မောင်စွမ်းရည် – အမေလူထုဒေါ်အမာရဲ့မွေးနေ့
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈
လွပ်လပ်ရေးဖေခင် သခင်အောင်ဆန်းရဲ့ မွေးနေ့မှာ ၁၉၁၅ ဖြစ်ကြောင်း ကလေးတွေကို ကျောင်းဆရာ ဘ၀တလျှောက်လုံး သင်ကြားပို့ချပေးခဲ့ရဖူးပါတယ်။ တချိန်တည်းမှာပဲ သခင်အောင်ဆန်း ကျေင်းသားဘဝမှာ သပိတ်မှောက်ခဲ့တော့ သူနဲ့အတူ သပိတ်မှောက်ခဲ့တဲ့ ရဲဘော်မ အင်းလျားဆောင်သူ မအမာရဲ့ မွေးနှစ်ဟာ လည်း ၁၉၁၅ ပဲလို့ မှတ်သားခဲ့ပါတယ်။ သခင်အောင်ဆန်း၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်အမာ ၁၉၁၅ ခုနှစ်မွေး ဖွားသူများ။
အမေလူထုဒေါ်အမာရဲ့မွေးနေ့မှာ ရန်ကုန်က အမေ့သားကြီးများဖြစ်ကြတဲ့ အမေနဲ့ ‘မွေးလတူသူ’ နှစ်ဦးကလည်း မန္တလေးကို မီးရထားနဲ့ ခရီးနှင်လေ့ရှိခဲ့ကြတာကို အမြဲသတိရနေမိပါတယ်။ ကဗျာဆရာ မောင်ပေါက်စည်နဲ့ ကဗျာဆရာတင်မိုးတို့ဟာ နိုဝင်ဘာလမှာ မွေးဖွားသူတွေဖြစ်ပါတယ်။ တယောက်က နိုဝင်ဘာ ၉။ တစ်ယောက်က နိုဝင်ဘာ ၁၉၊ အမေလူထုဒေါ်အမာက နိုဝင်ဘာ ၂၉။ ကျွန်တော်ကလည်း သူတို့နဲ့အတူပါပေမယ့် ကျွန်တော်က သခင်အောင်ဆန်းနဲ့ မွေးလတူတဲ့လူလို့ ကြွေးကြော်လေ့ရှိပါတယ်။ ဖေဖော်ဝါရီမှာ ဖြစ်လို့ပါ။
မောင်သာနိုး၊ တင်မိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည် စတဲ့ ရန်ကုန်ရောက် သားတပည့်တွေက အမေ့မွေးနေ့ကို ပျက်ကွက်ခဲပါတယ်။ ဒီအထဲမှာ တော်ဘုရားလေးဦးအောင်ဇေ၊ သခင်အုန်းမြင့်၊ လေထီး ဦးအုန်းမောင် စတဲ့နိုင်ငံရေးသမားကြီးတွေလည်း ပါတတ်ပါတယ်။ ကိုပညာရဲ့ကျောင်းကို ရောက်လျှင် ရောက်ချင်း ရှေ့ဆုံးကနေ “မမမာ” လို့ အော်သူက သခင်အုန်းမြင့်လေ။ လူထုအမေက “မောင်အုန်းမြင့်နော် မင်းဟာလေ ငယ်ငယ်ကအတိုင်းပဲ။ ရွှတ်နောက်နောက်နဲ့။ သွား … သွား ဘုန်းကြီးကန်တော့ချေ။” လို့ အမြန်နှင် ထုတ်တက်ပါတယ်။ သခင်အုန်းမြင့် အမြဲပြောလေ့ရှိတာက “ကျွန်တော်တို့ ဆာရင် ကြီးပွားရေးတိုက်က ကိုလှဆီကို သွားကြတာ။ ကိုလှက ဧည့်သည်ထဲမှာ ကျွန်တော်ကလူငယ်ဆိုတော့ ကျွန်တော့်ကို့ပဲခိုင်းတာ။ နေ့စဉ် သူရေးလေ့ရှိတဲ့စာကို စာအိတ်နဲ့ပိတ်ပြီး မီးရထားမီအောင် စာထည်ခိုင်းတာလေ။ စာထည့်ပြီးပြန်လာရင် မုန့်ဟင်းခါး ကျွေးတာ၊ စာက မအမာ ဆီကိုပေးတဲ့ ရည်းစားစာလေ။” အဲ့ဒီတော့ အမေလူထုဒေါ်အမာက အသက် ၈၀ ကျော် ၉၀ ကိုး။ ဘေးမှာပရိသတ်ကလည်း ကြိတ်ကြိတ်တိုး။ သခင်အုန်းမြင့်က လူကြားမရှောင်၊ သူကြားမရှောင် အော်ဟစ်ပြီး “ကိုလှက မအမာကိုပေးတဲ့ ရည်းစားစာ”ကို သူထည့်ပေးခဲ့ရကြောင်း ကြွားလေ့ရှိတာကိုး။
လာကြတဲ့ပရိတ်သတ်က မြစ်ကြီးနားကလည်းပါ၊ မော်လမြိုင်ကလည်းပါ၊ သံတွဲ စစ်တွေကပါသလို တောင်ကြီး ကျိုင်းတုံကလည်း ပါချင်ပါတာကိုး။ တခါတရံ ဘိလပ်က ဧည့်သည်ပါသလို တိုကျိုကဧည့်သည် လည်း ပါချင်ပါတတ်တာကိုး။ တခါတော့ ကိုကျော်ရင်မြင့်က ဘိလပ်သူတဦးကို အမေ့မွေးနေ့ပွဲလိုက်ခဲ့ဖို့
ခေါ်သွားသတဲ့။ ဘိလပ်သူကလည်း မြန်မာစာရေးဆရာမကြီးရဲ့ မွေးနေ့ဆိုတာကို အဖိတ်မခံရပေမယ့် ကြုံတုန်းလေးလေ့လာဖို့ လိုက်ခဲ့သတဲ့။ လာကြတဲ့ဧည့်သည်တွေက မိတ္ထီလာကတဲ့၊ မုံရွာကတဲ့၊ မြင်းခြံကတဲ့၊ မြစ်ကြီးနားကတဲ့၊ မော်လမြိုင်ကတဲ့။ ဖိတ်စာရလို့လည်း မဟုတ်ဘူး။ တချို့က လူချင်းသိလို့လည်း မဟုတ်ဘူး။ မြင်တောင်မမြင်ဖူးဘူး။ အမေလူထုရဲ့ သားသမီးတွေနဲ့လည်း သိတာမဟုတ်ဘဲ လာကြတာတဲ့။ ဘုန်းကြီး တွေလည်းပါတယ်။ ဒီဧည့်သည်တွေ ကွင်းလုံးပြည့်လာကြတာကို ဘုန်းကြီးကျောင်းက ဒိုင်ခံကျွေးသတဲ့။ အိပ်ချင်တဲ့နေရာ၊ အိပ်ချင်တဲ့အချိန်ဆို အိပ်ကြ။ ဘုရားလှိုင်ခေါင်းတွေထဲ သွားအိပ်ချင်အိပ်ကြ။ မအိပ်ဘဲ ဦးပိန်တံတားပေါ်သွားထိုင်ညပြီး စကားပြောချင် ပြောကြ။
ဒီလို စာရေးဆရာအဘွားအိုကြီးတယောက်ဆီကို မသိဖူး မမြင်ဖူးတဲ့၊ မဖိတ်ဘဲ လာကြသူတွေထဲမှာ စာရေးဆရာကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေ၊ ဘုန်းကြီးတွေ ပါလာကြပြီး ပျားရည်၊ နွားနို့ခဲ၊ ထန်းလျက်၊ လိမ္မော်သီး၊ ဒညင်းသီး စသဖြင့် လက်ဆောင်တွေ ပါလာတတ်ကြသေးတာ။ ရောက်လာရင် ဝင်ကန်တော့ကြ၊ ပြန်တော့လည်း ဝင်ကန်တော့ကြ။ ဘာဆုတွေပေးသတဲ့လဲ။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေပေါ့။ ကျော်ရင်မြင့် ရှင်းပြတာကို ဘိလပ်သူလေးက ယုံချင်ယုံ နတ်သမီးပုံပြင်လို မျက်လုံး လေးတွေပြူးပြီး နားထောင်နေရှာတာ။ ကျော်ရင်မြင့်က အမေဒေါ်အမာရှေ့ကို ခေါ်သွားတော့လည်း မိတ်ဟောင်းဆွေဟောင်း တူမ သမီးလို နှုတ်ဆက်တာ။ ကမ္ဘာ့အကြီးဆုံးစာအုပ်လို၊ အင်္ဂလိပ်လို စာအုပ်ရှိရင်လည်း ပေးလိုက်မှာပေါ့။ တချို့ကလည်း နိုင်ငံခြားဘာသာတက္ကသိုလ်ကို လာတက်ကြသူတွေဆိုရင် မြန်မာလိုစာအုပ်လည်း ပေးမှာပေါ့။ ဒီလောက်ကြီးကျယ်စည်ကားတဲ့မွေးနေ့မျိုး ဘယ်ကမ္ဘာမှာမှ ရှိမှာမဟုတ် ဘူးတဲ့။ ကမ္ဘာလှည့်နေတဲ့ ဘိလပ်သူလေးရဲ့ အမြင်ပေါ့။
လူတွေက တချို့လည်း ခဏပဲလာပြီး ပြန်သွားကြတာ။ တချို့က တနေကုန်လာကြတာ။ ဟိုလူက အစိုးရရဲ့ထောက်လှမ်းရေးစုံထောက်လို့ လက်ညှိုးထိုးပြသူကပြ၊ အံ့သြရုံမှတပါး ဘာမှမတက်နိုင်။ တချို့က အမေမာနဲ့ တခဏပဲနှုတ်ဆက်ကြပြီး တနေကုန် ဧည့်သည်ချင်းပဲ စကားပြောကြ၊ တချို့က ညအိပ်ပြီး ဧည့်သည်ချင်းစကားပြောပြီး နောက်နေ့မှာ အမေမာကို ကန်တော့ပြီး ပြန်ကြသတဲ့။
တခါတော့ အမေမာရဲ့ ဂုဏ်ပြုကဗျာကို အပြိုင်ရွတ်ဆိုကြသေးတာကိုး။ တယောက်က ဗမာပြည်နောက်ဆုံးဘုရင်ရဲ့မြေး တော်ဘုရားလေး၊ စုဖုရားလတ်ရဲ့မြေး တဲ့။ သူက အင်္ဂလိပ်လိုကဗျာရွတ်တာကိုး။ ဒီတော့ နောက်တယောက်ကလည်း အားကျမခံ ထရွတ်တယ်။ အင်္ဂလိပ်လိုပဲ ရွတ်တာလေ။ “ကျုပ်ကလည်း စုဘုရားလတ်ရဲ့ ညာလက်ရုန်း တိုင်တားမင်းကြီးရဲ့မြေး”တဲ့။ ကျောက်ဆောက်မြို့စားမျိုးနွယ် ကျောက်ဆောက်သာနိုး … တဲ့။ ဒီတော့လည်း အမျိုးသားစာပေဆုတွေ၊ နှစ်ထပ် သုံးထပ်ရထားတဲ့ ကဗျာဆရာတင်မိုးကလည်း ကဗျာတွေလက်တန်းစပ်ပြီး ရွတ်တော့တာပေါ့။ သူကတော့ ဗမာလိုပဲ ရွတ်တာပါ။ ကဗျာဆရာတွေကလည်း အများသားမဟုတ်လား။ မန္တလေးကဗျာမြို့လေ။ တနေကုန်ရွတ်ကြမလား။ လာခဲ့ပေါ့။ လာကြတဲ့ကဗျာဆရာတွေထဲမှာ မျက်မမြင် ကဗျာဆရာကြီးတဦးလည်း ပါတယ်လေ။ သူကလည်း အမေဒေါ်အမာနဲ့ကျောင်းနေဘက်၊ သခင်အောင်ဆန်းရဲ့ ကျောင်းနေဘက်ပဲလေ။ လူထုဒေါ်အမာကို သပိတ်မှောက်စကားပြောတဲ့ စာရေးဆရာမ မြမဉ္ဇူဘဝကတည်းက သိကျွမ်းလာခဲ့သူ။ ဒါပေမယ့် လူထုဒေါ်အမာအနီးမှာ ဧည့်သည်တွေတိုးမပေါက်တော့ သူလည်း တခြား ကဗျာဆရာတွေနဲ့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်အောက်သွားပြီး ကဗျာလေညင်းခံသတဲ့။
အိုးဝေညိုမြဆိုတာ ကိုအောင်ဆန်းနဲ့ သူငယ်ချင်းဆိုတော့ အင်းလျားဆောင်သူ မအမာနဲ့လည်း ငယ်သူငယ်ချင်းပေါ့။ သူကတော့ ဒေါ်အမာရဲ့မွေးနေ့လာရင်း ကိုပညာ့ကျောင်းမှာ တလကိုးသီတင်း နေချင်နေ သွားတာ။ ဒီလိုလာကြသူတွေထဲမှာ ဆရာငွေဥဒေါင်းလည်းပါတယ်။ ဒေါ်ခင်နှင်းယုတို့၊ ဒေါ်ခင်ဆွေဦး တို့လည်း ပါတယ်။ နှစ်စဉ်လာရောက် ဂါရဝပြုကြတာပေါ့။
ကန်တော့ကြစို့ဆိုရင်တော့ ကိုပညာရဲ့ကျောင်းနဲ့ တဆက်တည်း အမြဲထုံးဖွေးဖွေးဖြစ်နေတက်တဲ့ သူဋ္ဌေးဘုရားထဲကို နေရာရွှေ့လိုက်ကြတယ်။ တမာပင်တွေ ဝန်းရံနေတဲ့ဘုရား။ တကယ့် အညာစေတီပေါ့။ ဒီစေတီကို ထုံးသင်္ကန်းကပ်လေ့ရှိသူက ရုပ်ရှင်မင်းသားကြီး ကိုထွန်းဝေ။ ကိုထွန်းဝေတို့၊ လင်းယုန်မောင်မောင်တို့လို လူကြီးပိုင်းကတော့ လူထုတိုက်ကိုပဲ ခရီးရောက် မဆိုက်ဝင်ပြီး လက်ဆောင်တွေနဲ့ ကန်တော့ခဲ့ကြပြီးသား။ ကို့ယ်ထက်ငယ်ပေမယ့် ဒေါ်ဒေါ်က သူတို့ကို ကိုထွန်းဝေ၊ ကိုမောင်မောင်လို့ပဲ ခေါ်တာ။ ခေါ်ပြီးတော့ “ရှင်တို့နော်…ဆေးလိပ်ဖြတ်” လို့ပြောလိုက်တာချည်းပဲ။ အရက်မသောက်တဲ့ တင်မိုးကိုတော့ အရက်ဖြတ်လို့ ပြောလိုက်လို့ တင်မိုးက ကပျာကယာငြင်းရှာတယ်။ ဘေးက သူ့သူငယ်ချင်းမောင်စွမ်းရည် “မင်းက သူ့ကိုအားကျပြီး အရက်ကို ယောင်လို့များ သွားမမြည်းနဲ့၊ မ စလိုက်နဲ့” တဲ့။ အပြင်ရောက်တော့ အရက်လုံးဝမသောက်တဲ့ တင်မိုးက မောင်စွမ်းရည်ကိုဆွဲထိုးတယ်။ “သောက်တာ … မင်းကွ” တဲ့။ မောင်စွမ်းရည်ကလည်း သူထိုးတိုင်းခံရုံပ။ တော်သေးရဲ့ ဒေါ်ဒေါ့်ရှေ့မှာ ထမထိုးလို့။ တကယ်တော့ ကျွန်တော်တို့တတွေ တောင်သမန်တဘက်ကမ်းက ထန်းတောထဲသွားရင် သူက မလိုက်ပါ။
ဒီလိုနဲ့ အမေလူထုဒေါ်အမာရဲ့မွေးနေ့ပွဲဟာ ဗမာပြည်မှာသာမက ကမ္ဘာကပါ သိကြတဲ့ပွဲလို ဖြစ်နေ ခဲ့ပါပြီ။ ကျွန်တော်တို့ ပြည်ပရောက်တော့လည်း ဖုန်းဆက်ပြီးကန်တော့နေကြပါ။ အခု အမေလူလုဒေါ်ဒေါ် မရှိတော့ပေမယ့် မွေးနေ့ပွဲက နှစ်စဉ်ကျင်းပမြဲပါပဲ။ ကျွန်တော့်ကို ညီပုလေးက ဖုန်းမျက်နှာစာကနေ လှမ်းဖိတ်ပါတယ်။ အမေလူထုဒေါ်အမာကို အဝေးကပဲ လှမ်းပြီးကန်တော့ရပါတယ်။ အမေရောက်ရာအရပ် ကနေ ကန်တော့ခံပြီး သာဓုခေါ်နိုင်ပါစေ။ ကျွန်တော်တို့ကလည်း ကန်တော့ပါတယ်။ ကုသိုလ်အမျှဝေပါတယ်။ သာဓုခေါ်ပါတယ်။ ဗမာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အမေလူထုမွေးနေ့က တည်ရှိသွားမှာပါ။
အမေလူထုဒေါ်အမာရဲ့ သားတပည့် မောင်စွမ်းရည်ပါ။
မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၂၈