီစကားကိုကြားလိုက်ရတော့ ကျွန်တော်စိတ်ပူသွားမိ တယ်။ ဘာကိုစိတ်ပူသွားတာလဲဆိုတာ ဝေခွဲမရခင်မှာပဲ စက်ခေါင်းမောင်းက သူ့မျက်နှာကြီးကိုရှုံ့မဲ့ပြီး လုံခြုံရေးကိုပြန်ကြည့်တယ်။ ရထားလိုက်အတွေ့အကြုံနုနယ်သေးပုံရတဲ့ လုံခြုံရေးတပ်သားလည်း နားမလည်နိုင်တဲ့မျက်နှာနဲ့ ဖြစ်နေရှာပါတယ်။
တကယ်တော့လည်း အဲဒီတုန်းက ရထားခုတ်မောင်းနေတဲ့ အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၃၀ ကျော်လောက် ရှိပါတယ်။ အဲဒီအရှိန်ကို တုံ့ခနဲရပ်လိုက်ပစ်လိုက်ရင် ဖြစ်ပေါ်လာမယ့်
နောက်ဆက်တွဲကိစ္စတွေကို လုံခြုံရေးတပ်သားလေးခမျာ တကယ်ကို မသိရှာတာပါ။
ရထားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေါင်းမိုးပေါ်ကလူကို အပေါ်တက်ပြီးဖမ်းဖို့ စဉ်းစားကြတယ်။ ရထားတွဲတတွဲနဲ့တတွဲကြား ပေါင်းကူးနေရာတွေမှာ တချို့နေရာတွေက ရာဘာပြားကြီးတွေစုတ်ပြဲနေ ကြတယ်။ ခေါင်မိုးပေါ်မှာလိုက်လာတဲ့လူကလည်း အဲဒီလိုနေရာတွေကနေပြီး တွဲထဲကိုဝင်ဖို့ စိတ်ကူးထားပုံရပါတယ်။ ရထားတွဲက (၁၄) တွဲလောက်ပါပေမဲ့ တွဲတိုင်းမှာတော့ အဲဒီလိုဖြစ်မနေကြပါဘူး။ ဖြစ်နေတဲ့နေရာတွေကတော့ အတော်ဆိုးတယ်။
မိုးရွာတဲ့အခါမိုးယိုတယ်၊ ညရေးညတာလည်း စိတ်မချရပါဘူး။ အဲဒီတွဲတွေဟာ တွဲပြင်ရုံကိုပြန်ဝင်တဲ့အခါမှ သေသေချာချာပြန်ပြင်ရမယ့် တွဲတွေပေါ့။
တချို့တွဲတွေဆိုရင် ဘေးတံခါးတွေတောင် သေသေချာချာပိတ်လို့မရပါဘူး။ အပြင်ပန်းကြည့်ရင်တော့ ဆေးအသစ်တွေသုတ်ထားလို့ ခန့်ခန့်ကြီးဖြစ်ပေမဲ့ အကြောင်းသိသူတွေဆိုရင် ခွင့်ပြုချက်မရပဲ အလွယ်တကူဝင်နိုင်ထွက်နိုင်ကြပါတယ်။
လုံခြုံရေးတပ်ဖွဲဝင်လေးဟာ အပေါ်ဖက်ကိုမော့ကြည့်ရင်း ချီတုံချတုံဖြစ်နေရှာပါတယ်။
လေအေးအေးကြီးတွေဝင်လာတဲ့ ရထားတွဲပေါင်းကူး ဟကွဲကြီးနေရာကနေ ခေါင်မိုးပေါ်တက်ဖို့ကိစ္စဟာလည်း သေသေချာချာတွေးကြည့်လိုက်ရင် ရင်မအေးစရာပါ။ အပေါ်ဖက်အမှောင်ထဲမှာ
ရောက်နေသူက တက်လာတဲ့သူတွေကို ဆီးပြီးတော့အန္တရာယ်ပေးလိုက်မယ်ဆို လွယ်လွယ်လေးပဲ။
ရထားလိုက်လုံခြုံရေးတပ်ဖွဲ့ဝင်လေးတယောက်က လောက်လေးခွကိုအရံသင့်ထုတ်ထားတယ်။ သေနတ်ကိုတော့ ဘယ်သူမှထုတ်မထားကြ သေးပါဘူး။
သူတို့ဘက်ကကြည့်ပြန်တော့လည်း ခက်ရှာမှာပေါ့။ ခေါင်မိုးပေါ်ကလူဟာ ပစ္စည်းအလစ်သုတ်ဖို့လိုက်လာတဲ့လေထီးသမားမဟုတ်ပဲ ရထား လက်မှတ်မရရှာလို့ ခိုးစီးလာရတဲ့ခရီးသည်လေးဆိုသေနတ်နဲ့ပစ်ဖမ်းဖို့မလိုအပ်ဘူးမဟုတ်လား။ အဲဒီအချိန်တုန်းက ရထားလက်မှတ်ရဖို့ဆိုတာကလည်း တကယ့်ကို ဒုလ္လဘတရား။
နောက်တော့”ရထားကြီးကို တဖြည်းဖြည်းအရှိန်လျှော့ချပြီး ရပ်လိုက်မယ်။
ရထားရပ်သွားတဲ့အခါမှ အားလုံးခုန်ချပြီး ရထားကြီးကိုဝိုင်းထားလိုက်ကြမယ်” လို့ ဆုံးဖြတ်လိုက်ကြတယ်။
မီးထိုးက တာဝန်ကျစက် ခေါင်းမောင်းကို အကျိုးအကြောင်းပြောဖို့သွားပြီ။ အခုအချိန်လိုဆိုရင်ရင်တော့ ဖုန်းဆက်လိုက်ရင် ရတာပေါ့။ အဲဒီတုန်းကတော့ တဘူတာနဲ့တဘူတာ အရေးကြီးတဲ့အကြောင်းအရာတွေပြောမယ်ဆိုရင်တောင် အသံပြာအောင် အော်ရတာ။ ကရာ ကတ္တု ၊ ကရာ ကတ္တု။ ဒစ် ဒါ ဒစ် ဒါ ကြေးနန်းခေါက်ရတာ။ အဲဒီလို ခပ်ညံ့ညံ့ဆက်သွယ်မှုတွေကြောင့် ရထားနံပါတ်နဲ့လျှို့ဝှက်နံပါတ် မှားတာတွေ၊ လျှို့ဝှက်နံပါတ်နဲ့အချိန်နာရီမှားတာတွေဖြစ်ပြီး ရထားနှစ်စင်းခေါင်းချင်းဆိုင်ခဲ့တာတွေတောင် ဖြစ်ခဲ့ရဖူးတယ်။
မီးထိုးသမား စက်ခေါင်းဆီကိုထွက်သွားပြီးလို့
မကြာခင်မှာပဲ ရထားအရှိန်က တဖြည်းဖြည်းလျှော့လာတယ်။ ရထားပေါ်က တွဲထိန်းတွေ၊ စက်ပြင်တွေ၊ စားသောက်တွဲဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရထားကြီးရပ်သွားတဲ့အချိန်မှာ ကြောက်လန့်တကြားဖြစ်နေမယ့် ခေါင်မိုးပေါ်ကလူကို ဖမ်းဖို့အသင့်ပြင်ထားကြတယ်။
တွဲကပြတင်းတံခါးတွေအကုန်လုံးကိုလည်း ဖွင့်ထားကြပြီ။ လေအေးတွေက ပိုပြီးဝင်လာတယ်။
အဲဒီအခါမှာ ကျွန်တော်အတော်လေးချမ်းလာတာကိုမှတ်မိပါတယ်။ ရထားပေါ်ကလူတွေအတော်များများဟာ ရထားတွဲတွေရဲ့ဘေးဖက်ဆီကို ဓာတ်မီးတွေနဲ့ ဝိုင်းထိုးထားကြပါတယ်။ ရထားဘီးတွေဆီက တရူးရူးတရှဲရှဲအသံတွေထွက်လာတယ်။ သံလမ်းနဲ့ရထားဘီးတာယာကြိတ်ပွတ်သံတွေ တကျီကျီမြည်လာတယ်။
ဓာတ်မီးရောင်တွေအောက်မှာ ရထားရဲ့နောက်ဆုံးတွဲကနေ လူတယောက်ဇောက်ထိုးဆင်းလာတာကို မြင်ကြရတယ်။ အဆင်းအတက်လှေခါး လက်ရမ်းကိုဆုပ်ကိုင်ထားပုံက ရင်တုန်စရာပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်က လေးခွနဲ့ပစ်ဖို့ သားရေကြိုးကိုဆွဲတင်းလိုက်တုန်းမှာပဲ အဲဒီလူဟာ အတည့်အနေအထားနဲ့ သံလမ်းဘေးမှာ ကျန်နေခဲ့ပြီ။ နောက်ထပ်ကြေးနန်းခန်းတစ်ခန်းလောက် ရထားဘီးတွေဆက်လိမ့်သွားပြီးမှတုံ့ခနဲရပ်သွားတယ်။ ခရီးသွားတွေအားလုံးဟာလည်း ထိတ်ထိတ်လန့်လန့်နဲ့ပေါ့။ လူတယောက်မှရှိမနေတော့တဲ့ ရထားခေါင်မိုးပေါ်ကိုတက်ပြီး ရှာကြဖွေကြပါသေး တယ်။
ရထားကြီးဆက်ထွက်လာခဲ့တော့ ညဥ့်တော်တော်နက် နေပြီ။ ကျွန်တော့်ခွဲတမ်းကျရထားတဲ့ခုံတန်းလေးမှာ စောင်ခေါင်းမြှီးခြုံပြီးကွေးလိုက်တယ်။ မှေးခနဲဖြစ်သွားတုန်းမှာပဲ အဖေ့ရဲ့အသံကို ဝိုးတဝါးအိပ်မက်မှာကြားရတယ်။
“ငါ့သား၊ မင်းလည်း ချမ်းနေတယ်မဟုတ်လား” တဲ့။ တကယ်ဆို အဖေ့ကို ကျွန်တော်အိပ်မက်မမက်ခဲ့ဖူးပါဘူး။
အဲဒီညကတော့ အိပ်မက်ထဲအဖေရောက်လာခဲ့တယ်။ အဖေဆုံးခဲ့တာကြာလှပါ ပြီ။ ချမ်းတဲ့ဇာတ်လမ်းကတော့ ဘယ်တော့မှ မဆုံးနိုင်တော့ ဘူးထင်ပါတယ်။ လေထီးသမားတွေနဲ့ဂလန့်သမားတွေဟာ ရထားတစင်းထဲမှာ ဘယ်တော့မှ မကြုံဆုံကြပါဘူး။ သူတို့ရဲ့လိုချင်တပ်မက်မှု အတိုင်းအတာခြင်းက မတူကြပါဘူး။
ကျွန်တော်ကတော့ အခုထိလည်း ချမ်းနေတုန်းပါပဲ။
အချီကြီးအပွကြံကြတဲ့ဂလန့်သမားတွေအတွက်လည်း အခုနေချိန်မှာ သိပ်ပြီးမလွယ်ကူလောက်တော့ပါဘူး၊ သံလမ်းတွေကကိုးချောင်း ဆက်တွေဖြစ်ကုန်တော့ တွဲဆိုင်းတွေကဘေးဘယ်ညာ သိပ်ပြီးမယိမ်းယိုင်ကြတော့ဘူး။
ရထားတွဲဆယ့်လေးတွဲလုံး သူ့ဟာသူ လုံလုံ ခြုံခြုံရှိနေမယ်ဆို စိတ်ချလက်ချ အိပ်ပြီးလိုက်လို့ရမယ်ထင်ပါတယ်။
ချမ်းလည်းမချမ်းဘူးပေါ့။
ကျော်ကျော်
(မြရည်စမ်း)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ