ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● တရားသေမူဝါဒများကို လှေနံဓါးထစ် ဆုပ်ကိုင်ထားလျှင် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်သွားနိုင်သည်

ဇင်လင်း ● တရားသေမူဝါဒများကို လှေနံဓါးထစ် ဆုပ်ကိုင်ထားလျှင် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်သွားနိုင်သည်

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၈


မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် နှစ်ပေါင်း (၇၀) ရှိခဲ့ပြီ ဖြစ်သည်။ စစ်ပွဲများ၏ ဒဏ်ကြောင့် တိုင်းပြည်သည် ယခုတိုင် ဆင်းရဲ မွဲတေနေဆဲ ရှိနေသည်။ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် ယခင် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းတရားပေါင်းများစွာကြောင့် မအောင်မြင်ခဲ့ပေ။ အထူးသဖြင့် အစိုးရခေတ်အဆက်ဆက်  အပစ်ရပ်ရေးဆွေးနွေးမှု နှင့် ငြိမ်းချမ်းရေးစကားဝိုင်းများအပေါ် တိုင်းရင်းသားလက်နက်ကိုင်များက ယုံကြည်မှု မရှိခဲ့ကြ၍ ဖြစ်သည်။ ယခုအခါတွင်  ဒီမိုကရေစီ လိုလားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် ငြိမ်းချမ်းရေးခရီး ဆက်လက်လျှောက်လှမ်းနေချိန်  ဖြစ် ၍ အောင်မြင်ရန် အလားအလာများ ရှိသည်ဟု ဆိုနိုင်ပါသည်။ ပြည်တွင်းစစ် ရပ်စဲရေးသဘောတူညီမှု မရရှိဘဲ ကြန့်ကြာ နေရခြင်း၏ အခြေခံအကြောင်းတရာမှာ အပြန်အလှန် ယုံကြည်မှု မရှိခဲ့သောကြောင့်ဖြစ်သည်။ တဦးအပေါ် တဦး မယုံ ကြည်နိုင်ဘဲ သံသယပွားများခဲ့ရသည့် အခြေအနေများကို ပြည်သူက တင်မြှောက်လိုက်သည့် အစိုးရလက်ထက်တွင် ဖယ်ရှားနိုင် လိမ့်မည်ဟု လူထုက မျှော်လင့်လျှက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်သည် နိုင်ငံ့ အရေးအရာ တာဝန်များကို စတင်ထမ်းရွက်ချိန်မှ အစပြု၍ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို အဓိက ဦးစားပေး လုပ်ကိုင်ခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်  ယခင် အစိုးရ အစပျိုးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် ဆက်လက်အသက်ဝင်စေရန် NCA သဘောတူညီမှုကို ဆက်လက် လက္ခံ၍  အရှိန်မြှင့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

အစိုးရသစ်လက်ထက် ပထမဦးဆုံး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းချက်မှာ ‘မိုင်ဂျာယန်အစည်းအဝေး’ ကို ခွင့်ပြုပေးခဲခြင်း ဖြစ်သည်။၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ် မိုင်ဂျာယန်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ ၄ ရက်ကြာ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခွင့်ပေးခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထား သော တရုတ်နယ်စပ်အနီး ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ (Mai Ja Yang Muklum) တွင် ဇူလိုင် ၂၆-၂၉ တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး၏ မျက်နှာစုံညီအစည်းအဝေးသို့ EAOs ၂၁ ဖွဲ့ ဖိတ်ကြားခဲ့သည်။ ဇူလိုင် ၂၆ မှ ၂၉ လေးရက်ကြာ ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး၏ မျက်နှာစုံညီအစည်းအဝေးသို့  EAOs အဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) တို့က နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက် ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကောက်ရှန် (Mr.Sun Guoxiang)တို့လည်း တက်ရောက်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ ငြိမ်းဖောင်ဒေးရှင်း၊ ပြည်ထောင်စု အင်စတီကျု Pyidaungsu Institute(PI) တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ မိုင်ဂျာယန်အစည်းအဝေး အခင်းအ ကျင်းမှာ အလွန်အားရကျေနပ်ဖွယ် ဖြစ်ခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပထမနေ့တွင် ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ၌  မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးကြီးမှ အားလုံး သဘောတူ လက်ခံနိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယခု မျက်နှာစုံညီအစည်းအဝေးမှ သဘောတူညီချက်များကို မည်ကဲ့သို့  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဆိုသည်ကိုလည်း အားလုံးဝိုင်းဝန်းအကြံပြု ဆွေး နွေးစေလိုကြောင်း၊ ၎င်းအပြင် ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားများအကြား အချင်းချင်း ခွဲခြားမနေပဲ ငြိမ်းချမ်းရေးအတွက် စုစည်းအဖြေရှာရန် တိုက်တွန်းခဲ့သည်။

“အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာ မရှိသင့်ပါဘူး။ ဒီဆွေးနွေးပွဲ တလျှောက် အဖွဲ့အစည်းတခုနဲ့တခုအကြား၊ လူမျိုးတခုနဲ့တခုအကြား သံသယနဲ့ အမုန်းတရားတွေ ပွားများစေပြီး ယုံကြည် မှုနဲ့ စုစည်းညီညွှတ်မှုကို ကျဆင်းစေမယ့် အကြောင်းအရာတွေကိုလည်း ရှောင်ရှားကြဖို့ နှိုးဆော်လိုပါတယ်။” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။

မိုင်ဂျာယန် ဒုတိယနေ့အစည်းအဝေးတွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံဆွေးနွေးမှုများရှိသော်လည်း တိုင်းရင်းသား များအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်မည့် အမြင် သဘောထား မရှိကြောင်း နိုင်ဟံသာ (UNFC)  က ပြောကြားခဲ့ကြောင်း သိရသည်။

“ခွဲထွက်မယ်ဆိုတဲ့ဟာကတော့ ဘယ်သူမှမပြောဘူး။ အဓိကအားဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ပဲ နော်။ အဲဒီလိုမှ မတည်ဆောက်ရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အရပေါ့နော် ဗမာတွေကကြီးပဲ ကြီးစိုးပြီးမှ လွှမ်းမိုးပြီးမှ အားလုံးကို ချုပ်ကိုင်ထားတဲ့ပုံစံမျိုးကတော့ ဘယ် တိုင်းရင်းသား တွေမှ လက်မခံနိုင်ကြဘူး။” ဟု နိုင်ဟံသာက ဗွီအိုအေသတင်းသို့ ထိုစဉ်က ပြောခဲ့သည်။

၂၀၁၆ ဇူလိုင် ၂၇ ရက် မိုင်ဂျာယန် အစည်းအဝေး ဒုတိယနေ့ အပြီးတွင် အခြေခံမူ ရှစ်ချက်ကို ပါဝင်တက်ရောက်သည့် အစုအဖွဲ့အားလုံးက လက်ခံခဲ့ကြသည်။  အသေးစိတ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်။ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ အခြေခံမူ ၈ ချက်အဖြစ် “အချုပ်အခြာ အာဏာသည် တိုင်းရင်းသားပြည်သူများမှ တစ်ဆင့် ဆင်းသက်ရမည်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသားလူ နည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူ ညီမျှမှု၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးရေးနှင့် ဘာသာရေးကို အခြေမခံသည့် နိုင်ငံ” စသည့် အခြေခံမူများကို ကိုင်စွဲပြီး အစိုးရနှင့် ဆက်လက်ဆွေးနွေးရန် မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် စုံညီအစည်းအဝေး ဒုတိယနေ့တွင် လက်ခံခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူများက ပြောကြောင်း 7Day Daily ၌ ဖေါ်ပြခဲ့သည်။

ထို့ကြောင့် ဒီမိုကရေစီ အခြေခံစံနှုန်းများနှင့်တကွ တိုင်းရင်းသားများအပါအ၀င် ပြည်သူလူထု၏ အမျိုးသားတန်းတူရေး ဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည်တို့ကို နားလည်လက်ခံယုံကြည်ကြသူများက ဦးဆောင်ကြိုးပမ်းကြမှသာ ရေရှည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အတူ ငြိမ်းချမ်းရေးရလဒ်ကောင်း ပေါ်ထွက်နိုင်မည် ဖြစ်သည်။ NCA စာချုပ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာ တည်တန့် ခိုင်မြဲရေး တို့ကို အဓိက ရှေးရှုသည်။ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံကာ ပင်လုံစိတ်ဓါတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ ရှိသော “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု” ကို ထူထောင်ရန်လည်း NCA တွင် သဘောတူထားသည်။ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေခံ၍ တည်ဆောက်သွားကြမည်ဟု  သဘောတူခဲ့ကြသည်။

မကြာသေးမီက ဘားအံခရိုင် KNU ထိန်းချုပ်နယ်မြေ လေးဝါးတွင် ၂၀၁၈ နိုဝင်ဘာ ၆ မှ ၁၀ အထိ ၅-ရက်ကြာ KNU အရေးပေါ် ညီလာခံ ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။  ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ပါဝင်နေသော ခေါင်းဆောင်များအကြားရှိ နားလည်မှုလွဲမှားချက်များကို ရှောင်ကွင်းကာ NCA အကောင်အထည် မဖေါ်နိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယုံကြည်မှုတည်ဆောက်ရေး အခက်အခဲများကို ကျော်လွှားရန် ဘုံစံတန်ဖိုး၊ ဘုံရည်မှန်းချက် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ ခေါင်းဆောင်များအကြား တည်ဆောက်ရန်လိုကြောင်း၊ NCA တွင် မပါဝင်သည့် ‘ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ’ တင်သွင်းလာပြီး ယင်းကိစ္စလက်ခံမှ အစိုးရ/တပ်မတော်ဘက်က ဆက်ဆွေးနွေးမည့် သဘောဖြစ်နေကြောင်း၊ KNU အနေဖြင့် လုံခြုံရေးကိစ္စ အကျေအလည်ဆွေးနွေးပြီးမှသာ ယင်းကိစ္စ ဆက်သွားလို ကြောင်း စသည်ဖြင့် ကြေညာချက်၌ ဖေါ်ပြထားသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA လမ်းကြောင်းနှင့် တိမ်းစောင်းနေသည်ဟု သုံးသပ်သဖြင့်၊ တရားဝင် အစည်း အဝေးများတွင် ပါဝင်မှု ရပ်ဆိုင်း၍ အစိုးရနှင့် အလွတ်သဘောတွေ့ဆုံမှုများ ပြန်လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။ ငြိမ်းချမ်းရေးလမ်းကြောင်း ပြန်လည်တည့်မတ်ရေး ဆောင်ရွက်ရာ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပဒိုစောတာဒိုမူး က ဆိုသည်။

KIC သတင်းဌာနက KNU ၏ NCA အပေါ် ရပ်တည်ချက်ကို ရှင်းပြပေးပါရန် ‘ပဒိုစောတာဒိုမူး’ အားမေးမြန်းခဲ့ရာ အောက်ပါ အတိုင်း ဖြေကြားခဲ့သည်။

“ကျနော်တို့ရဲ့ရပ်တည်ချက်ကတော့ ဒီမခွဲထွက်ရေးကိစ္စက အပြင်ကနေ ဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ် အပေါ်မှာပဲ ကျနော်တို့ သဘောတူထားခဲ့တဲ့ အတိုင်းပါပဲ ကျနော်တို့ အရင်ဆွေးနွေးရပါမယ်။ ကျနော်တို့ ဥက္ကဌကြီး ကိုယ် တိုင်ကလည်းပဲ အစည်းအဝေးမှာ ပြောကြားသွားတာက အဲဒီကိစ္စက NCA နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ကျနော်တို့ က NCA နဲ့ သက်ဆိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် Principle (အခြေခံမူ) တွေကိုပဲ ဆွေးနွေးတာ ကောင်းပါတယ်ဆိုတာ သဘောထား ဖော်ပြထားပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကလည်းပဲ အဲလိုပဲ ရပ်တည်နေပါတယ်။” ဟု ပဒိုစောတာဒိုမူး က ရှင်းပြခဲ့သည်။

တစ်ခုတည်းသော တပ်မတော်ကိစ္စဖြစ်စေ၊ လုံခြုံရေးဆိုင်ရာ အခြားကိစ္စများဖြစ်စေ၊  နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှ အဖြေ အပေါ် မူတည်နေသည်ဟု ၎င်းက ဆိုသည်။  ထို့ကြောင့် လုံခြုံရေးကိစ္စများ ဖြေရှင်းရန် တစ်ဆင့်ချင်းသွားရမည်ဟု  ပဒိုစောတာဒိုမူး က ဆိုသည်။

ဤအတောအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဗဟိုအလုပ်အမှု ဆောင် ကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၁၀/၁၁ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင်  အကြံပေး ပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင် မတီဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ သျှမ်းသံတော်ဆင့်  သတင်းထောက် စိုင်းယွက်ခမ်း က RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်းအား ‘ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စ’ နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သည်။

“ဒါကတော့ ခွဲမထွက်ရေး ဆိုတာ NCA ထဲမှာတော့ မပါဘူးပေါ့နော်။ ကျနော်တို့ကတော့ ဆွေးနွေးလာရင် NCA လမ်း အတိုင်းပဲ လျှောက်ရမယ်။ ဒီအတွက် ကျနော်တို့ တဖွဲ့တည်းလုပ်လို့မရသလို NCA လက်မှတ် ထိုးပြီးတဲ့အဖွဲ့တွေချည်းပဲ ဆွေးနွေးလို့လည်း မရဘူး။ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးရမယ်။ သျှမ်းပြည်လူထု အားလုံးနဲ့ ဆွေးနွေးပြီးတော့မှပဲ ဆုံးဖြတ်လို့ ရပါမယ်။ အဲ့ခါမှဘဲ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါမယ်။ NCA မှာ မပါတဲ့ အတွက်ကျနော်တို့ လက်မခံပါဘူး လို့ပဲ ပြောလို့ရပါတယ်။” ဟု ၎င်းက ဖြေကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေမှုကို အဖြေရှာရန် အောက်တိုဘာ ၁၅/၁၆ တို့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ် ၌ ထိပ်သီးခေါင်းဆောင်များ ဆွေနွေးပွဲ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲ၌ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအပါအဝင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်တိုင် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သော ကိစ္စများ၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေ၊ တပ်မတော်နှင့် အစိုးရတို့၏ အခန်းကဏ္ဍ စသည်တို့ကို မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ အား ဟင်္သာမီဒီယာ က တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားထားသည်။

“ခွဲထွက်ခွင့်ရှိတယ်။ မရှိဘူး ဘာမှပြောမနေနဲ့ အရင်ကရှိခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ဆက်ထားလိုက် ဆွေးနွေးမနေနဲ့။ တစ်ဖက်က ဖက်ဒရယ်ဆိုတာ ပူးပေါင်းရေးပဲဖြစ်တယ်။ နောက်တစ်ခုက ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့ တယ်ဗျ။ ခွဲမထွက်အောင် ဗမာတွေဘက်ကလည်း ကြိုးပမ်းရမယ့် အပိုင်းတွေ တာဝန်ရှိတယ်လို့ ပြောခဲ့တယ်။ အဲလိုမူအရ ပြန်ကြည့်မယ်ဆိုရင် သူဘက် ကိုယ့်ဘက် အဆင်ပြေအောင် ခွဲမထွက်ချင်အောင် ခွဲမထွက်အောင် နှစ်ဖက်စလုံးမှာ တာဝန် ရှိတယ်။ ဘယ်သူက ခွဲထွက်မလဲ။ ခွဲထွက်ရင် ဘာအကျိုးရှိလဲ အဲလိုအနေအထားမျိုးတွေ တွက်ကြည့်ရမယ်လေ။”

“တပ်မတော်ဘက်ကတော့ NCA ထိုးမှပဲ ပါဝင်ခွင့်ရှိမယ်ပြောတယ်။ တို့ဘက်ကလည်း တောင်းဆိုနေတယ်။ NCA ထိုးတာ မထိုးတာ အပထား။ ကျန်အဖွဲ့တွေအားလုံး မပါရင် တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ ပါဝင်လာအောင် လမ်းဖွင့် ပေးရမယ်။ တို့ကတော့ အဲလို ရပ်တည်နေတာပေါ့။” ဟု နိုင်ဟံသာ က ပြောကြားခဲ့သည်။

ပေါင်းရုံးသုံးသပ်ရလျှင် အစိုးရနှင့် တပ်မတော်ဘက်မှ တရားဝင် NCA ဆွေးနွေးပွဲများကျင်းပရာတွင် ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်ထားကြောင်း တွေ့ရသည်။“အပြန်အလှန် ယုံကြည်မှု” ရှိမှသာ ငြိမ်းချမ်းရေး ရနိုင်မည်ဖြစ်သည်။ EAOs တို့ဘက်က အလွတ်သဘော လွတ်လပ်ပွင့်လင်းစွာ  ဆွေးနွေးလိုသည့် သဘောထားရှိသည်။ EAOs တို့ဘက်က အချုပ်အနှောင်သဖွယ် မူဘောင်အတွင်းမှ ထွက်၍ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းလိုကြသည်။ အစိုးရသည် လက်ရှိအခြေ အနေအရ နိုင်ငံရေးဦးဆောင်မှု အခန်း၌ ရှိနေသဖြင့် တပ်မတော်ခေါင်းဆောင်များဘက်က အတတ်နိုင်ဆုံး ဖြေလျော့မှုပြု စေရန် ကြားဝင် ညှိနှိုင်းပေးသင့်သည်။ ဘက်အသီးသီးမှ ခေါင်းဆောင်များအားလုံး အပြန်အလှန်ယုံကြည်မှုရှိစွာဖြင့် အလျော့အတင်းလုပ်ဖို့လိုသည်။ လှေနံ ဓါးထစ် တရားသေသဘောထားများကို အသေဆုပ်ကိုင်ထားခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်သွားစေနိုင်သည်ကို အထူး သတိချပ်ဖို့လိုသည်ဟု သုံးသပ်လိုပါသည်။

(၂၄ နိုဝင်ဘာ၊ ၂၀၁၈။ စနေနေ့ထုတ် သူရိယနေဝန်းဂျာနယ်တွင် ဖေါ်ပြသည့်ဆောင်းပါး။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts