ကိုသန်းလွင် အတွေးအမြင်

ကိုသန်းလွင် – ဖီလိုဆိုဖါ


ကိုသန်းလွင် – ဖီလိုဆိုဖါ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

(၁)

ယနေ့ခေတ်တွင် ဖီလိုဆိုဖီ အမျိုးအစား များပြားသလောက် အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာလည်း များပြားပါသည်၊ နှစ်ပေါင်း သုံးထောင်ကျော်မျှ ဖီလိုဆိုဖီနှင့် ပါတ်သတ်သော လုပ်ရပ်များ၊ သဘောထား ကွဲလွဲချက်များ ရှိခဲ့ကြရာ အများ သဘောတူညီသော အဓိပ္ပါယ် ဖွင့်ဆိုနိုင်လိမ့်မည်မဟုတ်ပါ၊ ကျွန်တော့်အနေဖြစ်လည်း နောက်ထပ် အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ရပ်ကို ရေးပြနိုင်မည်မဟုတ်ပါ။

ဝှိုက်ဟက် (Alfred Whitehead) ကပြောခဲ့သည်မှာ ဖီလိုဆိုဖီဆိုသည်မှာ ပလေတိုပြောခဲ့သမျှစကားတွေ၏ အောက်ခြေမှတ်ချက် (Footnote) များသဘွယ်ဖြစ်သည်ဟု ဖြစ်ပါသည်၊ ထို့ကြောင့် ကျွန်တော့်အနေဖြင့် မှတ်ချက်အနည်းငယ်မျှသာ ပေးလိုပါသည်၊ ပလေတို၏ ဖီလိုဆိုဖီကို အဓိပ္ပါယ်ဖွင့်ဆိုချက်ဟုခေါ်ဆိုနိုင်သော အကြောင်းအရာများကိုသူ၏ (Theaetetus) စာအုပ်တွင် တွင်ရေးခဲ့သည်၊ အချို့ပုဂ္ဂိုလ်များက ဤအကြောင်း အရာသည် ပလေတို၏ ဆုတ်ယုတ်မှု (Digression) ကိုပြသောအရာဖြစ်သည်ဟုဆိုကြပါသည်၊ သို့သော် ကျွန်တော် ကတော့ လွန်စွာအရေးကြီးလှ သော ဖီလိုဆိုဖါ တစ်ယောက်ဖြစ်ရန်အတွက် ဘာတွေလိုသည်ဆို သည်ကို ပြောပြသည်ဟုထင်ပါသည်။

ဆိုကရေးတီးက သေးလ် (Thales) ၏အကြောင်းကိုပြောပြခဲ့ပါသည်၊ သေးလ် ကိုကမ္ဘာကြီး၏ ပထမဦးဆုံး ဖီလိုဆိုဖါ ဟုလည်းအချို့ကပြောကြပါသည်၊ သူသည် အထက်မိုးကောင်းကင်က ကြယ်တာရာများကိုမျှော်ကြည့် နေပုံမှာ လွန်စွာအားစိုက်ပြီးစိတ်ဝင်တစားရှိလှသဖြင့် သူ့ရှေ့က ရေတွင်းထဲကို ခြေချော်ကျခဲ့သည်ဟုဆိုပါသည်၊ ထိုအရာကိုနားမလည်နိုင်သော မိန်းမငယ်တစ်ယောက်ကရယ်စရာဟုယူဆပါသည်၊ ဖီလိုဆိုဖါကြီးသည် ကောင်း ကင်တွင်ဖြစ်ပျက်နေသည့်အရာများကိုသိလိုလှသောကြောင့်သူ၏ခြေထောက်ကိုလည်းကောင်း သူ့ရှေ့မှာဘာရှိ သည်ဆိုသည်ကိုလည်းကောင်း သတိမေ့လျော့သွားပုံရပါသည်။

နောက်ပိုင်း ပလေတိုက ဒိုင်ယာလော့ (Dialogue) များရေး၍ ခေတ်သစ်လူတို့က ဘာသာပြန်ကြရာတွင် “ဖီလို ဆိုဖီကို စိတ်ဝင်စားသူတိုင်းကို သည်လိုဟာသမျိုးကိုကြုံကြရမည်” ဟုရေးခဲ့ပါသည်။

ထို့ကြောင့် ဖီလိုဆိုဖါ ဆိုသူတွေသည် ဘယ်သူတွေနည်းဟု မေးစရာဖြစ်လာပါသည်၊ အဖြေကရှင်းပါသည်၊ ရယ် ရွှင်ဘွယ်ကောင်းသော၊ ဘာဖြစ်၍ဖြစ်မှန်းမသိသောလူကြီး ကိုဖီလိုဆိုဖါ ဟုခေါ်သည်ဟုအချို့ကဆိုကြပါမည်၊ ဖီလိုဆိုဖါများကသူနှင့်ပတ်သတ်၍ပြောရန်လိုလာတိုင်းအထက်ကမိန်းကလေးငယ်လို ရယ်ဘွယ်ဟာသသဘော နှင့်ကြုံရပါလေသည်၊ ဖီလိုဆိုဖါများ၏ရှုတ်ထွေး၍ အများနားမလည်နိုင်စရာလုပ်ရပ်များမှာ သူ့ကို မိုက်မဲသည် သဘာဝမကျ ဟူ၍သာ မှတ်ချက်ချကြပါသည်။

သို့သော် ပလေတိုနှင့်ပတ်သက်လာလျှင် “အရာဝတ္ထုများသည် မြင်ရသည့်အတိုင်းမဟုတ်” ဟူသောစကားကို သွား၍သတိရစေပါသည်၊ အရာတစ်ခုမှာမြင်သည်ကတခြား အဓိပ္ပါယ်ကတစ်မျိုးဖြစ်တတ်ပါသည်၊ သေးလ်က “ရေသည်အရာရာတိုင်း၏အခြေခံဖြစ်ပြီးဝတ္ထုတိုင်းသည် ရေဖြင့်ဖွဲ့စည်းဖြစ် တည်သည်” ဟုယုံကြည်သူဖြစ်ပါ သည်၊ ရေသည် သေးလ်အဘို့ ဖီလိုဆိုဖါ တို့၏ ကျောက်ခဲ “Philosopher’s Stone” ဖြစ်ပါသည်။

ကျွန်တော်တို့သည် ဖီလိုဆိုဖါ၏ အဓိပ္ပါယ်ကိုရှာဖွေခဲ့ကြပါသည်၊ ထိုလူတို့၏အဆုံးအဖြတ်မှာများပြားလှပါသည်၊ အမှန်တရားကိုရှာဖွေသူ၊ အမှန်ဘက်ကနေသူ၊ လောဂျစ်ကိုလေ့လာသူ၊ အမှုရှာသူ၊ ပရော်ဖက်ဆာ၊ ရှေ့ရေး ကိုမျှော်တတ်သူ၊ ရူးနေသူ၊ ရှာဖွေသူ၊ ဂျီးများသူ စသည်တို့ဖြစ်ပါသည်၊

အချို့ကလည်းဖီလိုဆိုဖါဆိုသူများမှာ ကျပ်မပြည့်သူများ၊ အသုံးမကျသူများ၊ တနည်းဆိုသော်အလုပ်အကိုင် မရ နိုင်သူများကိုခေါ်သည်၊ အရေးကြီးသောလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခိုင်း၍မရ၊ ကမ္ဘာကြီး၏လူသာမန် တို့၏ဘ၀မျိုးနှင့်မထိုက်တန် သူများကိုခေါ်သည်၊ လက်တွေ့ဘ၀တွင်လက်တွေ့ကျသော အလုပ်များကို ခိုင်းမရ သူများဖြစ်သည်၊ ဘယ်မိဘကများ သူ့သားကို “ ငါ့သား ဖီလိုဆိုဖါကြီး” ဆိုပြီးဂုဏ်ယူစွာပြောကြားသံကို ကြားရ ဘူးပါသလား၊ နေရာများစွာဖီလိုဆိုဖါဟုပြောလိုက်သည်နှင့်အံ့သြစွာကြည့်ပြီး ရယ်စရာဟုသဘောထားကြသည်၊

ဆိုကရေးတီးက ဖီလိုဆိုဖါ ကို ရှေ့နေ (Lawyer) များနှင့်နှိုင်းကာ ရှင်းပြခဲ့ပါသည်၊ ဥပဒေအကျိုးဆောင်များ သည် ကိစ္စရပ်တစ်ခုလုံးကို ရုံးတော်သို့ တင်ပြရာတွင် အချိန်သည်အရေးကြီးပါသည်၊ အချိန်ကို (Clepsydra) ခေါ် ကိရိယာနှင့် တိုင်းပါသည်၊ ထိုကရိယာမှာ ရေကိုကျဉ်းမြောင်းသည့်ပြွန်တစ်လျှောက်ကျဆင်းစေပြီး ဘယ် လောက်ကျလျင် ဘယ်မျှကြာသည်ဟူ၍ အချိန်ကိုသတ်မှတ်ပါသည်။

ထိုဥပဒေအရာရှိနှင့်မတူဘဲဖီလိုဆိုဖါများမှာ အချိန်ကိုလိုသလောက် ယူနိုင်ပါသည်၊ ဖီလိုဆိုဖါများ လွတ်လပ်ကြ သည်မှာ ခေါင်းစဉ်တစ်ခုမှတစ်ခုသို့ အလွယ်တကူ ပြောင်းနိုင်ကြပါသည်၊ အချိန်များစွာ နှစ်ပေါင်းများစွာ ကြာ သောအချိန်မှ ခေါင်းစဉ် အဟောင်းကိုလည်း ပြန်လာနိုင်ကြပါသည်၊ လွတ်လပ်မှုကအပြည့်ဖြစ်ပါသည်၊

ဆိုကရေးတီးက ဥပဒေပညာရှင်များ အချိန်ကိုတန်ဖိုးရှိလှသဖြင့် အချိန်ကဖိအားပေးခြင်းကြောင့် ပေါ်လစီချမှတ် သူများ၊ အိမ်ရောင်းအိမ်ဝယ်ပွဲစားများ၊ ငွေကြေးစုဆောင်းရန် အကြံပေးသူများအားလုံးသည် မဟုတ်တာလုပ်ဘို့ ၀န်လေးသူများမဟုတ်ကြပါ၊ ထို့ကြောင့်သူတို့သည်အောင်မြင်ကြပါသည်၊ ငွေကြေးချမ်းသာကြွယ်ဝကြပါသည်၊ စကားပြောဆိုရာတွင်ချိုသာကြပါသည်၊ ဆိုကရေးတီးက သူတို့ကိုလိမ်လည်ကောက်ကျစ်သူများဟု ပြောခဲ့ပါ သည်၊ ဖီလိုဆိုဖါများမှာ အခြားလူများတန်ဖိုးထားသော အရာများမှာ သူအဖို့တန်ဖိုးမရှိ၍ ကောက်ကျစ်စရာ အကြောင်းမရှိ၊ ရေကန်တွင်းသို့ ခြေချော်ကျခြင်းသာရှိသည်။

ဆိုကရေးတီးက ပြောသည်မှာ ဖီလိုဆိုဖါများသည် မြို့တော်ကြီးမှာ ရှိသောဥပဒေများအကြောင်းကို ကြားလည်း မကြား၊ သိလည်းမသိ၊ အများပြည်သူတို့၏ လိုက်နာရသော အကြောင်းအရာတို့ကိုလည်း နားမလည်၊ လူတို့၏ အဆင့်အတန်းကို လည်းမသိ၊ မသိသည့်အတွက်အရိုအသေပေးစရာလိုသည်ဟုလည်းမမြင်၊ မိဘမျိုးရိုးကြောင့် ချမ်းသာကြွယ်ဝသူကိုလည်း လေးစားရမှန်းမသိ၊ အမျိုးကောင်းသားသမီးများ၏ မြင့်မားသော ရာထူးဂုဏ်ရှိန် ကိုလည်းမသိကျိုးကျွံပြုကြပါသည်၊ ထို့ကြောင့်နိုင်ငံရေးဆိုင်ရာ အသင်းအဖွဲ့များကို ပူးပေါင်းရန်လည်းစိတ်မကူး၊ ဆိုကရေးတီးကပြောသည်မှာ သူတို့၏ ကိုယ်ခန္ဓာကြီးက နံရံလေးဖက်အတွင်း ရောက်နေသည့်တိုင် သူတို့စိတ် ကလွတ်မြောက်နေသည်။

ဤသို့ဆိုခြင်းဖြင့်ဖီလိုဆိုဖါများသည်အိမ်မက်ဆန်သောဘ၀များ ကိုတည်ဆောက်နေကြခြင်းမဟုတ်ပါ၊ စီးကရက် ဘူးများပေါ်တွင် ရှိသောကြော်ညာစာများကဲ့သို့ “ဖီလိုဆိုဖီသည် သေစေသည်” ဟူသော သတိပေးသည့် စာများ ကပ်ရမည်လောမဆိုနိုင်။

ဆိုကရေးတီး ကွယ်လွန်ပြီးသောအခါမှသူ၏ ဒိုင်ယာလော့များကိုပလေတိုကရေးသည်ဟုဆိုခဲ့ပါပြီ၊ ဆိုကရေးတီး မှာမြို့တော်၏ဘုရားသခင်ကိုမထင်မဲ့မြင်ပြုမူ ကလေးသူငယ်များကိုပျက်စီးစေမူတို့ဖြင့် စွဲချက်အတင်ခံရပါသည်၊ သူကတရားရုံးတော်တွင်သူ့ဘက်ကထုချေစရာရှိသည်တို့ကိုထုချေခွင့်ပေးပါသည်၊ သူသည် အချိန်ကိုကောင်းစွာ အသုံးပြုရမှန်းမသိခဲ့၍ အမှုရှုံးခဲ့ရပါသည်၊ သူသည်အဆိပ်သောက်၍ အဆုံးစီရင်စေခြင်းကို ခံရပါသည်။

ဆိုကရေးတီးသေဆုံး၍ လူမျိုးနွယ် နှစ်ဆက်မျှအကြာ မက်စီဒိုးနီးယားပြည်နယ်တွင် “အလက်ဇန္ဒားသည်ဂရိတ်” သေဆုံး၍ (ဘီစီ ၃၂၃) တွင်သူ၏ကျုတာဖြစ်သော အရစ္စတိုတယ်မှာ အေသင်မြို့မှ လွတ်မြောက်လာပြီး “သူတို့ ဖီလိုဆိုဖီ ကိုနှစ်ခါမသတ်စေရဘူး” ဟုဆိုခဲ့ပါသည်၊ ရှေးခေတ်ဂရိလူမျိုးတို့ကအစ ဘရူနို (Giodano Bruno) စပီနိုဇ၊ ဟွန်း (Hume) ဘာထရန်ရပ်ဆဲလ် တို့ခေတ်အထိ ဖီလိုဆိုဖီကိုမဟုတ်တရား စွဲဆိုကြပါသည်၊ ဘာထရန် ရပ်ဆဲလ်မှာ ၁၉၄၀ ခုနှစ်တွင်နယူးယောက်စီးတီးကောလိပ်တွင် သင်ကြားပို့ချရန်ခွင့်မပြုခဲ့ပါ၊ လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာလုပ်မူနှင့် ဘုရားမဲ့ဝါဒကြောင့်ဟုစွတ်စွဲခံရပါသည်၊ သမိုင်းတစ်လျှောက်လုံး (Blasphemy) ဘုရားကို မရိုသေမှုဟူ၍ စွတ်စွဲခဲ့ကြသော်လည်း ဘယ်ဘုရားကို ရည်ရွယ်သည်ဟု မပြောတတ်ပါ၊ ဖီလိုဆိုဖီကို ယူမိသည် နှင့် ဘုရားကို မရိုသေဘူးဟုသော စကားသည်တွဲ၍ ပါလာတတ်ပါသည်၊ ထို့ကြောင့် သူတို့ကို နိုင်ငံရေး အရ သံသယ၀င်စရာရှိသည်ဟူ၍လည်းကောင်း အန္တရာယ်ရှိသည်ဟူ၍လည်းကောင်း အစွတ်စွဲခံကြရပါသည်။

ကျွန်တော်တို့ သိပ္ပံခေတ် လွတ်မြောက်နေသောခေတ်တွင်လည်း ဤစိတ်မချမ်းမြေ့ဘွယ်ရာဖြစ်ရပ်များမှာ ဖြစ် ပေါ်လျက်ရှိပါသေးသည်၊ မျက်စေ့က ဘယ်အရာကိုကြည့်၍ ဘယ်လိုဆုံးဖြတ်သည်မှာ အရေးကြီးပါသည်။

သို့ပါသော်လည်း နောက်ဆုံးမှ ရယ်နိုင်သူတို့သည် ဖီလိုဆိုဖါများသာဖြစ်ကြပါသည်၊ ဖီလိုဆိုဖါ မဟုတ်သူတို့ကို အမှန်တရားအကြောင်း၊ စိတ်ပျော်ရွှင်ချမ်းမြေ့စရာများအကြောင်း၊ သို့မဟုတ်ကာလ၏ စိတ်ကုန်ဘွယ်ရာတို့ကို ရှင်းပြချင်သည့်အခါ သူဘာမှမပြောတတ်၊ သူဘာမှနားမလည်သည်မှာ ပေါ်လွင်လှပါသည်၊ သူတို့အမှန်တရား (Justice) ကိုလည်းမသိ၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု တို့ကိုလည်းခွဲခြားမသိ၊ သူတို့ဖါသာ တွေးစရာတွေနှင့် ရော ထွေးပြီးရှုတ်နေတတ်သည်၊

ထိုသို့လူတစ်ယောက်ကို ဘာမှမသိဘူးဟူ၍ စွတ်စွဲရသည်မှာမကောင်းပါ၊ ဆိုကရေးတီးက ဖီလိုဆိုဖါများကို အမျိုးမျိုးဂုဏ်တက်အောင် ပြောဆိုခဲ့သည်၊ လွတ်လပ်မှုနှင့် မွေ့ပျော်၍ အချိန်ကိုရသမျှယူခါ ဖီလိုဆိုဖါများသည် သဘာဝအတိုင်းမဟုတ်သော အရည်အချင်းတစ်ခုခုရှိပုံရပါသည်၊ တခါတရံ အင်အားကြီးမားလှသော ဘုရား သခင်ထံတွင်သာရှိနိုင်သော အင်အားများရှိသလိုထင်ရသည်၊ ထို့ကြောင့် အေသင်သားတို့က ဆိုကရေးတီးကို သေမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်၊ ဤအဆိုမှန် မမှန်ကို သင်ကိုယ်တိုင်ဆုံးဖြတ်ပါလေ၊ ကျွန်တော် ကိုယ်တိုင်ကမူ မဆုံးဖြတ်နိုင်ပါ၊

ကိုသန်းလွင်

Ref: What is Philosopher? By Simon Critchley


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts