ဝတ္ထုတို

မောင်ကျော်သာ (ပဲခူး) ● ဒဏ်ရာများနဲ့ မိုးတိမ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်ကျော်သာ (ပဲခူး) ● ဒဏ်ရာများနဲ့ မိုးတိမ်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


(၁)
ရထားကြီးထွက်ခွာသွားပါပြီ။ ရထားပေါ်မှာ သူမ ပါသွားခဲ့၏။

ဘူတာပလက်ဖောင်းပေါ်မှာ ကျွန်တော်တယောက်သာ ကျန်ရစ်ခဲ့ပါသည်။ ဒီဝါကျဟာ စိတ်ကူးယဉ်ဆန်နေပြီး ပလက်ဖောင်း ပေါ်မှာ ကျွန်တော့်လိုပဲ လူတော်တော်များများ ကျန်ရစ်ခဲ့ခြင်းဖြစ်မည်။

ဘာပဲဖြစ်ဖြစ် ပလက်ဖောင်းပေါ်မှာ ကျွန်တော်တယောက်သာ ကျန်ရစ်ခဲ့ပါသည်။

သူမနာမည်ဟာ ‘မေ’ မဟုတ်လျှင် သူမနာမည်ကို ‘စန္ဒရာမူလာ’ ဟု ခေါ်ဆိုနိုင်ပါသည်။ ဒါမှမဟုတ်လည်း သူမနာမည်ကို ‘ဖရီဒါခါလို’ ဟု ခေါ်ဆိုနိုင်ပါသည်။ သူမနဲ့ပတ်သက်ပြီး ခေတ်ပေါ်သီချင်းတပုဒ်ကို အော်ဆိုလိုက်ချင်ပေမယ့် သီချင်းစာသားကို ကျွန်တော်မေ့နေခဲ့သည်။

သေချာတာက ဆောင်းခိုငှက်တွေ တောင်ပံဖြန့်ချိန်မှာ သူမ အိမ်ပြန်လာဖို့ပဲဖြစ်ပါသည်။ ဒါပေမဲ့ သူမ အိမ်ပြန်လာဖို့က မသေ ချာပါ။

သူမနှင့် ပြန်ဆုံဖို့က မသေချာပါ။သူမရင်ခွင်ကို ပြန်လည်ပိုင်ဆိုင်ဖို့ကမသေချာပါ။ အီရတ်မှာ တနေ့တခါ ဗုံးခွဲမှုတွေဖြစ်ဖို့ သေချာပေမယ့် မီးရထားကြီးပြန်လှည့်လာဖို့က မသေချာပါ။ မီးရထားကြီးပြန်လာဖို့သေချာပေမဲ့ သူမ ပြန်လာဖို့က မသေ ချာပါ။

သူမနာမည် ‘မနှင်းဆီ’ မဟုတ်လျှင် သူမနာမည်ကို ‘လီဆောင်းဦး’ ဟု ခေါ်ချင်ခေါ်နိုင်ပါသည်။ သေချာတာက သူမနာမည် အမှန် ဘာဖြစ်မှန်းမသေချာခြင်းပင်ဖြစ်ပါသည်။

(၂)
‘သေချာသည်’ ဆိုသည့်စကားလုံးပေါင်း ၁၀၈ လုံးပါခဲ့သော ဝတ္ထုစာအုပ်တအုပ်ကိုရေးခဲ့သူမှာ ကျွန်တော်ဖြစ်ပြီး၊ ထိုစကား လုံးပေါင်း ၁၀၈ လုံးပါကြောင်း ထောက်ပြခဲ့သူမှာ ကျွန်တော့်မိတ်ဆွေ ကိုမြေကြီးဖြစ်သည်။ ထိုကိစ္စအတွက် သူ့ကိုကျွန်တော် ကျေးဇူးတင်ခဲ့ပြီး ထိုကိစ္စအတွက် သူက ကျွန်တော့်ထံမှ အရက်ဖိုးတောင်းသွားခဲ့ပါသည်။ ထိုစကားလုံး ၁၀၈ လုံး ပါနေခြင်းမှာ တမင်တကာ အဓိဋ္ဌာန်နှင့်ရေးခဲ့ခြင်းမဟုတ်ကြောင်း သူ့ကို ကျွန်တော်ရှင်းပြမနေတော့ပါ။

ရထားကြီးက ထွက်ခွာသွားပြီဖြစ်၏။ ရန်ကုန်မြို့ကြီးက ရထားကြီး နောက်မှာကျန်ရစ်ခဲ့ပြီး၊ ကျွန်တော်က ရန်ကုန်မြို့ထဲမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

နေကြာပန်းတွေ ပွင့်နေကြပြီလား၊ ဆန်းဖလားဝါး ရုပ်ရှင်ဇာတ်ကားကို ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက လေးကြိမ် တိုင်တိုင် ကြည့်ခဲ့ဖူးသည်။ သူမနာမည်ဟာ ‘သက်ထားစံ’  မဟုတ်ခဲ့လျှင် သူမနာမည်ဟာ ‘ဆိုဖီယာလောရင့်’ ဖြစ်နိုင်ပေသည်။ သေချာသည်ဆိုသည့် စကားလုံးပေါင်း ၁၀၈ လုံးပါဝင်သော ဝတ္ထုစာအုပ်တအုပ် ကျွန်တော်ရေးခဲ့ပေမဲ့ သူမနာမည်နဲ့ ပတ် သက်ပြီး ကျွန်တာ့်အတွက် မသေချာခဲ့။

ဘုရားသခင်ကိုသတ်ခဲ့တာ နစ်ရှေးဖြစ်ပါသည်။

လူတွေကို မျောက်ဖြစ်စေခဲ့တာ ဒါဝင်ဖြစ်ပါသည်။ နောက်ကျောကို ဓားနဲ့ထိုးသူဟာ ဗရူးတပ်ဖြစ်ပါသည်။ ဂျူးတွေကို မီး လောင်တိုက်သွင်းသူဟာ ဟစ်တလာဖြစ်ပါသည်။ ဟီရိုရှီမားနဲ့ နာဂါဆာဂီကို အနုမြူဗုံးချခဲ့တာ အမေရိကန်ဖြစ်ပါသည်။ ထ ရိုင်မြို့ကို မီးရှို့ခဲ့တာ ဂရိစစ်သည်တွေ ဖြစ်ပါသည်။ ပွန်ပီမြို့ကြီးကို ချော်တွေနဲ့ဖုံးစေခဲ့တာ ဗီဆူးဗီးယတ်မီးတောင် ဖြစ်ပါ သည်။ ကြက်ငှက်တုပ်ကွေးကိုဖြစ်စေခဲ့တာ H5N1 ဗိုင်းရပ်တွေ ဖြစ်ပါသည်။ ထိုကိစ္စအားလုံးဟာ ကျွန်တော်နှင့် ပါဝင်ပတ် သက်မှု မရှိခဲ့ပါ။ ထိုကိစ္စအားလုံးဟာ ကျွန်တော်နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အတွက် မီးရထားကြီးနှင့်အတူသူမပြန်လာ မည့်ရက်ကို ကျွန်တော် မျှော်လင့်ခွင့်ရှိနိုင်ပါသလား။

(၃)
မျှော်လင့်ခြင်းကို အင်္ဂလိပ်လို Hope ဟုခေါ်သလား။ Expect ဟု ခေါ်သလား။ ကျွန်တော့အတွက် သိရန်မလိုအပ်ပါ။ ကျွန် တော့်အဖို့ မျှော်လင့်ခြင်းဟာ မျှော်လင့်ခြင်းဖြစ်နေဖို့ပဲ အရေးကြီးပါသည်။ မျှော်လင့်ခြင်းဟာ ငှက်တကောင်ဆိုလျှင် ထိုငှက် ဟာ မနှစ်က ပူလောင်တဲ့ရာသီမှာပဲ မြောက်ဘက်ကောင်းကင်ကို ပျံတက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ မနေ့က ဝေဒနာ တွေ ကျွန်တော့်ဆီ ပြန်ရောက်လာကြ၏။ ဒီနေ့ဝေဒနာတွေက ကျွန်တော့်မျှော်လင့်ချက်ကို လောင်ကျွမ်းဖျက်ဆီးလိုက်ကြပြီဖြစ်သည်။

မိုးတိမ်တွေ ပြန်လာပါ။ ကောင်းကင်မှာ ကြိုးနှင့်ချည်ထားပေးပါ။

အေးငြိမ်းမြင့်ရဲ့ ပြတင်းပေါက်ကနေမြင်ရတဲ့ မိုးတိမ်တွေက ကျွန်တော့်ရင်ကို နာကျင်စေပါသည်။ ‘တိမ်နှင့်လုပ်သည့် ပန်းပု ရုပ်’ အမည်နှင့် ဝတ္ထုတပုဒ် ကျွန်တော်ရေးခဲ့ဖူးပေမဲ့ တိမ်နှင့်လုပ်သည့် ပန်းပရရုပ်ပန်းချီပြပွဲတခုလုပ်ဖို့ ကျွန်တော်စီစဉ်ဆဲဖြစ် သည်။

ကျွန်တော့်ပန်းချီကားတွေကို ပန်းချီကားလိုမမြင်ဘဲ ကျွန်တော့်ပန်းချီကားတွေကို ပန်းပုရုပ်လို မြင်ကြည့်နိုင်၏။ ထိုပန်းချီကား ထဲက မိန်းမကိုတော့ တိမ်တွေလို့ပဲ မှတ်ယူလိုက်ပါ။ ရထားကြီးက ထွက်ခွာသွားပြီး ရထားကြီးထဲမှာ တိမ်နဲ့တူသော ထိုမိန်းမ လည်း လိုက်ပါသွားပြီဖြစ်ပါသည်။ မီးရထားဥသြသံကိုတော့ ကြားနေရဆဲ။ မြစ်ကွေ့ဘူတာက ရထားသံတော့ ဟုတ်ဟန် မတူပါ။ ထိုရထားသံဟာ ကျွန်တော်နှင့်နီးရာကို ဦးတည်မလာဘဲ၊ ထိုရထားသံဟာ ကျွန်တော်နှင့်ဝေးရာကို ဦးတည်သွားနေခဲ့ သည်။ ရထားပေါ်မှာတော့ သူမ ပါသွားခဲ့ပြီဖြစ်၏။

ဘူတာရုံထဲက တီဗွီထဲမှာ ခေတ်ပေါ်အဆိုတော်လေး တယောက်ဟာခေတ်ပေါ်သီချင်းတပုဒ် သီဆိုနေ၏။ “ပြန်မလာတော့ ဖူးပေါ့ … အသေအချာဆုံးဖြတ်ပြီးခဲ့ရင် … ပျော်ပါစေချစ်သူ ငါဟာ လမ်းပျောက်ခဲ့သူပါ”

ရထားဥသြသံကို ကြားနေရ၏။ ထိုဥသြသံဟာ မိုင်ပေါင်း ထောင်ချီ ဝေးကွာသောအရပ်က ဥသြသံဆိုတာ …။

(၄)
သူမအမည်ဟာ ‘ဥသြ’ ဖြစ်နိုင်၏။ ဒါမှမဟုတ်လည်း ငုဝါ၊ ပိတောက်နှင့် ဂျနီဖာလိုပက် တခုခုဖြစ်နိုင်ပေသည်။ သေချာတာက သူမနာမည် အရင်းဟာ ဘာဖြစ်မှန်း မသေချာခြင်းပင်ဖြစ်သည်။ သူမကတော့ နာမည်ဟာ ပညတ်ချက်သာဖြစ်သည်ဟု ဆိုခဲ့ ဖူး၏။ စင်္ကြာဝဠာရဲ့နောက်ဆုံးသီအိုရီဟာ မသေချာခြင်းဟုဆိုလျှင် သေချာခြင်းဆိုသည့်စကားလုံးကို မြေမြှုပ်သင်္ဂြိုလ်လိုက် ကြပါစို့။ ဒီနေ့ နေထွက်ခဲ့ပြီ။

ဒီနေ့ နေဝင်ဖို့ မသေချာပါ။ ဒီနေ့ ပန်းတွေပွင့်ဖို့ မသေချာပါ။
သေချာတာက မသေချာတာပဲဖြစ်သည်ဆိုသည့်စကားဟာ မည်မျှ မသေချာလိုက်ပါသလဲ။
ကိုမြေကြီးခင်ဗျား … သေချာမှုကို ခင်ဗျားက ရှာဖွေတွေ့ရှိခဲ့ပြီး မသေချာမှုကို ရှာဖွေတွေ့ရှိခဲ့တာကတော့ ကျွန်တော်ပဲ ဖြစ်ပါ သည်။ ဒီအတွက် ခင်ဗျားကို အရက်တလုံးနဲ့ ထပ်ပြီးဂုဏ်ပြုပါရစေ။

(၅)
ငါ့ချစ်ရာ သခင်ကို ငါဆိုင်ပေ၏။
သခင်ကလည်း ငါ့ကို ဆိုင်ပေ၏။
ငါ့ချစ်ရာသခင် မိုးမသောက်၊ မှောင်မိုက် အရိပ်မပြယ်မီ ဗေသာတောင်ပေါ်မှာ သမင် ဒရယ်ကဲ့သို့ တဖန် ပြုတော်မူပါ။ ကျွန်တော်ဟာ မိန်းမတယောက်ကို ရရှိခဲ့ပြီး ချစ်သူတယောက်ကို ဆုံးရှုံးခဲ့သူသာဖြစ်သည်။

(၆)
မီးရထားဥသြသံကို ကျွန်တော်ကြားနေရ၏။ ထိုအသံဟာ ကျွန်တော်နှင့် မိုင်ပေါင်းကုဋေချီ ဝေးကွာအောင် ခုတ်မောင်းသွား မယ့် ရထားဥသြသံပဲဖြစ်သည်။ မီးရထားပေါ်မှာ သူမ ပါသွားခဲ့ပြီ။ မန္တလေးမှာ မင်းဖြစ်ချင်တာတွေ ဖြစ်ပါစေ။

လားရှိုးမှာ မင်းဖြစ်ချင်တာတွေ ဖြစ်ပါစေ။ မြစ်ကြီးနားမှာ၊ လုံးခင်းမှာ၊ ဖားကန့်မှာ၊ ပြီးတော့ သံသရာတလျှောက်လုံးမှာ မင်း ဖြစ် ချင်တာတွေ ဖြစ်ပါစေ။ ဖြစ်ချင်တာ နှစ်ကျပ်သားရဖို့ မဖြစ်ချင်တာ နှစ်ပိဿာပေးဆပ်ပြီးတဲ့နောက်မှာ ဘဝဆိုတာ နည်း နည်းရဖို့ များများပေးဆပ်ရတယ်ဆိုတာ။

ဗင်ဂိုးရဲ့ နားရွက်တွေကိုသာ လူတွေ မလိုချင်ကြပေမဲ့ ဗင်ဂိုးရဲ့ပန်းချီကားတွေကိုတော့ လူတွေက လိုချင်ကြ၏။ ကျွန်တော့် နားရွက်တဖက်ကိုယူပါ။ ဖြစ်နိုင်လျှင် နားရွက်နှစ်ဖက်စလုံးကို ယူလိုက်ပါ။

မီးရထားဥသြသံကိုကြားဖို့ နားရွက်တွေ မရှိတော့တဲ့နေ့မှာပဲ ကျွန်တော့်ပန်းချီကားတွေကို ကျွန်တော် အပြီးသတ်ရေးဆွဲပြီးမှာ ဖြစ်သည်။ ပန်းချီကားထဲက တိမ်တွေကတော့ ဒဏ်ရာအနာတရတွေနဲ့ ပြည့်နှက်နာကျင်လို့ …. ။

မောင်ကျော်သာ (ပဲခူး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts