ဘာသာပြန်ကဏ္ဍ အခန်းဆက်များ အတွေးအမြင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီကျဆုံးတော့မည့် သတိပေးလက္ခဏာများ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီကျဆုံးတော့မည့် သတိပေးလက္ခဏာများ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက်

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၈

Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Gatekeeping in American အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

အသုံးပြုခဲ့နိုင်ငံရေးဝေါဟာရများ –

Gatekeeping -ဂိတ်စောင့်ခြင်း။ ဒီမိုကရေစီမကျဆုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။

Gatekeeper -ဂိတ်စောင့်သောသူ။ ဂိတ်စောင့်ခြင်းအလုပ်ကို လုပ်သောသူ။
Invisible – Primary –
Invisible – (adj ) = မမြင်ရသော
Primary -(N ) = အရင်းခံအကြောင်း

တိုက်ရိုက်ဘာသာပြန်လျှင် ပေးထားသောအဓိပ္ပာယ်အတိုင်းဖြစ်သည်။ ၎င်းကို နိုင်ငံရေးသဘောတရားအရ အဓိပ္ပာယ် ဖော်သော် အကြိုရွေးကောက်ပွဲ သို့မဟုတ် အကြိုရွေးကောက်ပွဲ၏ရလဒ်ဟုလည်း ဆိုနိုင်သည်။ ဤစာအုပ်ထဲတွင် ပါတီခေါင်း ဆောင်များ၊ ကိုယ်စားလှယ်များနှင့် ဂိတ်စောင့်သူများ၏ အာဏာလက်လွတ် ဆုံးရှုံးခြင်းဟု ဆိုလိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ဒီမိုကရေစီဆုံးရှုံးတော့မည်ဟူသော သတိပေးလက္ခဏာများရှိပါသည်။ ၄င်းတို့ထဲတွင် နောက်ဆုံးသတိပေးသော လက္ခဏာမှာ – “ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ခံခဲ့ရခြင်း” ပင်ဖြစ်သည်။ ဤကဲ့သို့ဖြစ်ခြင်းအကြောင်းမှာ ဂိတ်စောင့်သူများ အာဏာ လက်လွတ်ဆုံးရှုံးခြင်းကြောင့် ဖြစ်သည်။ ဂိတ်စောင့်သူများသည် ဒီမိုကရေစီကိုဖျက်ဆီးမည့်သူကို သမ္မတဖြစ်ခြင်းမှ ကာကွယ်နိုင်စွမ်း မရှိခြင်းကြောင့်ဖြစ်သည်။ ဂိတ်စောင့်သူများသည် ဒီမိုကရေစီစံနစ်ကို ကာကွယ်နိုင်စွမ်းမရှိတော့လျှင် ဘယ်သူ့ကိုအားကိုးရမည်နည်း။

နိုင်ငံရေးပါတီများမှ အရေးပါသူများကို အားကိုရတော့မည်ဖြစ်ပါသည်။

ဒေါ်နယ်ထရမ့် မတက်လာမီအခြေအနေတွင် ဒီမိုကရေစီကျဆုံးတော့မည့် သတိပေးလက္မဏာများကို ပြန်လည် သုံးသပ်ကြည့်ပါမည်။

ပထမဖြစ်ရပ်မှာ – ဒီမိုကရေစီစံနစ်အခြေခံများကို ငြင်းပယ်ခြင်း သို့မဟုတ် လက်မခံဖြစ်၍ လက်ခံလျှင်လည်း စိတ်မပါ လက်မပါ လက်ခံခြင်းဖြစ်သည်။ ဤတွင်အခြေခံဥပဒေကို တိုက်ရိုက်ငြင်းပယ်ခြင်း မဟုတ်သော်လည်း ၄င်းကို ဆန့်ကျင်သည့်အပြောမျိုးတို့ကို ကြားရသည်။ တစ်ခါတစ်ရံတွင် ဒီမိုကရေစီမဆန်သောလုပ်ရပ်များကို အားပေးသည်။

ဥပမာ –  ရွေးကောက်ပွဲကိုငြင်းဆန်ခြင်း၊ အခြေခံဥပဒေမှ အချို့အချက်များကို ဆိုင်းထားခြင်း၊ အချို့သောအဖွဲ့အစည်းများကို ပယ်ဖျက်ခြင်း၊ အခြေခံ လူမှုရေးနှင့် နိုင်ငံရေးအခွင့်အရေးများကို ကန့်သတ်ခြင်း၊ အကြမ်းဖက်သောနည်းများသုံး၍ သော်လည်းကောင်း၊ စစ်တပ်မှ အာဏာသိမ်းခြင်းကိုသုံး၍ အစိုးရပြောင်းရန်ကြိုးပမ်းခြင်း၊

ဒုတိယဖြစ်ရပ်မှာ -နိုင်ငံရေးအတိုက်အခံများ၏ တရားဝင်မှုကို ငြင်းပယ်ခြင်း။ နိုင်ငံရေးအတိုက်အခံများကို လက်ရှိအခြေခံဥပဒေကို ဆန့်ကျင်သည်ဟု စွတ်စွဲသည်။ နိုင်ငံရေးအတိုက်အခံများကို လုံခြုံရေးအား ခြိမ်းခြောက်နေသည်ဟု စွတ်စွဲသည်။ နိုင်ငံရေးအတိုက်အခံများကို အကြောင်းမရှိအကြောင်းရှာ၍ ရာဇဝတ်သားများဟု စွတ်စွဲပြောဆိုသည်။ ထို့ကြောင့် နိုင်ငံရေးလုပ်ငန်းများကို လုပ်ခွင့်မပြုသင့်တော့ဟု ဆိုသည်။

၎င်းအပြင်နိုင်ငံရေးအတိုက်အခံများကို နိုင်ငံ ခြားမှ သူလျှိုများ၊ နိုင်ငံခြားနှင့် ဆက်သွယ်၍ ကိုယ့်နိုင်ငံကို ဖျက်ဆီးဖို့ လုပ်နေသည်ဟူ၍ စွတ်စွဲ ပြောဆိုသည်။
 
တတိယဖြစ်ရပ်-အကြမ်းဖက်မှုများကို အားပေးခြင်း။ အကြမ်းဖက်သောဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆက်သွယ်ပြီး ယင်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများကို သုံး၍နိုင်ငံရေးပြိုင်ဘက်များကို နှိမ်နင်း သည်။ နိုင်ငံရေးအတိုက်အခံများကို လူစုလူဝေးဖြင့် တိုက်ခိုက်သည်။ အကြမ်းဖက်အဖွဲ့အစည်းများကို ဘယ်တော့မှ ရှုတ်ချခြင်း၊ အပြစ်တင်ခြင်းတို့ကိုမလုပ်ပါ။

စတုတ္ထဖြစ်ရပ် -နိုင်ငံရေးအတိုက်အခံများ၏ လွတ်လပ်ခွင့်တို့ကို ချိုးဖောက်သည်။ မီဒီယာများ၏လွတ်လပ်ခွင့်တို့ကိုလည်း အလားတူ ချိုးဖောက်သည်။ လူများ၏လွတ်လပ်ခွင့်ကို ကန့်သတ်ဥပဒေများကို ပြဋ္ဌာန်းသည်။ အစိုးရကို မဝေဖန်နိုင်အောင် နှိမ်နင်းသည်။ နိုင်ငံရေးအတိုက်အခံများကို အရေးယူနိုင်သောနည်းလမ်းများကို သုံးသည်။ အခြား သော အာဏာရှင်အစိုးရများ၏ လူထုအပေါ်၊ မီဒီယာအပေါ်၊ အတိုက်အခံများအပေါ်အရေးယူမှုများကို ချီးမွမ်းလေ့ရှိသည်။

ဤဖြစ်ရပ်များမှာ ဒီမိုကရေစီဆုံးရှုံးမည့်သတိပေးလက္ခဏာများဖြစ်သည်။ အခြား ဘာမှမလုပ်နိုင်သေးလျှင်ပင်လျှင် ဤလက္ခဏာများကို သိရန်၊ မြင်ရန် လိုအပ်ပါသည်။

ဤကဲ့သို့သော သတိပေးလက္ခဏာများ ရှိလျှက်ပင် ပြီးခဲ့ရွေးကောက်ပွဲတွင် ဒီမိုကရေစီစံနစ်ကို ဆန့်ကျင်ကျသောကိုယ်စားလှယ်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားခဲ့သည်။ ဤကိစ္စတွင်နိုင်ငံရေးပါတီများသည် ပါတီရေးကို နောက်ဆုတ်၍ ဒီမိုကရေစီရေးကို ရှေ့တန်းတင် ဦးစားပေးသင့်သည်။ ပါတီများအနေဖြင့် သိရမည်မှာ ဒီမိုကရေ စီဆုံးရှုံးခြင်းသည် ရွေးကောက်ပွဲရှုံးခြင်းထက် များစွာအခြေအနေဆိုးလိမ့်မည် ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ဒီမိုကရေစီစံနစ်နှင့် ဒီမိုကရေစီကိုဆန့်ကျင်သောစံနစ်တို့၏ ပြိုင်ပွဲဖြစ်သည်ကို မြင်ဖို့လိုအပ်ပါသည်။

ရီပတ်ဘလီကန်ပါတီဝင် သုံးဦးသည် ဤသဘောမျိုးသက်ရောက်သော စကားများကို ပြောခဲ့ကြပါသည်။ သူတို့၏ စကားများမှာ –

ရီပတ်ဘလီကန် (၁) – ဒီရွေးကောက်ပွဲကို ဟီလရီကင်လင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ ပြိုင်ပွဲကို မမြင်ဘဲ၊ ဒီမိုကရေစီစနစ်(ဟီလရီ)နှင့် ဒီမိုကရေစီဆန့်ကျင်သောစနစ် (ထရမ့်) လို့ မြင်သင့်ပါတယ်။

ရီပတ်ဘလီကန် (၂) – အခုအချိန်ဟာ ပါတီအရေးကို ဦးစားပေးရမည့်အချိန်မဟုတ်ပါဘူး။ နိုင်ငံရဲ့အရေး၊ တနည်း – ဒီမိုကရေစီအရေးကို ဦးစားပေးရမှာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရေစီစံနစ်အတွက် အလွန်အန္တရာယ်ရှိတဲ့လူ ဖြစ်နေပါတယ်။

ရီပတ်ဘလီကန် (၃) – ဒီကိစ္စဟာ တော်တော်အရေးကြီးပါတယ်။ ကျွန်တော်ရဲ့မဲကို ဒီမိုကရေစီဆန့်ကျင်တဲ့ဘက်ကို မပေးနိုင်ပါဘူး။ နိုင်ငံရဲ့အကျိုးဟာ ဒေါ်နယ်ထရမ့်ကို သမ္မတဖြစ်ခြင်းမှ တားဆီးနိုင်တဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့်အခုရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေဟာ ကလင်တန်ကို အားပေးဖို့ တိုက်တွန်းလိုပါတယ်။

ဒီစကားတွေက အလွန်ကောင်းသော်လည်း ရီပတ်ဘလီကန်ပါတီရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေက ပြောတာမဟုတ်ခဲ့ပါ ဘူး။ ဒါကြောင့် အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါတယ်။ အခါနှောင်းခဲ့တဲ့အတိုင်း ဒီမိုကရေစီကျဆုံးဖို့ တလှမ်း တိုးလာခဲ့ပါပြီ။

နောက် ဘာဆက်ဖြစ်ဦးမည်နည်း။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts