ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – အားလုံးအတွက် ယုံကြည်စိတ်ချရသောအစိုးရ
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၃
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၈
Steven Levitskyနှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ဘာသာပြန်သည်
(၁၃)
ဤခေါင်းစဉ်ကိုကြည့်၍ စာဖတ်သည့်အနေဖြင့် ဒီဆောင်းပါးကိုဖတ်လိုက်ရင်တော့ အားလုံးအတွက် ယုံကြည်စိတ်ချရတဲ့ အစိုးရဟာ ဘယ်လိုအစိုးရဆိုတာကို သိမှာဘဲ ဟုထင်လျှင် မှားပါလိမ့်မည်။
ထိုဆောင်းပါးတွင် အထင်အရှားဆိုထားသည်မှာ “အားလုံးအတွက် ယုံကြည်စိတ်ချရသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်သည့် အသိဥာဏ်မျိုးကို ဘုရားသခင်က မည်သူ့ကိုမှ ဖန်ဆင်းပေးမထားပါ” ဟူ၏၊ ယင်းအဆိုကို အမေရိကန်သမတဖြစ်ခဲ့သောသူ ဘင်ဂျမင်ဟယ်ရီစင် (Ben Jamin Harrison)က ဆိုခ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် စာမျက်နှာအားဖြင့် လေးမျက်နှာသာရှိပါသည်။ သို့သော်လည်း ၄င်းကို အမျိုးမျိုးအဓိပ္ပါယ်ကောက်နိုင်သည်ကိုတွေ့ရသည်။ အချို့သော အဓိပ္ပါယ်ကောက်နိုင်သောနည်းများသည် အဓိပ္ပါယ်ကိုပင် ဆန့်ကျင်ဘက်များပင်ဖြစ်နေကြပါသည်။
အမေရိကန်နိုင်ငံ၏အခြေခံဥပဒေတွင် အားနည်းချက်များရှိပါသည်။ ၄င်းတို့ထဲမှ အချို့ကို ပြောရလျှင် လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိသည်ဟူသော အသင်းအဖွဲ့များထဲတွင် အစိုးရ၏လူများသာရှိနိုင်သည့် အဖြစ်မျိုးဖြစ် နိုင်သည်။
အမေရိကန်သမ္မတသည် ဒိုင်လူကြီးများကို အတိုက်အခံများအား နှိမ်နင်းရာတွင်အသုံးပြုနိုင်သည်။ အမေရိကန်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို အကန့်အသတ်ပြုလုပ်ထားခြင်းမရှိပါ၊ ဥပမာ- အကြပ်အတည်း ကာလ၊ အရေးအခင်းကာလတွင် သမ္မတအာဏာဘယ်လောက်ရှိသည်ဟူသည်နှင့် ပတ်သက်၍ ပြောမထားပါ၊ ထို့ကြောင့်အမေရိကန်၏ အခြေခံဥပဒေသည် ဒီမိုကရေစီကို ဆန့်ကျင်သောခေါင်းဆောင်လက်ထဲတွင် အလွန်လွယ်ကူစွာ ကြိုက်သလိုလုပ်နိုင်သည်။
ယခုဆိုခဲ့သည့်အတိုင်းဆိုလျှင် အမေရိကန်နိုင်ငံတွင် ယခုအထိတည်မြဲနေသော ဒီမိုကရေစီစနစ်သည် အခြေခံဥပဒေကြောင့်မဟုတ် ဟု အဓိပ္ပါယ်သက်ရောက်နေသည်။ ဒါဆိုရင် ဘာကြောင့်လည်း ဟုမေးစရာဖြစ် နေသည်။
အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ ထင်ရှားသောအရည်အချင်းတစ်ခုမှာ အလယ်အလတ်လူတန်းစားပမာ ဏများပြားခြင်းဖြစ်သည်။ သို့သော်ဒီမိုကရေစီစနစ် ထွန်းကားခြင်း၏အရေးပါသော အကြောင်းမှာ အားကောင်း သော ဒီမိုကရေစီဆိုင်ရာ စံနှုန်းများရှိခြင်းဖြစ်သည်။ ဤသို့ဆိုလိုက်ခြင်းသည် ယေဘုယျကျလွန်း၊ စိတ်ကူးယဉ် ဆန်လွန်းသောကြောင့် ဘာကိုဆိုလိုသည်ကို သိဖို့ခက်လျှင် ပိုမို၍ တိကျသောစကားလုံးများဖြင့် ဖော်ပြမည် ဆိုလျှင် အောင်မြင်သောဒီမိုကရေစီစနစ်များ၏ သော့ချက်မှာ ရေးသားထားခြင်းမရှိသော စည်းမျဉ်းစည်းကမ်း များကြောင့်ဖြစ်သည်။ ဥပဒေများထဲတွင် ရေးထားခြင်းမရှိသော်လည်း အလိုအလျောက် သိရမည့်စည်းမျဉ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိကြပြီး ရိုသေလေးစားလိုက်နာခြင်းသည် ဒီမိုကရေစီ ရှင်သန်ခြင်း၏ အဓိ ကအကြောင်းဖြစ်သည်။ အမေရိကန် ဒီမိုကရေစီအတွက်လည်း ၄င်းသည် အရေးအပါဆုံးအချက်အချာကျဆုံး ဖြစ်နေလေသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံတွင် ယခုထိဒီမိုကရေစီ ရှင်သန်နေခြင်း၏ အဓိကအကြောင်းအရင်းမှာ ရေးသားထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများကြောင့်မဟုတ်ပါ၊ ရေးသားထားခြင်းမရှိသော စည်းမျဉ်းဥပဒေများကို အလိုအလျောက် အလိုက်သိ၍ ရိုသေလေးစားလိုက်နာခြင်းကြောင့်ဖြစ်သည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။
လူမှုရေးကိစ္စများ၊ စီးပွားရေးလုပ်ငန်းမျး၊ နိုင်ငံရေးကိစ္စအဝဝ၊ ပညာရေး၊ စသည်တို့တွင် ရေးသား ထားခြင်းမရှိသော စည်းမျဉ်းစည်းကမ်းများသည် အရေးပါဆုံးဖြစ်သည်ဟုဆိုသည်။ ဒီမိုကရေစီရှင်သန်ရေး ကိစ္စတွင်လည်း ဤနည်းအတိုင်းဖြစ်သည်း။ သို့သော် ဒီမိုကရေစီကိစ္စရပ်များတွင် ရေးသားထားသော စည်းမျဉ်းစည်းကမ်းများမရှိသောကြောင့် မဟုတ်ပါ၊ ရေးသားထားသောစည်းမျဉ်းစည်းကမ်းများသည် အခြေခံဥပဒေတွင် ရှိပါသည်။ အကဲဖြတ်ဒိုင်လူကြီးများလည်းရှိပါသည်။ ၄င်းတို့သည် တရားရုံးများဖြစ်ကြသည်။ ဤက့သို့ရှိသောလည်း အခြေခံဥပဒေနှင့်တရားရုံးများသည် တရားမျှတစေရန်၊ ထိရောက်စေရန်အတွက် ရေးသားမထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ပံ့ပိုးရန်လိုအပ်သည်။ ဤရေးသားမထားသောအရာများ၊ အလိုလိုအလိုက်သိ၍ လေးစားစွာ ကျင့်သုံးရမည့်အရာများသည် ဒီမိုကရေစီအတွက် စံနှုန်းများအဖြစ်ရှိနေရ မည်ဖြစ်သည်။ ဤကဲ့သို့ရှိနေတော့မှသာလျှင် နေ့စဉ်ဖြစ်နေသော နိုင်ငံရေးပြိုင်ပွဲများသည် ပဋိပက္ခ၊ အရေးအခင်းများအဖြစ် ပြောင်းသွားခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။
စံနှုန်းများသည် ကိုယ်ရေးကိုယ်တာကိစ္စများ သက်သက်မဟုတ်ကြပါ။ ၄င်းတို့သည် နိုင်ငံရေးခေါင်း ဆောင်များ၏ အကျင်စာရိတ္တ တမျိုးတည်းအပေါ်တွင် တည်မနေပါ။ ၄င်းတို့သည် အဖွဲ့အစည်း၊ အုပ်စုတစ်ခုအ တွင်းတွင် အားလုံးသဘောတူ မျှဝေသော အလေ့အကျင့်များဖြစ်ကြသည်။ ၄င်းတို့ကို အားလုံးက သဘောတူ လက်ခံထားခြင်းဖြစ်သည်။ အားလုံးက လေးစားသည်။ ထိုအဖွဲ့အစည်းအုပ်စုထဲတွင် ပါဝင်သောသူအားလုံးက အချင်းချင်းကို လိုက်နာရန် တွန်းအားပေးနေသော အရာများဖြစ်သည်။ ၄င်းတို့ကို ရေးသားထားခြင်းမရှိသော ကြောင့် မတွေ့ရ၊ မမြင်ရပါ၊ အထူးသဖြင့်အရာရာအဆင်ပြေနေလျှင် မတွေ့ရ၊ မမြင်ရပါ။
စံနှုန်းများသည် မတွေ့ရ၊ မမြင်ရသောအရာများဖြစ်သောကြောင့် ၄င်းတို့သည် မလိုအပ်သောအရာများဟူ၍ ပင် အထင်မှားနိုင်သည်။ ဥပမာ ပြောရလျှင် လေနှင့်ရေ ကဲ့သို့ အလားတူဖြစ်သည်။ မရှိတော့ သည့်အခါတွင် ချက်ချင်းသိသာထင်ရှားသည်။ စံနှုန်း၏အရေးပါမှုသည်လည်း ထိုစံနှုန်းများမရှိတော့သည့် အခါတွင် ၄င်း၏အရေးပါမှုသည် သိသာထင်ရှားစေသည်။ စံနှုန်းများသည် အားကောင်းသောအခါတွင် ၄င်းတို့အားချိုးဖောက်ခြင်းသည် လူအများ၏ကြားတွင် အရှက်တကွဲ ဖြစ်နိုင်သည်။ ဝေဖန်ခံရမည်။ ထိုစံနှုန်းများကို ချိုးဖောက်သောနိုင်ငံရေးသမားများသည် ခံရမည်ဖြစ်သည်။
ရေးသားမထားသော စည်းမျဉ်းများနှင့် စံနှုန်းများသည် အမေရိကန်နိုင်ငံ၏ နိုင်ငံရေးလောကတွင် နေရာတိုင်း၌ရှိနေပါသည်။ ဤနေရာတွင် ဒီမိုကရေစီစနစ်ထွန်းကားရေး၊ ရှင်သန်ရေးအတွက် အခြေခံကျသော စံနှုန်းနှစ်ခုရှိသည်။ ၄င်းတို့မှာ နှစ်ဦးနှစ်ဖက်သည်းခံခြင်းနှင့် အများနှင့်ပတ်သက်သောအဖွဲ့အစည်းအပေါ်စိတ်ရှည်နိုင်ခြင်းတို့ဖြစ်သည်။ ထိုစံနှုန်းနှစ်ခုကို ရှင်းရမည်ဆိုလျှင်-
နှစ်ဦးနှစ်ဖက်သည်းခံခြင်းဆိုသည်မှာ ကိုယ်၏ပြိုင်ဘက်များသည် အခြေခံဥပဒေ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်းသုံးနေသ၍ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် ရှိကြရန် အခွင့်အရေးရှိသည်ဟု လက်ခံထားခြင်းဖြစ်သည်။ သူတို့သည် အာဏာရရှိရန် ကြိုးပမ်းခွင့်၊ အုပ်ချုပ်ပိုင်ခွင့်တို့အတွက် ကြိုးပမ်းခွင့်သည်လည်း တန်းတူရည်တူရှိသည်ဟု လက်ခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပြိုင်ဘက်များနှင့် သဘောထားကွဲလွဲနိုင်သည်။ သူတို့ကို မကြိုက်နှစ်သက်သည့်အပြင် မုန်းတီးနိုင်သည်။ ဤသည်ကား ကျွန်ုပ်တို့၏ အခွင့်အရေးဖြစ်၏။ သို့သော်လည်း ဒီမိုကရေစီစနစ်အောက်တွင် သူတို့၏ တရားဝင်မှုကို လက်ခံထား ရမည်ဖြစ်သည်။
နိုင်ငံရေးလောကတွင် နှစ်ဦးနှစ်ဖက်သည်းခံခြင်းတွင် ကျွန်ုပ်တို့၏နိုင်ငံရေးပြိုင်ဘက်များသည် ယဉ်ကျေးသော ၊ နိုင်ငံကိုချစ်သော၊ ဥပဒေကိုလေးစားသော ပြည်သူများဖြစ်ခြင်းကို အသိအမှတ်ပြုခြင်း လည်းပါဝင်သည်။ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် အခြေခံဥပဒေကို လေးစားသည်။ နိုင်ငံကိုချစ်သည်ကိုလည်း လက်ခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသိဥာဏ်ကင်းမဲ့သည်၊ မှားယွင်းသည်ဟုပင် ယုံသော်လည်း ၄င်းတို့သည် ပျက်စီးစေသောအရာများ၊ ဘဝပျက်စေသောအရာများဟု ယူဆရန် မလိုအပ်ပါ၊ ၄င်းတို့သည် သစ္စာဖောက်သောအရာများဟူ၍ ယူဆရန်မလိုပါ။
ရွေးကောက်ပွဲညတွင် ကိုယ်ထောက်ခံသောပါတီရှုံးသောကြောင့် မျက်ရည်ကျချင် ကျနိုင်သည်။ သို့သော် ဤအဖြစ်သည် ကိုယ့်ဘဝကို ပျက်စီးသွားစေနိုင်သောအရာဟု ယူဆစရာမလိုပါ။ ထို့ကြောင့်အပြန်အလှန် သည်းခံခြင်းသည် အားလုံးသည် ညီညီညွတ်ညွတ် အရာရာကို သဘောတူရန် သို့မဟုတ် သဘောထား ကွဲလွဲရန် အခွင့်အရေးရှိသည်ဟူသည်ကို လက်ခံထားခြင်းဖြစ်သည်။
ဤနေရာတွင် နိုင်ငံရေးအတိုက်အခံများသည် ရန်သူများမဟုတ် ဟူသော အတွေးအခေါ်သည် တော်တော်ထူးခြားပါသည်။ အဆင့်လည်းမြင့်ပါသည်။ ခေတ်လည်းမှီပါသည်။
အုပ်ချုပ်သူကို ဆန့်ကျင်ခြင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု မယူဆခြင်းသည် အမေရိကန်၏ ဒီမိုကရေစီစနစ်တွင် တော်တော်ကြာမှ ဖြစ်လာခြင်းဖြစ်သည်။
(ဆက်လက် ဖော်ပြပါမည်)