ကျော်ထင် – လူမမာ

လူမမာ
ကျော်ထင်
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၈
(တစ်​)
တိုးညင်တဲ့အသံ​တွေလား၊ မဟုတ်​ဘူး၊ ကျွက်​ကျွက်​ဆူ ​နေတဲ့အသံ​တွေ။ ဒါလည်း မဟုတ်​​သေးဘူး။
အသံ
တွေက ကျယ်​တာလား တိုးတာလား။
တိုးတယ်
ကျယ်​တယ်​ဆိုတာ ဘယ်​​နေရာမှာ ဘယ်​လိုသုံးရမှာလဲ။ ဘယ်​လို ​ပြောရမယ်​မှန်း မသိ​တော့ဘူး။ သခွားမွှေးသီး​တွေ ​ချောင်းဦးက ဝယ်​လာတာတဲ့။ သခွားမွှေးသီးဆိုတာ ဘာလဲ။ ဟို..ကလေးလေးဆော့ဆော့နေတဲ့ လုံးတုံးတုံးဟာကိုပြောတာလား။ လုံးတုံးတုံးဆိုတာက​ကော ဘာပါလိမ့်​။ ခြေ​ထောက်​​တွေနဲ့ ကန်​​နေတာ​လေ။ က​လေး​လေး နာမည်​ကလည်း ဘာလဲ။ ​မေ့​တောင်​ ​နေပြီ။ ဝဝတုပ်​တုပ်​​လေးနဲ့၊​ဖွေး​ဖွေး​လေး တစ်​​ယောက်​​လေ။ ကျမသားတစ်​​ယောက်​ရဲ့ သားပဲ။
သူ့နာမည်​က ဘာတဲ့၊ မမှတ်​မ​တော့ဘူး။ ချောင်းဦးဆိုတဲ့ စကားက​ကော။ ဘယ်​ကဟာလဲ။
စစ်
ကိုင်း၊မုံရွာ​တွေသွားကြတယ်​တဲ့။ ကိုဉာဏ်​က မန္တ​လေးမှာ အစည်းအ​ဝေး လုပ်​​နေတယ်​လည်း ​ပြောတယ်​။ ကိုဉာဏ်​တဲ့။ ကိုဉာဏ်​ဆိုတာ ကျမသားလား။ ကျမသား​တွေထဲမှာ အဲ့ဒီ့နာမည်​ပါသလား။ ဦး​ကျော်​ထင်​က အသီးကို မကြည့်​ဘူး၊ အစ်​မ တို့ ခွဲပြီး​ နောက်​တစ်​နေ့မှာ ခွဲရင်​ ပုပ်​မှာ မဟုတ်​ဘူးတဲ့။
ပုပ်​တာ​တွေ​ကော၊ ​ကျော်​ထင်​​ကော။ဘာ​တွေလဲ။ ဘယ်​ကအ​ကောင်​​တွေလဲ။ ​ကျော်​ထင်​ဆိုတာ ဘယ်​သူ လဲ။ ကျမ အနားမှာထိုင်​​နေတဲ့လူတစ်​​ယောက်​​တော့ ရှိတယ်​။သူက ဧည့်​သည်​လား။ အိမ်​သားလား။ ကျမ သားထဲက တစ်​​ယောက်​​ယောက်​လား။ ဒီရုပ်​ကို​တော့ တရင်းတနှီးမြင်​ဖူး​နေသလိုပဲ။ သူ့ကို ကြည့်​ရတာ (ကျမကိုပြုံးပြီး ကြည့်​နေ​ပေမယ့်​)မျက်​နှာတည်​ကြီးနဲ့။သွေး​အေးသလို ခံစားရတယ်​။
(နှစ်​)
ဒါပေမဲ့ ဒီလူအနားမှာ ရှိနေ တာကို လုံခြုံသလို ကျမခံစားရတယ်။သူက ကျမခြေသလုံးသား​တွေကို နှိပ်​​ပေး​နေတယ်​။ ယင်​နဲ့ခြင်​​တွေက ​ပေါလိုက်​တာဆိုပြီး ​ယပ်​တစ်​​ချောင်းနဲ့ မောင်း​ပေး​နေတယ်​။ ကျမ ကိုယ်​​ပေါ်မှာ ခြင်​​တွေကိုက်​၊ယင်​​တွေ အုံ​နေတယ်​တဲ့။ ကျမဖြင့်​ သိ​တောင်​မသိဘူး။ မရှိတာကို အရှိလုပ်​​နေတာ လား။ ယပ်​တစ်​​ချောင်းဟာ ကျမကိုယ်​​ပေါ်မှာ ဖြတ်​ဖြတ်​သွားတယ်​။တဖျပ်ဖျပ်နဲ့။ နောက်​တစ်​​ခေါက်​သွားရင်​ ချက်​ချင်းခွဲစားလို့ရတာ ဝယ်​မယ်​။ ကိုဉာဏ့်​ကို လှမ်းမှာလိုက်​မယ်​။အသံ​တွေ ပြန်​​ပေါ်လာပြန်​တယ်​။
ဒီအသံ​တွေဟာ ​ခေါင်းရင်းဘက်​က လာတာလား။ခြေရင်းကလား။နေပါဦး ​ခေါင်းရင်းဘက်​ဆိုတာ ဘယ်​ဘက်​လဲ။ကျမရဲ့ ညာဘက်​လား။မဟုတ်​​သေးဘူး။ညာဘက်​ဆိုတာကလဲ မ​သေချာဘူး။ ဘယ်​နဲ့ ညာဆိုတာ ဘယ်ဟာမှန်းကို မသိ​တော့ဘူး။ဒါ​ပေမယ့်​ အသံကျွက်​ကျွက်​​တွေက ကျမနားထဲကို ထိုးထိုးဝင်​လာ​နေတယ်​။ ကျမစိတ်​ထဲမှာ သိချင်​​နေတယ်​။ ကျမ ​မေးကြည့်​တယ်​။
“ဘ လ ဝူ ​ဒေ ရဲ။” ကျမ ​မေးတာကိုကျမနားကလူက နားမလည်​ဘူးနဲ့တူတယ်​။ကိုယ်​ကိုညွှတ်​ပြီး ကုန်းနား​ထောင်​တယ်​။ဘာ​ပြောတာလဲ အ​မေတဲ့။ ဒါဆို ဒီလူဟာ ကျမသားပဲ။သေချာတယ်​။ကျမကို အ​မေလို့​ ​ခေါ်တာ ကျမသား​ပဲဖြစ်​မှာ​ပေါ့။သိပြီ၊သိပြီ။ဒါ ​ကျမရဲ့သား။သူ့နာမည်​ စဉ်းစားကြည့်​တယ်​။ပေါ်မလာဘူး။ဘာလို့ ဒီလို​တွေ စဉ်းစားရကျပ်​ကျပ်​​နေတာလဲ။အရာရာကို ​မေ့​မေ့​နေရတာလဲ။သတိတရား​တွေ တည်​​ဆောက်​ဖို့​တော့ ကျမ သား တစ်​​ယောက်​က ​ပြော​ပြောဖူးတယ်​။ပြောဖူးတဲ့သားရဲ့ နာမည်​ ​မေ့​နေတ​။အစား​တွေ ​လျော့စားဖို့ ​ပြောတာ​တွေ လည်း ပြန်​ကြားရတယ်​။အ​မေ ​နေ​ကောင်း​အောင်​​နေတဲ့။အသံ​တွေ အများကြီးပဲ။ကျမအသိထဲမှာ ​သွေး​သွေးဆိုတာ သိ​နေတယ်​။ဇော်​မင်းလွင်​ ဆိုတာ ​ပေါ်​နေတယ်​။သူတို့တ​တွေ အဆင်​မှ ​ပြေကြရဲ့လား။
အ​မေ-အ​မေ ဘာ​ပြောတာလဲဆိုတဲ့အသံ ကျမနားမှာ ထပ်​​ပေါ်လာတယ်​။ ကျမ​တွေးတာ ရပ်​လိုက်​တယ်​။ ကျမ ဘာ​ပြောမိတာလဲ။ ဘာ​ပြောမိလို့လဲ။
“ဘာ…..ပ​ရော
…

ဝူး”

“အော်​….ဘာမှ မ​ပြောဘူး။အင်းအင်း အ​မေ အိပ်​အိပ်​။ပျော်​​အောင်​အိပ်​။သား ​ဘေးမှာ ရှိတယ်​​နော်​။အ​မေ သားကို​ကောသိလား” တဲ့။
“သိ…ရယ်​”
ဒီအ​မေကို ကျမ မ​ဖြေနိုင်​ဘူး။ ကျမသား။ ဒါဟာ ကျမသား။ကျမသားမှ ကျမသားလို့ သိတယ်​။ ဒါ​ပေမဲ့ ဘယ်​သူဆိုတာ မ​ဝေခွဲ တတ်​ဘူး။ “ခေါင်းရင်းမှာ စကား​ပြော​နေတာ မွန်​မွန်​နဲ့မချို​လေ။အ​မေ သိတယ်​ မဟုတ်​လား။” အင်း လို့ ကျမ ​ခေါင်းညိတ်​အ​ဖြေ​ပေးလိုက်​တယ်​။ပြီး​တော့ ​နောက်​ထပ်​ ဘာမှ ထပ်​မ​မေးပါ​စေနဲ့လို့ ​မျှော်​လင့်​မိ လိုက်​တယ်​။မွန်​မွန်​တဲ့။ဒီနာမည်​ဟာ ကျမဘဝမှာ ​တော်​​တော်​​လေး ရင်းနှီးခဲ့တာ။မွန်​မွန်​​ရေ–မွန်​မွန်​​ရေ–မွန်​မွန်​​ရေ၊ဒီလို​တွေ​တောင်​ ​ခေါ်မိသလား​ပဲ။ အမှတ်​ မထားမိ​တော့ဘူး။မသိ​တော့ဘူး။ဒါ-ဘယ်​သူ့အမည်​လဲဆိုတာ မသိ​တော့ဘူး။ ကျမနဲ့ လင်​ညီအစ်​မလား။ဟုတ်​တယ်​ မွန်မွန်ဟာ ကျမနဲ့ လင်​ညီအစ်​မ။

“မွန်​မွန်​က သားမိန်းမ​လေ အ​မေ။မချိုက ဉာဏ်​ဉာဏ့်​မိန်းမ။အမေ့ ချွေးမတွေ။”အဲ့ကျမှ ကျမရယ်​မိတယ်​။အော်​…သိပြီသိပြီ။ လက်​ညှိုး​လေးနဲ့ထောင်ပြီး ကျမ ဝမ်းသာအားရ ​ပြောမိတယ်​။ဟုတ်​သားပဲ။ကျမ သိသွာပြီ။ဝမ်းသာ လိုက်​တာ။ဉာဏ်​ဉာဏ်​…ဉာဏ်​ဉာဏ်​။ဒီ​ကောင်​​လေးလည်း မ​တွေ့ဘူး။ ဘယ်​သွား​နေတာလဲး မသိဘူး။ အိမ်​သာ တက်​​နေတာနဲ့ တူတယ်​။ဒါနဲ့ မွန်​မွန်​က သားမိန်းမလို့ ​ပြော​တော့၊သူက ဘယ်​သူတုံး။မေ့​နေပြန်​ပါပြီ။စော​စောက သိသွားတဲ့အသိ ဘယ်​​ရောက်​သွားပြန်​ပြီလဲ။
ကျမ နားမှာ ထိုင်​​နေတဲ့အ​ကောင်​။ဘယ်​သူတုံး။ “သားက ​ကျော်​​ကျော်​​လေ” တဲ့။ ဟုတ်​ပြီ၊ ဟုတ် ​ပြီ။စာ​ရေးတဲ့အ​ကောင်​။က​လေး​လေး ​ရောက်​ပြီလားလို့ သူ့သား​လေးကို ကျမ​မေးမိတယ်​။ဒီလို ​မေးတာကို သူတို့​တွေ ဝမ်းသာ​နေကြတယ်​။ “အ​မေ မှတ်​မိတယ်​။မှတ်​မိတယ်​” တဲ့။ပြော​နေတုန်း ကျမအနား ​နောက်​တစ်​​ယောက်​ ​ရောက်​လာ ပြန်​တယ်​။ ဝဝနဲ့။ ပုပု။ ​စော​စောက အနားမှာထိုင်​​နေတဲ့​ကောင်​က ထွက်​သွားတယ်​။ ဝဝနဲ့ပုပုကို ဟိုမှာ နင့်​အစ်​ကိုလို့ ကျမ ​ပြောလိုက်​​တော့ သူတို့က ရယ်​ကြပြန်​တယ်​။ မဟုတ်​ဘူး​လေ၊သားက အကြီးဆုံး၊ အ​မေ့ရဲ့ သြရသတဲ့။ အဲ့ဒါ အလတ်​​ကောင်​ ​ကျော်​​ကျော်​​လေတဲ့။
(သုံး)
ဘာ​တွေလဲ။ ရှုပ်​လိုက်​တာ။ခေါင်းကို ​နောက်​​ရောပဲ။ ကျမ မျက်​စိ မှိတ်​လိုက်​တယ်​။အရှုပ်​​တွေ၊ အ​နောက်​​တွေ သက်​သာလို သက်​သာငြား​ပေါ့။အိပ်​​ပျော်​သလို ဖြစ်​သွားတယ်​။ အားလုံးကိုခဏ​မေ့သွားတယ်​။ ကျမ အသိတစ်​ခုရ​တော့ ကျမ အိပ်​ရာ​လေးရှိတဲ့​နေရာ။ခု လှဲ​လျောင်း​နေတာဟာ ကျမ ​နေရာ မဟုတ်​ဘူး။ ကျမ​နေရာက အ​ပေါ် ထပ်​မှာ ဒါကို ​ကောင်း​ကောင်းသိတယ်​။ကျမ နှစ်နှစ်ဆယ်ကျော် အိပ်​စက်​ခဲ့တဲ့ ​နေရာဟာ အ​ပေါ်ထပ်​က ပြူတင်း​ပေါက်​​ဘေးမှာ။ကုတင်​​ပေါ်က​နေ ​စောင်းပြီးကြည့်​ရင်း တီဗွီကိုလည်း မြင်​ရတယ်​။ဘုရားအိုးစင်​လည်း ​ဖူးရတယ်​။ ဟုတ်​တယ်​။ ကျမ ​နေရာကို ကျမ သွားမယ်​။ကျမ ထလိုက်​တယ်​။
ခန္ဓာကိုယ်​ဟာ ​လေထဲမှာ ​မြောက်​တက်​သွားတယ်​။ခြေ​ထောက်​​တွေ လှမ်းစရာ မလိုဘဲနဲ့ ​လှေကားအတိုင်း ကျမ တက်​သွားတယ်​။ကျမ အိပ်​ရ​လေးကို ပြန်​​ရောက်​​တော့မယ်​ဆိုတဲ့အသိနဲ့ ​ပျော်​​နေတယ်​။ကျမ အိပ်​ရာ​လေးကိုမမြင်​ရခင်​ ​လှေကားထိပ်​​ရောက်​​ရောက်​ချင်း ဘုရားအိုးစင်​ကို ဖူးလိုက်​ရတယ်​။ပန်း၊​ရေချမ်း၊အားလုံး ကျမဝတ်​ပြုခဲ့တဲ့ အချိန်​ကာလ​တွေကအတိုင်းပဲ။ ပန်းလည်း ဝေဝေဆာဆာ၊ရေချမ်းတွေလည်း ပြည့်ပြည့်ဝဝ။ ကျမ လက်​အုပ်​ချီမိသလား။ ဒီအတိုင်းပဲ ဆက်​တက်​ခဲ့သလား။ဒါကိုတော့ သတိ မထားမိဘူး။
တီဗွီကိုကျမကြည့်လိုက်တယ်။ တီဗွီဟာ ကျမအ​ပေါ်မှာရှိ​နေတဲ့အတိုင်းမဟုတ်​ဘူး။ပိတ်​လို့။တိတ်​လို့။ ခလုပ်ကို ကျမ လက်​လှမ်းလိုက်​တယ်​ထင်ရဲ့။လက်က မြောက်သွားတယ်။ ခလုပ်​နဲ့ လက်​ကတော့ ထိမိလိုက်​တာလား၊ မထိမိလိုက်ဘူးလား။ မသဲကွဲဘူး။ လက်​ထဲမှာ​တော့ အရာတခုခု ပါလာတယ်​။ ပါလာတဲ့အရာကို ကျမ ဆွဲလိုက်​တယ်​။ ပါလာတယ်​။ ပြီး​တော့ တင်း​သွားတယ်​။ ဆွဲတဲ့အရာဟာ အစပိုင်းမှာ ​ချော​ချော​မော​မော ပါ လာ​ပေမယ့်​၊​ နောက်​ပိုင်းမှာ တင်းသွားတယ်​။ပါမလာတော့ဘူး။ ကျမအားပိုစိုက်​ပြီး ဆက်​ဆွဲတယ်​။ ပါမလာဘူး။ ဆက်​ဆွဲတယ်​။
(​လေး)
“ဆွဲ မတင်​နဲ့​လေ အ​မေ။ ဆွဲတင်​​တော့ အ​မေ့ ​ခြေ​ထောက်​တွေ ​ပေါ်ကုန်​ပြီး၊ခြင်​ကိုက်​မှာ​ပေါ”့ တဲ့။ ကျမ ဆက်​မဆွဲဘဲ အဆွဲကို ရပ်​လိုက်​​တယ်​။ ဒါပေမဲ့ ကျမ စွဲ​နေတဲ့ခလုပ်​ကိုပဲ ကျမ ဆက်​နှိပ်​နေမိတယ်​။ကျမ နားမလည်​ဘူး။ခလုပ်​ကို နှိပ်​တာနဲ့ ထဘီ​မြှောက်​ပြီး ကျမ ​ခြေ​ထောက်​​တွေ ​ပေါ်​နေတယ်​ဆိုတာ။တကယ်​ကို ကျမ နားမလည်​​တော့ပါဘူး။
ကျော်​ထင်