ခရီးသွား ဆောင်းပါး

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၆)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၆)
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၈


တိဗက်ပြည်မှာ တိုက်ခတ်နေသည့် မုန်တိုင်းတွေက တကယ်ပဲပြီးဆုံးသွားပြီလား။ သစ်လွင်တောက်ပသည့် အရုဏ်ဦးက အမှန်တကယ်ပဲ ရောက်လာခဲ့ပြီလား။ တိဗက် ပြည်သူတွေ လိုချင်နေသည့် ကောင်းမွန်သောပြုပြင်ပြောင်းလဲရေးဟာ ဒီဟာတွေပါပဲ ဟု လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထားတွေကတော့ ရှားပါးနေဆဲ ပင်ဖြစ်သည်။ တိဗက်ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ အမှောက်ကျသော ကာလ တစ်ခုပင်ဖြစ်သည်။ လူမျိုးတမျိုး နိုင်ငံတနိုင်ငံရှေ့တန်းရောက်ဖို့ အရေးကြီးဆုံး လိုအပ်ချက်မှာ ခေတ်မီပညာရေးပင်ဖြစ်သည်။ ကမ္ဘာကြီးနှင့်ချိတ်ဆက်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းမှာလည်း ပညာရေးပင်ဖြစ်သည်။ အဓိကလမ်းကြောင်းကို ပိတ်ဆို့ထားလျှင် မည်မျှပင် ဆန္ဒရှိစေဦးတော့ ပန်းတိုင်ကိုရောက်ဖို့ အလှမ်းဝေးနေ ဆဲပင်ဖြစ်ပါလိမ့်မည်။

တိဗက်ပြည်ရဲ့ ကျရှုံးမှုများတွင် ပညာရေးကျရှုံးမှုသည် ထိပ်တန်းက ပါဝင်နေပါသည်။ ဟိုယခင်အချိန်တွေတုန်းကတော့ တိဗက်ပြည်သူတွေရဲ့ ပညာရေးကို တိဗက်ဘုန်း တော်ကြီးတွေက အဓိကတာဝန်ယူထားခြင်းဖြစ်သည်။ ယခုတော့ မူလတန်းကျောင်း တွေမှာ  တိဗက်ဘာသာစကားနှင့် စာပေကို ထိထိရောက်ရောက် သင်ကြားပေးခြင်း မရှိတော့။ ပြဋ္ဌာန်းစာတွေအားလုံးက တရုတ်စာများဖြင့်သာရှိပြီး စာမေးပွဲကိုလည်း တရုတ်ဘာသာဖြင့်သာ ဖြေဆိုခွင့်ရှိသည်။ တိဗက်ကျောင်းသားတစ်ယောက်အနေဖြင့် ဘွဲ့ရဖို့ဆိုသည်မှာ အလွန်ခက်ခဲလာသည်။ ၀င်ငွေကောင်းသည့် အလုပ်များ၊ ရာထူးကြီး ကြီးများကို ဘွဲ့ရများကို ဦးစားပေးခန့်ထားလိုက်သောအခါ ဘွဲ့မရသည့် တိဗက်လူငယ် တို့မှာ အလိုလိုနောက်တန်းရောက်သွားပါတော့သည်။

တိဗက်ပြည်သည် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းတခုသာဖြစ်သည်ဟူသော ဆုပ်ကိုင်မှုအောက်တွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် အဝေးရောက်တိဗက်လူမျိုး များကို အိမ်ပြန်လာဖို့အရေး ဘေဂျင်းအရာရှိများက အလေးထားပြောဆို ခဲ့ဘူးပါသည်။ ဘုန်းတော်ကြီးအနေဖြင့် တိဗက်ပြည်ကို ပြန်ကြွလိုစိတ်ရှိခဲ့ဘူးပါသည်။ အနည်းဆုံး အလည်အပတ်ပဲဖြစ်ဖြစ် တိဗက်ပြည်ရဲ့ အခြေအနေကို ပြန်ကြည့်ချင်သေးသည်။ သို့သော် ဘုန်းတော်ကြီးက သူ့အပေါ်ထားသည့် တားမြစ်ကန့်သတ်ချက်များကို ဘ၀င် မကျ။ ထို့ကြောင့် သူ့ရဲ့အိမ်ပြန်လိုစိတ်ကို မြိုသိပ်ထားလိုက်ပါတော့သည်။

ထိန်းချုပ်ကန့်သတ်မှုများဖြင့် လွှမ်းခြုံခံထားရသည့် တိဗက်ပြည်သည် လေပြည့်သော ပူစီပေါင်းတလုံးနှင့်တူပါသည်။ တိဗက်ပြည်သူတို့ အကြိမ်ကြိမ်ပေါက်ကွဲခဲ့ကြဘူးပါ သည်။ ၁၉၈၃-ခုနှစ် စက်တင်ဘာလ ၂၇-ရက်နေ့တွင် တန်ပြန်တော်လှန်ရေးခေါ် Counter-revolution ကို လူသိရှင်ကြား ဆင်နွှဲခဲ့ဘူးသည်။ အကြိမ်ကြိမ်နွှဲခဲ့သည့် အုံကြွမှုတိုင်းတွင် တိဗက်ပြည်သူတွေ အကြိမ်ကြိမ် နာကျင်ကြေကွဲခဲ့ကြဘူးပါသည်။

ယခု Qinghai ပြည်နယ်သည် ယခင်က တိဗက်ပြည်ရဲ့ Amdo ပြည်နယ်ဖြစ်သည်။ ဘေဂျင်းအရာရှိများက အရာရာနောက်ကျကျန်ခဲ့သည့် သည်ပြည်နယ်ကို ဖွံ့ဖြိုးတိုး တက်မှုရှိအောင်လုပ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ဟန်လူမျိုးအများအပြားကို Amdo ပြည်နယ်မှာ အခြေချနေထိုင်စေသောအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွါးရေးလုပ်ကွက်များအားလုံးက ဟန်လူမျိုးတို့လက်ထဲရောက်သွားပါသည်။ ပညာရေး နှင့် စီးပွါးရေးတို့ နောက်ကျကျန်ခဲ့လျှင် အရာရာအားလုံးက နောက်ကျကျန်ခဲ့ပါ လိမ့်မည်။ Amdo ပြည်နယ်လူဦးရေရဲ့ သုံးပုံတပုံက ဟန်လူမျိုးများဖြစ်သော်လည်း သူတို့က ပညာတတ်သည်။ စီးပွါးရေး တောင့်တင်းသည်။ အမြင်ကျယ်ပြီး ဘ၀အတွေ့ အကြုံတွေ အများကြီးရှိသည်။ လူနည်းစုဟုဆိုနိုင်သော်လည်း သည်လို လူတွေကပဲ လူမှုအဖွဲ့အစည်းကြီးတခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားခြင်းဖြစ်သည်။  တောင်အာဖရိက မှာ လူဖြူလူမည်းစနစ်မဖျက်သိမ်းခင်က လူများစုဖြစ်သည့် လူမည်းတွေအပေါ် ချုပ်ကိုင်လွှမ်းမိုးထားကြသူများမှာ သည်လိုပညာတတ် လူချမ်းသာ လူဖြူလူနည်း စုများပင်ဖြစ်သည်။ ကျနော်တို့ မည်သို့ပင် လက်သီးလက်မောင်းတန်း နေစေကာမူ ပညာမတတ်လျှင် အလိုလို နောက်ရောက်သွားပါလိမ့်မည်။ စီးပွါးရေးမတောင့် တင်းလျှင် အလိုလို အောက်ကျနောက်ကျဖြစ်သွားပါလိမ့်မည်။ တိဗက်သည် ကျနော် တို့အတွက် အကောင်းဆုံး သင်္ခန်းစာတစ်ခုပင်ဖြစ်သည်။ ကျနော်တို့ ယူတတ်ဖို့ပဲ အရေးကြီးပါသည်။ ကျနော်တို့တတွေ အရာရာကို ပေါ့ပေါနေ၊ ပေါ့ပေါ့စား အလေး မထားခြင်းသည် ကျနော်တို့၏ အနာဂတ်ကို သူတပါးလက်ထဲ ၀ကွက်အပ်လိုက် ခြင်းပင်ဖြစ်သည်။

လူဦးရေထူထပ်လာမှုနှင့်အတူ လက်ကျန်သစ်တောများ ကွယ်ပျောက်သွားခဲ့ရသည်။ တိဗက်မြို့ပြဆင်ခြေဖုံးများတွင် အသစ်ပေါ်လာသည့် အထပ်မြင့် တိုက်တာ အဆောက် အဦတွေအတွက် သစ်ပင်များစွာကို ပေးဆပ်လိုက်ရသည်။ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးမြေများ ထပ်မံတိုးချဲ့ရသည်။ မြို့သစ်များ တည်ထောင်သည်။ မြို့ကြီးများ တွင် လူချမ်းသာဟန်လူမျိုးတွေက မြေဈေးကစားလိုက်သောအခါ မြို့ပြလူနေမှုစရိတ်က တဟုန်ထိုးမြင့်မားလာသည်။ လူဦးရေတိုးတက်လာခြင်းနှင့်အတူ တိဗက်လူမျိုးတွေ အတွက် အလုပ်အကိုင်တွေ ရှားပါးလာသည်။ ကြာတော့ သည်ဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိတော့။ ၀င်ငွေနည်းလူဆင်းရဲတိဗက်တို့သည် မြို့ပြလူနေမှုဘ၀ကို စွန့်၍ မြို့သစ်များ ရှိရာသို့ ထွက်လာခဲ့ရပါတော့သည်။ ယွမ်ငွေတသိန်းတန်မြေကို ယွမ်နှစ်သိန်းဖြင့် ရောင်းချပြီးနောက် မြို့သစ်ဘက်ထွက်လာခဲ့သော်လည်း အရာရာအားလုံးက တိဗက် လူမျိုးတွေအတွက် အဆင်ပြေချောမွေ့လှသည်တော့ မဟုတ်ပါ။ တိဗက်လူမျိုးပိုင် စီးပွါးရေးဈေးကွက်ပျက်သွားပြီးနောက် မြို့သစ်များ၊ ကျေးလက်များတွင် ရရာအလုပ်ဖြင့် မျှတရရှာသည်။

ဟန်လူမျိုးများက စည်းလုံးညီညွတ်မှုရှိသည်။ ဟန်လူမျိုးအချင်းချင်း  ကူညီကြသည်။ တစ်ယောက်ကြီးပွါးလာလျှင် မနာလိုမရှုစိမ့်သူက ရှားသည်။ ပို၍ချမ်းသာအောင် သူ့ထက်ချမ်းသာသော ဟန်များက မြင့်သထက်မြင့်အောင် လက်တွဲခေါ်သွားသည်။ သူကလည်း သူ့လောက်မပြည့်စုံသူများကို လက်ဆွဲခေါ်သည်။ ဟန်လူမျိုးများတွင် အတု ယူစရာကောင်းသည့်အချက်တွေ များစွာရှိပါသည်။ တိဗက်လို ဝေးလံခေါင်သီ လှသည့်အရပ်မှာ လာနေချင်သည်ဆိုလျှင် အိမ်ခန်းတွေကို တနှစ်တိတိ အခမဲ့ထားပေး သည်။ စီးပွါးရေးအတွက် အရင်းအနှီးများကို မ,တည်ပေးတတ်သည်။ ဘ၀အတွက် အခြေခံလိုအပ်ချက်များစွာကို ၀ိုင်းဝန်းဖြည့်ဆီးပေးတတ်ကြသည်။ ဘ၀အောင်မြင်ရေး နည်းလမ်းများတွင် အချင်းချင်းစည်းလုံးညီညွတ်ပြီး လက်တွဲခေါ်ယူတတ်ခြင်းသည် လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ အမြင်ကျယ်မှု မကျယ်မှုသည် မျိုးဆက်ပေါင်းများ စွာကို အကျိုးသက်ရောက်မှုရှိစေပါသည်။ မင်္ဂလာတရားတော်အရဆိုရပါမူ အမြင်ကျယ် သူများသည် မင်္ဂလာရှိပြီး အမြင်မကျယ်သူများသည် မင်္ဂလာမရှိသူများသာဖြစ်ပါသည်။ ကျနော်တို့တတွေ တက်ညီလက်ညီဖြင့် အမြင်ကျယ်ကျယ်တွေး အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ကြပါမှ ကျနော်တို့မျိုးဆက်တွေရဲ့ အနာဂတ်က လှမှာ။

ကျနော့်စိတ်ထဲမှာ တိဗက်လူမျိုးများအပေါ် အထင်သေးခြင်း အလျဉ်းမရှိ။ တိဗက် လူမျိုးများကို နှိမ့်ချ၍ပြောဆိုနေခြင်းလည်း မဟုတ်ရပါ။ ရိုးသားမှုနှင့် ချစ်ခြင်းမေတ္တာ တရားသည် တိဗက်လူမျိုးတို့၏ အလှတရားများဖြစ်ပြီး အကြားအမြင် ဗဟုသုတ နည်းပါးခြင်းသည် သူတို့၏ အားနည်းချက်တစ်ခုပင်ဖြစ်ပါသည်။ လူတစ်ယောက်ရဲ့ အားနည်းချက်က သူရဲ့အနာဂတ်ကို အင်းအားချည့်နဲ့စေတယ်ဆိုတာကိုတော့ ကျနော် အပြည့်အ၀ယုံကြည်ထားပါသည်။ ဒါဆိုရင် တိဗက်လူမျိုးတွေရဲ့ အားနည်းချက်က  သူတို့ရဲ့ အနာဂတ်တွေကို ပိန်ချုံးချည့်နဲ့စေခဲ့ပြီလားဆိုတာကိုတော့ ကျနော်မတွေး တတ်ပါလေတော့။ မျှော်လင့်ချက်တွေ ရှင်သန်နေသေးသရွေ့ ဘ၀ဆိုတာ ဘယ်တော့မှ မသေသေးဘူးတဲ့လေ။

ဆက်ပါဦးမည်။

ကိုသစ် (သီတဂူ)
၁၀၊ ၁၆၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts