ဘာသာပြန်ကဏ္ဍ အင်တာဗျူး

မာန်​သီဟထွန်း ဘာသာပြန်​ – ဆေပီယန်စ်စာအုပ် ရေးသားသူ ယူဗာလ်​ ဟရာရီ နှင့်တွ့ဆုံခြင်း


မာန်​သီဟထွန်း ဘာသာပြန်​  – ဆေပီယန်စ်စာအုပ် ရေးသားသူ ယူဗာလ်​ ဟရာရီ နှင့်တွ့ဆုံခြင်း

 (သို့မဟုတ်) တရားထိုင်ခြင်းကြောင့် ပိုကောင်းမွန်သော သမိုင်းပညာရှင်ဖြစ်လာသူ
(ဆေပီယန်စ် ဖေ့စ်ဘွတ်ပေ့ခ်ျ) မိုးမခ၊ အောက်တိုဘာ ၉၊ ၂၀၁၈

(ဤအင်တာဗျူးသည် ဗောက်စ် မီဒီယာ (Vox Media)မှ အယ်ဒီတာ အဲဇာ ခလိန်း (Ezra Klein)က ယူဗာလ်​ ဟရာရီအား မေးမြန်းဆွေးနွေးထားသည်များကို ဘာသာပြန်ထားခြင်းဖြစ်သည်။ အောက်ဆုံးတွင် မူရင်းလင့် ပေးထားပါသည်။)

ယူဗာလ် နိုအာ ဟရာရီ၏ ပထမစာအုပ် ‘ဆေပီယန်စ်’ ကို နိင်ငံတကာတွင် အလွန်လူကြိုက်များသည်။ အစ္စရေးလူမျိုး သမိုင်းပညာရှင် ဟရာရီ၏ စိတ်ကူး ဉာဏ်ထူးခြားကောင်းမွန်စွာ ရေးသားထားသော ဆေပီယန်စ် သည် ဘီလ်ဂိတ်၊ မာ့ခ် ဇူကာဘတ်၊ အိုဘားမား အစရှိသူတို့၏ အနှစ်သက်ဆုံးသော စာအုပ်စာရင်းဝင်၏။ (၂၀၁၈ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင်.. ပညာရှင်များတန်းစီ စောင့်ဆိုင်းနေကြစဉ် ဂျာမနီ အဓိပတိ အိန်ဂျလာ မာကယ် ကပင် ဟရာရီထံသို့ တကူးတက သွားရောက်ကာ ဆေပီယန်စ်ကို သူမ ဖတ်ကြောင်း မိတ်ဆက်ပြောဆိုခဲ့သည်။)

ဟရာရီ၏ နောက်တစ်အုပ်ဖြစ်သော ဟိုမို ဒေးယူစ်- အနာဂတ် သမိုင်းအကျဉ်းချုပ် (Homo Deus : a Brief History of Tomorrow) သည် လူသားများအတွက် အနာဂတ်တွင် စောင့်ဆိုင်းနေမည့်အရာများ၊ ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ်နှင့်တီထွင်မှုများက ကျွန်ုပ်တို့၏ အနာဂတ်ကို ခြိမ်းခြောက်နေပုံကို ပြောထား၏။ ယင်းစာအုပ်သည်လည်း ပထမစာအုပ်ကဲ့သို့ အလွန်စိတ်ဝင်စားဖွယ်ကောင်းပေသည်။

ဆေပီယန်စ်ကို ဖတ်ပြီးကတည်းက ဟရာရီနဲ့ ကျနော် စကားပြောချင်နေမိသည်။ သူနဲ့ပတ်သက်၍ ကျွန်ုပ်တွင် မဟာမေးခွန်းကြီးတစ်ခု ရှိ၏။ အဘယ်သို့သော စိတ်ထားရှိသူက ဆေပီယန်စ် ကဲ့သို့သော စာအုပ်ကိုရေးနိုင်ပါသနည်း။ အခုတော့ ကျနော်သိရပါပြီ။ ရှင်းလင်းနေသော စိတ်ရှိသူသာ ဖြစ်ချေ၏။

ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆွေးနွေးမှုတွင် ဟရာရီ ပြောသမျှအရာအားလုံးသည် အံ့သြနှစ်သက်ဖွယ်ကောင်းလှသည်။ သို့သော် ကျနော် လုံးဝ ထင်မှတ်မထားသည်မှာ သူ၏ သမိုင်းဆိုင်ရာ၊ အနာဂတ်ဆိုင်ရာ စာတမ်းများ၊ အလုပ်များ ပတ်သက်၍ ဝိပဿနာ တရားကျင့်ခြင်း၏ အရေးပါပုံပင်ဖြစ်သည်။ ဟရာရီသည် နှစ်စဉ်နှစ်တိုင်း ရက် ၆၀ ဝစီပိတ် တရားကျင့်သည်။ အောက်ပါ အကြောင်းအရာများသည် ကျွန်ုပ်တို့၏ ဆွေးနွေးမှုများမှ ဖြတ်တန်သည် ဖြတ်ကာ ဖတ်၍ရှင်းလင်းစေရန် ပြန်လည်တည်းဖြတ် ထုတ်နှုတ်ထားသည်များ ဖြစ်သည်။ သူ၏ တရားထိုင်သည့် အကျင့်များနှင့်တကွ လူသားမျိုးနွယ်တခုလုံးနှင့် ပတ်သက်သောအရာများကို မြင်လာနိုင်စေရန် တရားထိုင်ခြင်းက အထောက်အကူပြုခြင်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် ပြောဆိုဆွေးနွေးခဲ့ကြသည်။

အသိဉာဏ်တု၊ အနာဂတ် လုပ်ငန်းခွင်၊ ဟရာရီ အနှစ်သက်ဆုံးသော စာအုပ်များ စသည့် ဟရာရီနှင့် ကျနော်တို့၏ ပြောဆိုဆွေးနွေးမှု အပြည့်အစုံကို နားထောင်လိုပါက အောက်တွင် လင့်ပေးထားပါသည်။ ကျွန်ုပ်၏ အဲဇာ ခလိန်းရှိုးကို iTune နှင့် Spotify တို့တွင်လည်း နားဆင်နိုင်ပါသည်။

Ezra Klein
တရားသာ မထိုင်ဖြစ်ခဲ့ရင် အလယ်ခေတ်က စစ်ရေးသမိုင်းနဲ့ပတ်သက်တဲ့ သုတေသနတွေပဲလုပ်ဖြစ်နေမှာ လို့ ဂါးဒီးယန်း သတင်းစာမှာ ခင်ဗျားပြောခဲ့တယ်နော်.. နီယန်ဒါသာလ်တွေ လူသားစက်ရုပ်တွေနဲ့ မပတ်သက်တဲ့လူ ဖြစ်နေမှာပေါ့။ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ တရားထိုင်ခြင်းက ခင်ဗျားကို ဘယ်လို အပြောင်းအလဲတွေ ယူဆောင်လာပေးသလဲ။

Yuval Harari
အဓိအားဖြင့် ၂ခုရှိပါတယ်။ ပထမတစ်ခုက အာရုံစူးစိုက်နိုင်ခြင်းပဲ။ အသက်ရှုခြင်းလိုမျိုးအရာကိုတောင် စူးစိုက်နိုင်အောင် ကိုယ့်စိတ်ကို ကိုယ်အကျင့်လုပ်ထားတယ် ဆိုရင် ဒီ့ထက်အများကြီး ကြီးမားတဲ့အရာတွေအပေါ်မှာ အာရုံစူးစိုက်နိုင်တဲ့ သမာဓိ ခင်ဗျားမှာရှိသွားပြီ ပြောရမယ်။ ပြီးတော့ တကယ်အရေးပါတဲ့အရာတွေကို ကျန်တဲ့ရှိရှိသမျှအရာတွေထဲက ခွဲထုတ်နိုင်စွမ်းရှိသွားတယ်။ သိပ္ပံစာတမ်းတွေနဲ့ပတ်သက်တဲ့ ကျနော့်အလုပ်တွေထဲ အထိပါ ဒီသမာဓိကို ယူလာတာပဲ။ ခက်လည်း တော်တော်တော့ ခက်ပါတယ်။ အထူးသဖြင့် အင်မတန်ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ပြောရပြီဆိုရင် ဘာမဟုတ်တဲ့အရာလေးတွေမှာ နွံနစ်မလိုဖြစ် သို့မဟုတ် တခြား သန်းနဲ့ချီတဲ့ အဖြစ်အပျက်တွေ အကြောင်းအရာတွေနောက် စိတ်က ပါသွားတာမျိုးပေါ့။ သမိုင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သမျှအားလုံးထဲမှာ တကယ်အရေးပါဆုံးကဘာလဲ ဆိုတာ ကိုယ့်ကိုကိုယ် အမြဲပြန်သတိပေးနေရတာဟာ တော်တော်ခက်ပါတယ်။ ဒါမှမဟုတ် လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသမျှတွေထဲမှာ ဘယ်ဟာက တကယ်အရေးအပါဆုံးလဲ ဆိုတာမျိုးပေါ့။ ခုလိုမျိုး ကျနော် အာရုံစူးစိုက်နိုင်တာတွေက တရားထိုင်ခြင်းက ရတာပါ။

နောက်တစ်ခုကတော့ ကျနော့အထင် အဲဒီ ဝိပဿနာတရားကျင့်တယ်ဆိုတာကိုက တကယ့်အရှိတရားနဲ့ စိတ်ကူးယဉ်မှု (ရုပ်တရား နဲ့ နာမ်တရား) ကို ခွဲခြားရတာပါ။ ဘယ်အရာက တကယ်ရှိတယ်.. ဘယ်အရာကတော့ဖြင့် ကျန်ာတို့စိတ်ထဲမှာ အတွေးတွေနဲ့ ဖန်တီးထား တည်ဆောက်ထားတယ်ဆိုတာ ခွဲခြားရတာပါ။ ကိုယ်လက်ခံထားတဲ့အရာ ၉၉ရာခိုင်နှုန်းနီးပါးက စိတ်ထဲက အတွေးတွေ သက်သက်ပါ။ သမိုင်းမှာလည်း အဲ့လိုပါပဲ။ လူတော်တော်များများက ဘာသာရေးအတွေးအခေါ်တွေ၊ အမျိုးသားရေး အတွေးအခေါ်တွေ၊ စီးပွားရေး အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ခံရတယ်။ ပြီးတော့ ဒီအတွေးအခေါ်တွေကို တကယ့်အရှိတရားအဖြစ် လက်ခံလိုက်ကြတာပဲ။

သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အဓိကရည်မှန်းချက်က ကမ္ဘာကြီးမှာ လက်ရှိတကယ်ဖြစ်ပျက်နေတာတွေနဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက လူတွေဖန်တီးလာတဲ့ စိတ်ကူးယဉ်မှုသက်သက်.. အဲ့ဒီ ၂ခုကို ခွဲခြားပြဖို့ပါ။ ဒါမှ လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ထိန်းသိမ်းနိုင် သို့မဟုတ် နားလည်နိုင်မှာပါ။

Ezra Klein
ခင်ဗျားစာအုပ် ဆေပီယန်စ် မှာပါတဲ့အတွေးအမြင်တွေထဲက အဓိကကျတာတစ်ခုက.. ကျနော်တို့လူသားမျိုးနွယ် ဟိုမိုဆေပီယန်စ်တွေ ကမ္ဘာကို အုပ်စိုးနိုင်တာက ကျနော်တို့တွေ စိတ်ကူးယဉ်နိုင်တာ (သို့) ပုံပြင်တွေ (Story telling) ပြောနိုင်တာပဲ။ အားလုံး လက်ခံကြတဲ့ အတွေးအယူအဆတွေကို စိတ်ကူးယဉ်နိုင်ခြင်းကြောင့် တခြား တိရိစ္ဆာန်မျိုးစိတ်တွေ လုံးဝမယှဉ်နိုင်တဲ့ အများနဲ့ စုပေါင်းလုပ်ဆောင်မှုမျိုး ကျနော်တို့လုပ်ဆောင်နိုင်တာ။ ပြီးတော့ ခင်ဗျားပြောတာက စိတ်ကူးယဉ်တယ်ဆိုတာမှာ ကမ္ဘာဦးပုံပြင်တွေကအစ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအဆုံးအထိပဲ။

တရားထိုင်တာက ခင်ဗျား အရှိတရားကို မြင်ပုံနဲ့ပတ်သက်ပြီး ပြောင်းလဲစေတယ်ဆိုတာကို ကျနော်တော့ ဆက်စပ်စဉ်းစားလို့ မရဘူး.. ဒါပေမယ့် ကျနော်တို့ရဲ့စိတ်က ကိုယ့်စိတ်ထဲမှာပဲ အယူအဆတွေ အတွေးတွေ ဖန်တီးနေတာကို စောင့်ကြည့်ရင်း နောက်တော့ အဲ့ဒါတွေတော်တော်များများကပဲ အစက ကိုယ်ထင်ထားတာထက် တကယ်ဖြစ်လာတယ်ဆိုတာ ခင်ဗျားထောက်ပြမှပဲ အဓိပ္ပါယ်ရှိတာတွေ့ရတယ်။

Yuval Harari
ဟုတ်ပါတယ်။ အတိအကျပါပဲ။ အဲဒါကို ကျနော်တို့ တော်တော်နဲ့မသိကြဘူး။ ဒါပေမယ့် လူသားတွေရဲ့ ကြီးမားသောစုပေါင်းလုပ်ဆောင်မှုတိုင်းဟာ စိတ်ကူးယဉ်မှုကို အခြေခံပါတယ်။ ဘာသာရေး ဟာ အရှင်းလင်းဆုံး ဥပမာပါပဲ။ အထူးသဖြင့် ကိုယ့်ဘာသာ မဟုတ်တဲ့ တခြားလူတွေရဲ့ ဘာသာတွေပေါ့။ အဲ့ဒါကို နားလည်ဖို့လွယ်ပါတယ်.. သန်းနဲ့ချီတဲ့လူတွေ အတူတကွ ပူးပေါင်းပြီး ဘာသာရေးတိုက်ပွဲနွှဲမယ် သို့မဟုတ် ဂျီဟတ်လုပ်မယ် သို့မဟုတ် ကာသီဒယ်ဘုရားကျောင်းဆောက်မယ် သို့ တရားတင်းကုပ်ဆောက်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဖန်ဆင်းရှင်၊ ကောင်းကင်ဘုံ၊ ငရဲဘုံ ဆိုတာတွေ ယုံကြည်ကြလို့ပါပဲ။

ဒီ့ထက် သဘောပေါက်ဖို့ အများကြီးပိုခက်တာက ကျန်တဲ့အခြားသော လူသားချင်းစုပေါင်းလုပ်ဆောင်မှု အားလုံးဟာလည်း စောစောကလိုပဲ စိတ်ကူးယဉ်ဖန်တီးမှုအပေါ် အခြေခံထားတာပဲ။ လူအခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီး ပြောကြမယ်ဆိုရင်.. အဲဒါလည်း ဖန်ဆင်းရှင်တို့ ကောင်းကင်ဘုံတို့လိုပါပဲ လူတွေ စိတ်ကူးယဉ်ဖန်တီးထားတဲ့အရာတွေပါ။ လူ့အခွင့်အရေးဆိုတာ ဇီဝအရှိတရားတွေ မဟုတ်ပါဘူး။ ဇီဝဗေဒရှုထောင့်က ပြောရရင် လူမှာ အခွင့်အရေးဆိုတာမရှိပါဘူး။ ဟိုမိုဆေပီယန်စ် တစ်ယောက်.. လူသားတစ်ယောက်ကိုယူပြီး အထဲကိုခွဲကြည့်ပါ.. နှလုံး၊ ကျောက်ကပ်၊ ဒီအဲင်အေ စတာတွေပဲ တွေ့ရပါလိမ့်မယ်။ ဘာအခွင့်အရေးဆိုတာမှ တွေ့ရမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးဆိုတာ လူတွေဖန်တီးထားတဲ့ စိတ်ကူးထဲမှာသာ တည်ရှိနေတာပါ။

အလွန်ကောင်းမွန်တဲ့ နောက်ဥပမာ တစ်ခုကတော့ ပိုက်ဆံပါ။ ပိုက်ဆံဟာ လူတွေထွင်ထားတဲ့အထဲက အအောင်မြင်ဆုံး စိတ်ကူး ဖြစ်နိုင်ပါတယ်။ ပိုက်ဆံမှာ ငှက်ပျော်သီးတို့ အုန်းသီးတို့လို တကယ့်အနှစ်တန်ဖိုး မရှိပါဘူး။ ဒေါ်လာတစ်ရွက်ကို လက်ထဲကိုင်ပြီး ကြည့်လိုက်ပါ.. ခင်ဗျား စားလို့မရဘူး၊ သောက်လို့မရဘူး၊ ဝတ်လို့မရဘူး။ တကယ်တော့ ဘာတန်ဖိုးမှ မရှိဘူး (စာရွက်သက်သက်ပါ)။ အဲ့ဒါကို တန်းဖိုးရှိတယ်လို့ ကျနော်တို့လက်ခံထားတာက အဲ့တာဟာ တန်ဖိုးရှိတယ်လို့ ကျနော်တို့အားလုံး ယုံလို့ပါ။ လူ့အသိုင်းအဝိုင်းမှာ ခုလို စိတ်ကူးယဉ်ပုံပြင်တွေ ပြောပြမယ့် ပုံပြောဆရာကြီးတွေ.. နတ်ဝင်သည်တွေ ရှိတယ်။ သူတို့ဟာ ဘဏ်လုပ်ငန်းရှင်တွေ.. ဖက်ဒရယ်ဘဏ်ရဲ့ ဥက္ကဌတွေ၊ ငွေကြေးပညာရှင်တွေပေါ့။ ပြီးတော့ ကျနော်တို့ကို အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ စိတ်ကူးပုံပြင်တွေ လာပြောတယ်.. “မင်းတို့ ဒီ အစိမ်းရောင် စာရွက်ပိုင်းလေးတွေလား။ ငါတို့ပြောမယ်.. ဒီစာရွက်ပိုင်းလေးက ငှက်ပျော်သီးတစ်လုံးတန်တယ်ကွ”။

ကျနော်လည်း ယုံမယ်၊ ခင်ဗျားလည်းယုံမယ်၊ လူတိုင်းလည်း အဲ့ဒါကို ယုံကြည်လက်ခံမယ်ဆိုရင် အဲဒါ အလုပ်ဖြစ်တာပဲ။ တကယ်ကိုအလုပ်ဖြစ်တာ။ ကျနော် ဒီတန်းဖိုးမရှိတဲ့စာရွက်ကို ယူမယ်.. ကိုယ်နဲ့လုံးဝမတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ဆီသွားပြီး.. အဲ့လူကို ဒီစာရွက်လေးပေးမယ်။ အဲ့ကျရင် တကယ်စားလို့ရတဲ့ ငှက်ပျော်သီးတစ်လုံးကို လဲလယ်တဲ့အနေနဲ့ သူက ကျနော့်ကို ပြန်ပေးလိမ်ယ့်မယ်။

ဒါဟာ တကယ်အံ့သြစရာကောင်းတာပါ။ အခြားမည်သို့သော သတ္တဝါ တိရိစ္ဆာန်မှ ဒါမျိုးမလုပ်နိုင်ပါဘူး။ အခြားသတ္တဝါတွေ တခါတလေ အလဲအလယ်လုပ်တာရှိပါတယ်။ ဥပမာအားဖြင့် ချင်ပန်ဇီတွေ အလဲအလယ် လုပ်ကြပါတယ်။ မင်း ငါ့ကို အုန်းသီးတစ်လုံးပေး.. မင်းကိုငါ ငှက်ပျောသီးတစ်လုံးပေးမယ်။ အဲ့လို အလဲအလယ်မျိုး ချင်ပန်ဇီ တစ်ကောင်နဲ့ အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းငါ့ကို သုံးစားမရတဲ့ စာရွက်ပိုင်းလေးပေးရင် မင်းကိုငါ ငှက်ပျောသီးတစ်လုံး ပြန်ပေးရမယ်.. ဟုတ်လား?? ဒါမျိုးတော့ ချင်ပန်ဇီတစ်ကောင်နဲ့ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ကမ္ဘာကြီးကို ထိန်းချုပ်အုပ်စိုးနေတာ.. ချင်ပန်ဇီတွေမဟုတ်ဘဲ ကျနော်တို့ လူသားတွေ ဖြစ်နေတာပါ။

Ezra Klein
ဒါပေမယ့် ခုလို စိတ်ကူးယဉ်မှုတွေ ယုံတမ်းပုံပြင်တွေကြောင့် ထိရှပျက်စီးလွယ်မှုတွေလည်း ဖြစ်လာနိုင်တာပဲ။ ၂၀၀၈-၀၉ စီးပွားရေး အကျပ်အတည်းကို ဥပမာ ကြည့်ကြည့်ပါ။ အဲ့တုန်းက ဖြစ်ခဲ့တာက ကမ္ဘာ့စီးပွားရေး ဈေးကွက်မှာ သတင်းတစ်ခု ရှိခဲ့တယ်။ စီးပွားရေး ဈေးကွက်ဟာ ဘယ်လောက် အန္တရာယ်တွေရှိနေတဲ့အကြောင်း.. အထူးသဖြင့် အတိုးနှုန်းမြင့် ဘဏ်ချေးငွေတွေရဲ့ အကြွေးနဲ့ပတ်သက်လို့ပေါ့။ ပြီးတော့ အဲ့ဒီသတင်းက တကယ်တော့ မှန်တာလည်း မဟုတ်ဘူး။ ဒါနဲ့ပဲ ရုတ်တရက် နောက်ထပ်သတင်းပုံပြင်တစ်ခု ထွင်ရပါလေရော။ နောက်တော့လည်း အဲဒီထွင်ထားတဲ့သတင်းပုံပြင်ပေါ် အခြေခံတဲ့ အခြားသတင်းပုံပြင်တွေ အားလုံးပါ ပြိုလဲကုန်တာပဲ။ သစ်ထုတ်လုပ်မှုက စတော့ဈေးကွက်တွေ ဘယ်လိုဖြစ်မယ်.. ၁နှစ်အတွင်း လူဘယ်နှစ်ယောက်တော့ အလုပ်ရမယ် ဆိုတာတွေလေ။ နောက်ဆုံးတော့ အရှိတရား၊အမှန်တရားကို ပြောင်းလဲစေခဲ့တာပဲ။

ဒီနေရာမှာ ထိရှပျက်စီးလွယ်တယ်ဆိုတာက ကျနော်တို့ရဲ့ စိတ်ကူးထားတဲ့ အကြောင်းအရာတွေကို တကယ့်အရှိတရား၊ အမှန်တရားအဖြစ် ကျနော်တို့ အမှတ်မှား လက်ခံလိုက်တာပါပဲ။ အဲ့လို စိတ်ကူးယဉ်ထားတာတွေ စွဲစွဲမြဲမြဲရှိမှာ၊ ပြောင်းလဲဖို့ ခက်မှာလို့ ကျနော်တို့ အထင်ကြီးလွန်သွားတာကိုး။

Yuval Harari
ဟုတ်ပါတယ်။ နှစ်ခုလုံးပါပဲ။ စိတ်ကူးယဉ်ထားမှု..သတင်းပုံပြင်တွေပေါ်မှာ အခြေခံထားလို့ပဲ လူ့အသိုင်းအဝိုင်း ဟာ ကမ္ဘာပေါ်က အခြားမည်သို့သော အသိုင်းအဝိုင်းထက်မဆို ပြောင်းလဲဖို့၊လူမှုအရွေ့ဖြစ်ဖို့ ပျော့ပျောင်းလွယ်ကူတာပါ။ တချိန်တည်းမှာပဲ အလွန် ထိရှပျက်စီးလွယ်တဲ့သဘောလည်း ရှိတာပေါ့။

ဥပမာ တော်လှန်ရေးတွေ အကြောင်း စဉ်းစားကြည့်ပါ။ အခြား သတ္တဝါတွေကြားမှာ အချင်းချင်းဆက်သွယ်မှုစနစ်ကို ညတွင်းချင်း ပြောင်းလဲဖို့ဆိုတာ အရမ်း ခက်ခဲပါတယ်။ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ ဥပမာအားဖြင့် ပျားအုံ တစ်ခုကို တွေးကြည့်ပါ။ ပျားတွေမှာ သူတို့ရဲ့ အချင်းချင်းဆက်သွယ်မှု စနစ်ဆိုတာ နှစ်သန်းပေါင်း မြောက်များစွာ တည်ရှိလာတာပါ။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် သဘာဝရွေးချယ်မှုရဲ့ အင်မတန်အချိန်ယူ၊ အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေကြောင့်သာ မဟုတ်ရင် ဒီစနစ်ကို သူတို့မပြောင်းလဲ နိုင်ပါဘူး။ ပျားတွေအနေနဲ့ တစ်မနက်မှာ နိုးလာပြီး ပျားဘုရင်မကို အဆုံးစီရင်ပြီး လုပ်သားပျားတွေနဲ့ ကွန်မြူနစ်ပျားအာဏာရှင်စနစ်မျိုး မထူထောင်နိုင်ပါဘူး။
ဒါပေမယ့် လူသားတွေ ကြားမှာတော့ လူမှုတော်လှန်ရေးဆိုတာတွေ တကယ်ရှိပါတယ်။ တိတိကျကျပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတိကပဲ ၁၉၁၇ ခုနှစ်မှာ ရုရှားမှာ ကွန်မြူနစ် တော်လှန်ရေးဖြစ်ခဲ့ပါတယ်။ အဲ့မှာ ရုရှားလူမျိုးတွေ လက်ခံယုံကြည်ထားတဲ့အရာတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် တော်လှန်ရေးသမားတွေက ဇာဘုရင်ကို အဆုံးစီရင်ပြီး လုံးဝကွဲပြားတဲ့ လူမှုစနစ်တစ်ခုကို ရုရှားမှာ နှစ်အနည်းငယ်အတွင်းမှာပဲ စတင်ထူထောင်ခဲ့ကြတယ်လေ။ ဇာဘုရင်ရဲ့ ဘုရားသခင်ကပေးတဲ့ အုပ်ချုပ်ခွင့်ဆိုတာကို သူတို့မယုံကြည်ကြတော့ဘူး။ အဲ့ဒီအစား အခုဆိုရင် အခွင့်အာဏာဆိုတာ အလုပ်သမားတွေ၊ ပြည်သူတွေဆီကနေလာတယ်လို့် သူတို့ယုံကြည်ကြတယ်လေ။

ဒါကြောင့်ပဲ လူမှုအသိုင်းအဝိုင်းတိုင်းက သူတို့ပြည်သူတွေ အသက်ငယ်စဉ်ကာလမှာပဲ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းရဲ့ တည်ရှိမှုနဲ့ပတ်သက်လို့ ဝါဒဖြန့်ဖို့၊ ဦးနှောက်ဆေးဖို့အတွက် အများကြီး အားစိုက်လုပ်ဆောင် မြုပ်နှံကြတာပါ။ ဘာကြောင့်လဲဆိုတာ လူတွေ မယုံဘူးဆိုတာနဲ့ အရာအားလုံးပြိုလဲသွားတာပဲ။

Ezra Klein
တရားထိုင်ခြင်း ခေါင်းစဉ်နဲ့ပတ်သက်လို့ မပြောခင်မှာ.. ခင်ဗျား ရက် ၆၀ စခန်းဝင် တရားထိုင်တယ်လို့ ဖတ်ရတယ်။ အဲ့လိုမျိုးအတွေ့အကြုံနဲ့ပတ်သက်ပြီး ကျနော်တော့ စဉ်းစား စိတ်ကူးကြည့်လို့မရဘူး။ ဒါကြောင့် အဲ့ဒါတွေနဲ့ ပတ်သက်လို့ ခင်ဗျားဘာပြောစရာရှိမလဲဆိုတာနဲ့ အဲဒါတွေက ခင်ဗျားရဲ့ ဘဝမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလဲဆိုတာ ကျနော်တော့ အရမ်းကြားချင်နေမိတယ်။

Yuval Harari
ပထမဆုံး ပြောရမယ်ဆိုရင် အဲဒါက အရမ်းခက်ပါတယ်။ ခင်ဗျားမှာ အာရုံပျံ့လွင့်စရာ ဘာမှ မရှိရဘူး။ တီဗီမရှိရဘူး၊ အီးမေးလ်မရှိရဘူး၊ ဖုန်းမရှိရဘူး၊ စာအုပ်မရှိရဘူး။ စာလည်း မရေးရဘူး။ အချိန်တိုင်း အခိုက်အတန့်တိုင်းကို လက်ရှိဘာဖြစ်ပျက်နေသလဲဆိုတဲ့အပေါ်၊ တကယ့်အရှိတရားအပေါ် အာရုံစိုက်နေရမယ်။ ကိုယ်နဲ့ပတ်သက်လို့ ကိုယ်မကြိုက်တဲ့အရာတွေ.. လောကကြီးနဲ့ ပတ်သက်လို့ ကိုယ်မကြိုက်တဲ့အရာတွေ.. နှစ်ပေါင်းများစွာ ကိုယ်မေ့ထားတဲ့အရာတွေ.. မျိုသိပ်ထားတဲ့အရာတွေ စိတ်ထဲဝင်လာတာပဲ။
အစမှာတော့ အခြေခံအကျဆုံးဖြစ်တဲ့ ခန္ဓာကိုယ်မှာ ခံစားရတဲ့ အသက်ရှုသွင်းတာ..ရှုထုတ်တာ.. ဝမ်းဗိုက်မှာ ခံစားရတာ.. ခြေထောက်မှာ ဖြစ်ပျက်နေတာ အားလုံးကို ဆက်စပ်မိပြီဆိုရင် လက်ရှိ ဘာဖြစ်ပျက်နေသလဲဆိုတာကို စောင့်ကြည့်နိုင်စွမ်းရလာတာပဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အသိတွေ ရလာတယ်။ ကိုယ့်အသက်ရှုသွင်းပုံကို မစောင့်ကြည့်နိုင် မမှတ်နိုင်ဘူးဆိုရင် ဒေါသသဘော၊ ကြောက်ရွံ့မှုသဘော၊ ပျင်းသလိုခံစားနေရတာ စတဲ့အရာအားလုံး ကိုယ်က စောင့်ကြည့်နိုင်တော့ဘူး။ ကိုယ့်ရဲ့ အသက်ရှုတာကို စောင့်ကြည့်ရတာက ကိုယ့်ရဲ့ဒေါသ၊ ကြောက်ရွံ့မှုစတာကို စောင့်ကြည့်ရတာထက် ပိုလွယ်တာကိုး။
လူတွေက သူတို့ရဲ့ ဒေါသ၊ သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို နားလည်ချင်ကြတယ်။ ဒါပေမယ့် အသက်ရှုတာကို စောင့်ကြည့်တာကိုတော့ ဘာအရေးကြီးလို့လဲ လို့ထင်ကြတယ်။ ဒါပေမယ့် ဝင်သက် ထွက်သက်လို ရိုးရှင်းတဲ့ ထင်ရှားတဲ့အရာကိုမှ ခင်ဗျား မစောင့်ကြည့်နိုင်ဘူးဆိုရင်၊ ဒီ့ထက် အများကြီးပိုခက်ခဲတဲ့ ပိုပြင်းထန်ရှုပ်ထွေးတဲ့ ကိုယ့်ဒေါသကို စောင့်ကြည့်လေ့လာနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။

အဲဒီ ရက် ၆၀တရားစခန်းမှာ ဘာဖြစ်သလဲဆိုတော့။ ကိုယ့်စိတ်က စူးစိုက်မှုအား ပိုကောင်းလာ ပိုရှင်းလင်း လာတာနဲ့အမျှ ကိုယ်က နက်သထက် နက်တဲ့နေရာကို သွားလို့ရလာတယ်။ အဲ့တော့မှ ကိုယ့်စိတ်ထဲမှာ ကိုယ့်ရဲ့ ဒေါသတွေအားလုံး၊ ကြောက်ရွံ့မှုတွေ အားလုံး အစပြုကြလာကြတဲ့ ဇစ်မြစ်နေရာကို စမြင်ရတော့တာပါပဲ။ ကိုယ်က အဲဒါကို ဘာမှ လုပ်ဖို့ မကြိုးစားရပါဘူး။ ကိုယ့်ဒေါသနဲ့ပတ်သက်လို့ ဘာမှမပြောရပါဘူး။ အဲ့ဒါကို တိုက်ခိုက်ဖို့လည်း မကြိုးစားရပါဘူး။ စောင့်ကြည့်ရုံပဲ စောင့်ကြည့်နေပါ။ ဒေါသဆိုတာ ဘာလဲ။ ပျင်းတယ်ဆိုတာ ဘာလဲ။

ရက်၆၀ တရားစခန်းမှာအဲ့လို အခွင့်အရေးတွေ ရပါတယ်။ တခါတလေ ဒေါသစိတ်ကလေးဖြစ်တယ်.. အဲဒီစိတ်က ရက်ပေါင်းများ ရှိနေရော။ ရက်ပေါင်းများစွာပဲ.. အဲဒါနဲ့ပတ်သက်လို့ ကိုယ်က ဘာမှ မလုပ်ရပါဘူး။ စောင့်ကြည့်ရုံပဲ စောင့်ကြည့်ရတာပါ။ ဒေါသ ဆိုတာဘာလဲ။ ဒေါသဟာ ခန္ဓာကိုယ်မှာ ဖြစ်တဲ့အခါကျရင် ဘယ်လိုခံစားရလဲ။ ငါဒေါသဖြစ်တဲ့အခါ ငါ့စိတ်ထဲမှာ တကယ် ဘာတွေဖြစ်နေသလဲ။ ဒီလိုမျိုး ကိုယ့်အတွင်းစိတ်ထဲမှာ ဖြစ်ပျက်တဲ့သဘာဝကို အမှန်တကယ် စောင့်ကြည့်လေ့လာရတာဟာ ကျနော်တွေ့ကြုံဖူးသမျှထဲမှာ ထူးခြားအံ့သြစရာ အကောင်းဆုံးအရာပါ။

Ezra Klein
အဲ့လိုတရားထိုင်တာကို ခင်ဗျား အမြဲမပြတ် ဆက်တိုက်လုပ်နိုင်တာ.. သံန္နိဋ္ဌာန်ချထားနိုင်တာကိုတော့ ကျနော်အထင်ကြီးမိတယ်ဗျာ။ ဆေပီယန်စ်ဟာ တမဟုတ်ချင်း နိုင်ငံတကာမှာ ရောင်းအကောင်းဆုံးဖြစ်သွားတယ်။ ဆီလီကွန်တောင်ကြားမှာ အကြီးအကျယ် လူကြိုက်များတယ်။ ကျနော် ဘီလ်ဂိတ်ကို ဒီမှာ အင်တာဗျူးတုန်းက ဆေပီယန်စ်ကို ဖတ်ဖို့ ကျနော်နှင့်တကွ ပရိတ်သတ်တွေကို သူတိုက်တွန်းခဲ့တယ်။ မာခ်ဇူကာဘတ်လည်း ဆေပီယန်စ် အကြောင်းပြောတယ်။ ဘာရက် အိုဘာမားလည်း ထိုနည်းလည်းကောင်းပဲ။ အခုဆို တွေ့ဆုံဆွေးနွေးစကားဝိုင်းတွေ၊ အခကြေးငွေပေးတဲ့ စကားဝိုင်းတွေ၊ ညီလာခံတွေ၊ အစည်းအဝေးတွေနဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်အချိန်ကို တောင်းဆိုနေမှာကို ကျနော် စဉ်းစားကြည့်တယ်။ ခုဆို ခင်ဗျားမှာ လုပ်စရာတွေ မနည်းမနော ရှိနေမှာ အသေအချာပဲ။ ခင်ဗျားရဲ့အောင်မြင်မှုနောက်ပိုင်း ဒီဘက်နှစ်အတွင်းမှာ ဒီတရားထိုင်တာနဲ့ပတ်သက်ပြီး ပြောင်းလဲသွားတာ ရှိမရှိ ကျနော် စိတ်ဝင်စားမိတယ်။

Yuval Harari
နောက်ညီလာခံတစ်ခု၊ ဆွေနွေးစကားဝိုင်းတစ်ခု တက်ချင်စိတ်ကတော့ အမြဲတမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီတရားထိုင်တာနဲ့ပတ်သက်ပြီး ကျနော် စည်းကမ်းတကျ တစိုက်မတ်မတ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ တကယ့်အရေးအကြီးဆုံးအရာလို့ ကျနော်သိနေတာကိုး။ ဒါဟာ ကျနော့် အောင်မြင်မှုတွေရဲ့ အရင်းမြစ်ပါ။ ဒါကြောင့် ကျနော် နောက်တစ်နှစ်စာကို ကြိုတင် အစီအစဉ်ချတော့မယ် ဆိုတာနဲ့ ပထမဆုံး ကျနော်လုပ်တာက အဲဒါပဲ။ ၂၀၁၇မှာဆို ကျနော် အောက်တိုဘာ ၁၅ ကနေ ဒီဇင်ဘာ ၁၅ အထိက ရက်၆၀ တရားစခန်းအတွက် အိန္ဒိယကိုကျနော်သွားမယ်ဆိုတာ ကြိုသိနှင့်ပြီးသားပါ။ ကျနော့်အချိန်ဇယားမှာ အဲဒါကို အရင်ဆုံး ကျနော်သတ်မှတ်ပါတယ်။ ကျန်တဲ့အရာတွေအားလုံး အဲဒါနဲ့မတိုက်အောင်.. လွတ်အောင်ပဲ စီစဉ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းကလည်း ဒီလိုပါပဲ။

တကယ်ဆို ထရမ့်ရဲ့ ရွေးကောက်ပွဲဆို ဇန်နဝါရီ ၂၀ကျမှ ကျနော်ကြားရတာပါ.. တရားစခန်းကနေ အဲဒီအချိန်မှ ကျနော် ထွက်လာတာကိုး။ နိုဝင်ဘာ အစောပိုင်းမှာ တရားစခန်း စဝင်တော့ ရွေးကောက်ပွဲကို ကျနော်လွတ်သွားတယ်။ စောစောက ကျနော်ပြောခဲ့သလိုပါပဲ. ဘယ်လိုမျိုး စိတ်ပျံ့လွင့်စရာမှ မရှိရပါဘူး။ ပြင်ပကမ္ဘာနဲ့ ဘယ်လို အဆက်အသွယ်မှ မရှိပါဘူး။ အီးမေးလ်မရှိ၊ တီဗီ မရှိ၊ ဘာမှ မရှိရပါဘူး။ ဆိုတော့ အပြင်မှာ ဘာတွေဖြစ်နေကြသလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ မသိရပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်တွင်းမှာ ဖြစ်ပျက်နေတာတွေကတော့ အလွန်တရာမှပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Ezra Klein
တနေ့တနေ့ကို ၂ နာရီ အမြဲတမ်း တရားထိုင်တဲ့အပြင်.. တနေ့တာမှာ ရရှိတဲ့ သတင်းအချက်အလက်တွေ အားလုံးကို ဘယ်လိုထားသို စီမံခန့်ခွဲပါသလဲ။ တကယ် စစ်မှန်တဲ့အရာ အရေးပါတဲ့အရာတွေ နဲ့ ပေါ်ပင်ပုံပြင်သက်သက်အကြားရော ဘယ်လိုခွဲခြားပါသလဲ။

Yuval Harari
ကျနော် ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အစီအစဉ် ချဖြစ်တယ်။ ခေတ်နည်းပညာက ကျနော့်အတွက် အစီအစဉ်ချမှတ်ပေးတာကို ကျနော်လက်မခံဘူး။ အင်တာနက်က ပို့စ်တွေ..တွစ်တာတွေ အစား စာအုပ်ရှည်ကြီးတွေ၊ ဝတ္ထုတွေ ကျနော်ဖတ်ဖြစ်တယ်။ လွန်ခဲ့တဲ့ရာစုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုက သတင်းအချက်အလက်တွေ ရှားပါးငတ်မွတ်မှုကနေ.. အတင်းအချက်အလက်တွေ အဆမတန် ပိုလျှံမှုဘက်ကို အရွေ့ဖြစ်သွားတယ်လို့ ကျနော်ထင်တယ်။ အရင်ကဆို သတင်းအချက်အလက်နဲ့ပတ်သက်လို့ အဓိကပြဿနာတွေက လူတွေအတွက် အလုံအလောက်မရှိတာ၊ ဆင်ဆာဖြတ်ခံရတာ၊ သတင်းအချက်အလက်တွေက ရှားတယ်.. ပြီးတော့ ရယူဖို့လည်း ခက်တယ်။ ခုဆို လုံးဝ ပြောင်းပြန်။ အလွန်တရာကို ကြီးမားများပြားတဲ့ သတင်းအချက်အလက်တွေရဲ့ လွှမ်းမိုးမှုကို ကျနော်တို့ ခံရတာပဲ။

ကျနော်တို့ရဲ့ အာရုံစူးစိုက်နိုင်မှုနဲပတ်သက်ပြီး ကျနော့်တို့ အထိန်းအကွပ်မဲ့သွားတယ်။ ပြင်ပက ပုံစံအမျိုးမျိုးနဲ့အရာတွေက ကျနော်တို့ရဲ့ အာရုံစူးစိုက်နိုင်မှုကို ခိုးယူသွားကြတယ်။ ကျနော့်အတွက်တော့ တရားထိုင်မှ မဟုတ်ပါဘူး.. အလုပ်လုပ်နေတဲ့အချိန်မှာလည်း ပြင်ပက အရာတွေအမျိုးမျိုးကြောင့် ကျနော့်ရဲ့ အာရုံးစူးစိုက်မှုကို သွေဖယ်မသွားရအောင် ကျနော် အလွန်စည်းကမ်းကြီးစွာ အသေအချာပဲ အာရုံစိုက်ပြီး ကိုယ့်ရဲ့ စူးစိုက်နိုင်မှုကို ထိန်းပါတယ်။

Ezra Klein
ခုလိုကျနော်တို့ပြောဆိုနေကြတာတွေက ဟိုမို ဒေးယူစ် (Homo Deus) စာအုပ်နဲပတ်သက်ပြီး ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ ကျနော့်ကို အများကြီးပေးတာ အံ့သြစရာပဲ။ အဲ့ဒီ စာအုပ်ကို အတိုဆုံး ချုံ့ပြောရမယ်ဆိုရင် လူသားတွေဟာ ဖန်ဆင်းရှင် သို့ ဘုရားသခင်နဲ့ ပတ်သက်တဲ့ စိတ်ကူးယုံကြည်မှုအပေါ်မှာ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို အခြေခံခဲ့ကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာ၊ နှစ်ရာလောက်ကျတော့ လူသာပဓာနဆိုတဲ့ စိတ်ကူးယုံကြည်မှုအပေါ် အခြေခံကြပြန်ရော။ အခုဆိုရင် သတင်းအချက်အလက်တွေပေါ်မှာ စိတ်ကူးယုံကြည်တဲ့အပေါ်မှာ အခြေခံတဲ့ ဘက်ကို ရွေ့နေကြတယ်။

လူ့အသိုင်းအဝိုင်းကို အကျိုးပြုမှုအတွက် ကျနော်တို့ စိတ်ကျေနပ်ရမယ့် အတိုင်းအတာက ကွန်ပျူတာအကူအညီယူ အယ်လဂိုရီသမ် အမျိုးမျိုးနဲ့ ပတ်သက်လို့ သတင်းအချက်အလက်စီးဆင်းမှုတွေက ထုတ်ကုန်တွေ၊ တန်ဖိုးတွေထွက်လာအောင် ကျနော်တို့လုပ်မှ ဖြစ်မှာပါ။ စာအုပ်ကို ဖတ်ကြည့်တော့ အဲ့ဒီအခြေအနေတွေဟာ ခင်ဗျားထက်စာရင် ကျနော်လိုလူမျိုးမှာ ပိုဖြစ်နိုင်ချေများတယ်လို့ ကျနော် ခံစားရတယ်။ ဘာလို့လည်းဆိုတော့ လောကကြီးထဲမှာ တနေ့တာ ဖြစ်ပျက်နေတဲ့ဆူညံမှုတွေနဲ့ ခပ်ဝေးဝေးမှာ ခင်ဗျားကနေတာကိုး။ ဒါကြောင့်လည်း အချိန်တိုင်းမှာ သတင်းအချက်အလက်တွေကြားထဲမှာ လူတိုင်း နစ်မြုပ်စွဲမက်နေကြတာက ဘယ်လိုအပြောင်းအလဲနဲ့ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာ ခင်ဗျားအတွက် မြင်ရတာ ပိုရှင်းမှာပေါ့။

Yuval Harari
ဟုတ်ပါတယ်.. ခုနကပြောတာက စာအုပ်သစ်နဲ့ပတ်လို့ အင်မတန်ကောင်းမွန်တဲ့ အကျဉ်းချုပ်ပါပဲ။ ကျနော့်ရဲ့ အသက်ရှင်နေထိုင်ပုံက ကျနော်ဘယ်လိုတွေးခေါ်သလဲဆိုတာကို လွှမ်းမိုးပါတယ်။ ကျနော့်ရဲ့ သုတေသနတွေနဲ့ပတ်သက်လို့ အဆုံးသတ်ရလဒ်တွေက ကျနော်ရဲ့ အသက်ရှင်နေထိုင်ပုံနဲ့ တထပ်တည်းကျဖို့ ကျနော်မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ သီအိုရီတွေနဲ့ ရလဒ်တွေ အမြင် ထုတ်ပြီးတော့ ကိုယ်တကယ်အသက်ရှင်နေထိုင်ပုံပေါ် သက်ရောက်ပြောင်းလဲမှု မရှိဘူးဆိုရင် ဘာလုပ်မှာလဲ။ အဓိပ္ပါယ်မရှိဘူး ဖြစ်သွားမှာပါ။
ဘာသာပြန်​ – မာန်​သီဟထွန်း

(မိုးမခ မှတ်ချက် – https://www.facebook.com/SapiensMyanmar/ မှ စာရေးသူ၏ ခွင့်ပြုချက် တောင်းပြီး ကူးယူဖော်ပြပါတယ်)

မူရင်းလင့်
https://www.vox.com/…/yuval-harari-sapiens-interview-medita…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts