လူများ၊ ရုပ်ပုံလွှာများ မောင်စွမ်းရည်

မောင်စွမ်းရည် – မောင်သစ်လွင်(လူထု)

ဆရာကြီး မောင်သစ်လွင်(လူထု)၊ မိုးမခဇူလိုင်လထုတ်နဲ့ ကျော်မိုးလွင်

မောင်စွမ်းရည် – မောင်သစ်လွင်(လူထု)

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၈

ကဗျာဆရာတင်မိုး၊ ကဗျာဆရာမောင်သိင်္ဂါ (ဘာသာပြန်ဆရာ မောင်သာနိုး)၊ ကဗျာဆရာကြည် အောင်၊ ဘာသာပြန်ဆရာ မောင်မိုးသူ၊ စာစီကုံးဆရာ ဂုဏ်ထူးသိန်းနိုင်၊ ကဗျာဆရာမောင်စွမ်းရည်စတဲ့ လူထု တိုက်ထွက် စာရေးဆရာများနဲ့အတူ လူထုတိုက်တွင်းကနေ စာရေးနေသူနှစ်ဦးရှိပါတယ်၊ မောင်သစ်လွင်နဲ့ နတ်မောက်ထွန်းရှိန် တို့ပါ။ နတ်မောက်ထွန်းရှိန်ကတော့ ခုအခါမှာ မန္တလေးဂျာနယ်ကြီးတစောင်ကို ဦးဆောင် တည်းဖြတ် ထုတ်ဝေနေပါတယ်။ မောင်သစ်လွင်ကိုတော့ စာရေးတာ သိပ်မတွေ့ရပါ။ ကျန်းကျန်းမာမာမှ ရှိပါရဲ့လားလို့ အဝေးကနေတွေးပြီး ပူပန်ရပါတယ်။

ကျွန်တော်တို့ခေတ်ပြိုင် လူထုတိုက်ထွက်တွေထဲမှာ မောင်သစ်လွင် တဦးသာ (လူထု) လို့ ဘွဲ့ခံတာ တွေ့ရပါတယ်၊ ကျွန်တော်က သူ့ကို အားကျပြီး မောင်စွမ်းရည်(လူထု)လို့ တခါလုပ်လိုက်ဖူးပါတယ်၊ သူငယ်ချင်းတင်မိုးက ကြီးမှ ဝက်သက်ပေါက်ပြီး အရူးမထစမ်းပါနဲ့လို့ ဆိုတာနဲ့ ဆက်ပြီး မသုံးတော့ပါ။

မောင်သစ်လွင်က ချောက်မြို့ကပါ။ စာရေးဆရာမင်းကျော်တို့နဲ့ သူငယ်ချင်းတွေပါ၊ သူ့ဖခင်ကြီးက ချောက်ရေနံမြေက အလုပ်သမားခေါင်းဆောင်တဦး ဆို ထင်ပါရဲ့။ ဦးလေးလူထုဦးလှရဲ့ မိတ်ဆွေတဲ့၊ မိတ်ဆွေရဲ့သားကို ခေါ်ယူပြီး သတင်းစာသမားဖြစ်အောင် ဦးလေးတို့က ပြုစုပျိုးထောင်ခဲ့တာပါ။ တသက်လုံးဆိုသလို လူထုတိုက်ထဲမှာပဲ ဒေါ်ဒေါ်လူထုဒေါ်အမာတို့နဲ့ အတူနေထိုင် စားသောက်လုပ်ကိုင်လာတော့ သွားဟန်ပြော ဟန်တွေပါ တီးတိုးငြင်သာပြီး “လူထုဟန်” ပေါက်နေတယ်လို့ ဆိုရပါမယ်။ ကျွန်တော်တို့လူထုတိုက် သွားရင် သူ့ကို တွေ့နေကျ၊ နှုတ်ဆက်ပြောဆိုနေကျဖြစ်ပေမဲ့ စာကြောင်းပေကြောင်းတွေကိုတော့ အတူထိုင်ပြီး အေးအေးဆေးဆေး ဆွေးနွေးပြောဆိုတာမျိုး ရှိခဲလှပါတယ်။ သူ့အသက်အရွယ် ဘယ်လောက်လဲ အတိအကျမသိ။ မမေးခဲ့ကြ ဖူးပါ။ ခုတော့ သူက မွေးနေ့လုပ်သတဲ့။ ဖေ့စ်ဘုတ်ပေါ်မှာ ကိတ်မုန့်တွေဘာတွေ လှီးလို့၊ ကျွန်တော်ကလဲ ပြည်ပရောက်မှ စိန်ရတုမွေးနေ့မှာ တစ်ကြိမ်တော့ဖြင့် ကိတ်မုန့်လှီးဖူးပါရဲ့။ တောသားတွေကြီးပွားနေပုံများ။

စစ်အစိုးရခေတ်တွင်း ကျွန်တော်ကိုတော့ သူတွေ့လိုက်ဖူးမယ်မထင်ပါ၊ သူ့ပုံကိုတော့ ကံအားလျော်စွာ တွေ့လိုက်ပါ တယ်။ ဆံပင်တွေဖြူလို့ပေါ့၊ ဖြူမှာပေါ့၊ အသက်က “ရှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် ဘဘတို့အရွယ်” ရောက်ခဲ့ပြီကို။  ခုလို သတင်းတွေ့ရတော့မှ သူက ကိုယ့်ထက် ခုနှစ်နှစ်ကြီးကြောင်း သိလိုက်ရပါတယ်၊ သူနဲ့ ကိုသာနိုးနဲ့ ရွယ်တူပေါ့၊ တင်မိုးနဲ့လဲ ရွယ်တူပေါ့၊ ကျွန်တော်က မောင်မိုးသူတို့ ကြည်အောင်တို့နဲ့မှ ရွယ်တူ၊ ၁၉၃၇ ခုနှစ် “တခုတည်းဖွား” တွေ။ မောင်သစ်လွင်ကတော့ “အစ်ကိုကြီး”ပေါ့၊ ၁၉၃၃ – ၃၄ မွေးဖွားသူဖြစ်မှာပေါ့။

ကိုသစ်လွင်က ကျွန်တော်တို့လို စာပေလောကမှာ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် သွားလာလုပ်ကိုင် နေသူမဟုတ်ပါ၊ ပွေးများလို တွင်းအောင်းနေသူသာ ဖြစ်ပါတယ်။ လူထုကိုရောက်မလာရင် စာရေးဆရာ သတင်းစာဆရာဖြစ်လာကောင်းမှ ဖြစ်လာမှာပါ၊ သူဟာ တကယ်ပဲ လူထုက လက်သပ်မွေးပြီး ပြုစုပျိုးထောင်မှု ခံယူပြီး သတင်းစာဆရာဖြစ်လာသူပါ။ (လူထု) ဆိုတဲ့ ဘွဲ့မည်နဲ့လဲ တကယ် ထိုက်တန်သူဖြစ်ပါတယ်။ သူဟာ လူထုမှာ လုပ်ကိုင်လာတာ ညီပုလေးရဲ့ တသက်တောင် က မယ် မထင်ပါဘူး၊ အိမ်ထောင်ကျတာလဲ ကိုယ့်မျက်မှောက်တင်ပါပဲ၊ သူဖာသာရှာယူခဲ့တာလား၊ ဒေါ်ဒေါ်တို့က ရှာပေးခဲ့တာလား၊ မသိလိုက်ပါ။ နတ်မောက်ထွန်းရှိန်က အရပ်ထဲနေ ပေမဲ့ ကိုသစ်လွင်က လူထုတိုက်မှာပဲ နေသူဆိုတော့ ဘယ်လိုအိမ်ထောင်ကျလိုက်မှန်းမသိခဲ့ပါ၊ စကားမစပ် မိခဲ့ပါ၊

ဗမာပြည်မှာ ပုဂ္ဂလိကစာကြည့်တိုက်ဆိုတာ အလွန်ရှားပါတယ်၊ အိမ်တိုင်းမှာ ပရိတ်ကြီးစာအုပ် လောက်ကလွဲပြီး တခြားစာအုပ်တွေဟာ ဖတ်ပြီး စွန့်ပစ်ရမယ့် စာအုပ်တွေလို့ပဲ ယူဆတတ်ပါတယ်။ မဂ္ဂဇင်း ဝတ္ထု စာအုပ်တွေဆိုရင် ဖတ်ပြီးတာနဲ့ ဆုတ်ဖြဲပြီး ကြက်သွန်ခွံ၊ ကြက်ဥခွံထုပ်တာကနေ ကလေးမစင်ထုပ်တာ အထိ အသုံးချလိုက်ကြပါတယ်။ စာကြည့်တိုက်ဆိုတာများ စဉ်းစားတောင် မစဉ်းစားတတ်ပါ။ အိမ်တစ်အိမ်ဆောက် လို့ရှိရင် စာဖတ်ခန်း၊ စာအုပ်စင် စတာတွေကို ထည့်သွင်းစဉ်းစားလေ့ မရှိပါ။ ဒီလိုတိုင်းပြည်မှာ ဦးလေးလူထုဦးလှကတော့ ငယ်စဉ်ကတည်းက စာအုပ်တွေ စုဆောင်းလာခဲ့သူမျိုးဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး အိမ်ပြောင်းတဲ့အခါ ဘုရားဆင်းတုတော်နဲ့ စာအုပ်တွေကို ဦးစားပေးပြီး သယ်ယူရွှေ့ပြောင်းသူမျိုးဖြစ်ပါတယ်။

ဦးလေးဟာ လူထုဒေါ်ဒေါ်နဲ့ အိမ်ထောင်ကျပြီး မန္တလေးကြီးပွားရေး စာအုပ်တိုက်နဲ့ လူထုသတင်းစာ တိုက်ရယ်လို့ တိုက်နဲ့တာနဲ့ အိုးနဲ့အိမ်နဲ့ အတည်တကျဖြစ်လာတဲ့အခါ စာကြည့်တိုက်ကို ပြုစုပျိုးထောင်ပါတယ်။ စာကြည့်တိုက်ပညာရှင် စာကြည့်တိုက်မှူးတယောက်ကို လခပေး ငှားရမ်းပြီး ကက်တလောက်တင်တာကတော့ ဦးလေးကွယ်လွန်မှပဲ ဖြစ်မြောက်အောင်မြင်ခဲ့ပါတယ်။ ခုအခါ လူထုစာကြည့်တိုက်ဟာ ပုဂ္ဂလိကစာကြည့်တိုက်တွေထဲမှာ အကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ မန္တလေးမှာ တခုတည်းသော ပုဂ္ဂလိကစာကြည့်တိုက်လဲ ဖြစ်ပါတယ်။ အဲဒီလူထုတိုက်စာအုပ်ပုံကို ကိုသစ်လွင်တို့က ခွထိုင်ခဲ့ရသူတွေဖြစ်ပါတယ်။ မဟာဝိဇာကျမ်းပြုသူ၊ ပါရဂူကျမ်းပြုသူ၊ တက္ကသိုလ်ကျောင်းသားကြီးတယောက်ဟာ လူထုစာအုပ်ပုံကို ခွထိုင်ရင်းနဲ့ သတင်းစာသမိုင်း၊ မဂ္ဂဇင်းသ မိုင်း၊ အမျိုးသားစာပေလှုပ်ရှားမှုသမိုင်း၊ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုသမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်း၊ လယ်သမားလှုပ်ရှားမှုသမိုင်း၊ တိုင်းရင်းသားယဉ်ကျေးမှုသမိုင်း၊ သာသနာသမိုင်း စတာတွေကို ကျမ်းပြုလို့ ရနိုင်ပါတယ်။ ခုအခါ ဒေါက်တာသန်းထွန်း(သမိုင်းပါမောက္ခ) လို ပုဂ္ဂိုလ်မျိုးတွေရဲ့ ပုဂ္ဂလိကစာအုပ်စာအုပ်ပုံတွေပါ လက်ခံရရှိထားပေတော့ ပိုပြီး စုံနေပါတယ်၊

ဦးလေးတို့ ဒေါ်ဒေါ်တို့ဟာ ဒီစာအုပ်တွေကို လက်ညှိုးထိုးပြပြိး စာရေးဆရာတဦး ကျမ်းပြုသူတဦးကို နေ့ချင်းညချင်း မွေးထုတ်ပေးနိုင်ပါတယ်။ သက်ရှိထင်ရှားရှိစဉ်ကတော့ ပိုပြီးထိရောက်တဲ့ အကူအညီပေးနိုင်ပါ တယ်၊ လူငယ်တွေဟာ လူထုစာအုပ်ပုံက စာအုပ်တွေကို ဖတ်နိုင်တယ်၊ လူထုသတင်းစာ လူထုဂျာနယ်မှာ စာရေးနိုင်ကြပါတယ်၊ အဆင်သင့်ရင် သင်သလို လူငယ်တွေရေးတဲ့ စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေပေးလိုက်ပါ သေးတယ်၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ရွှေကိုင်းသား၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ စာအုပ်တွေကို ထုတ်ဝေပေးခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ စာတိုက်ကနေ စာတမ်းဖတ်ပွဲတွေမှာ တင်သွင်းဖတ် ကြားခဲ့တဲ့ စာတမ်းပေါင်းချုပ်တွေကိုလဲ ပုံနှိပ်ထုတ်ဝေပေးလိုက်ပါသေးတယ်။ မောင်သစ်လွင်ဟာ ရွက်ကြမ်းရေကြို စာပေသမားတဦးပါပဲ။ ဒါပေမဲ့ လူထုတိုက်ထဲကထွက်လာတဲ့အခါ သတင်းစာဆရာတဦး ကျမ်းပြုပုဂ္ဂိုလ် တဦးအဖြစ် ရပ်တည်လာခဲ့ပါတယ်။ ယနေ့မန္တလေးမှာ အကန်တော့ခံ သက်ကြီးသတင်းစာဆရာကြီးတဦး ဖြစ် နေပါပြီ။ လူထုစာအုပ်ပုံကိုခွထိုင်ရင်း သွားရင်းလာရင်းနဲ့ ပြုစုထုတ်ဝေခဲ့တဲ့စာအုပ်ဟာ အလုပ်သမားသမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေထဲမှာ မောင်သစ်လွင်(လူထု)ရဲ့ စာအုပ်တအုပ်ပဲ မဟာဝိဇာကျမ်းပြုသူ၊ ပါရဂူကျမ်းပြုသူတို့ အကိုးအကားပြုစရာ တဦးဟာ စာစုတခုအဖြစ်ရပ်တည်ခဲ့ပါပြီ။ ဒီပုံစံဟာ လူထုကျောင်းထွက်တဦးရဲ့ပုံစံပါပဲ။

မောင်သစ်လွင်(လူထု) ဟာ ခုတော့ ဦးသစ်လွင် ဖြစ်လာပါပြီ၊ အသက်က ၈၄ နှစ် … တဲ့၊ ဦးခေါင်းဖြူနေပေ မယ့် လူကိုယ်ကတော့ မတ်မတ်ခိုင်ခိုင်နဲ့ ဓါးကိုင်ပြီး ကိတ်မုန့်လှီးနေပုံဟာ မြင်ရသူအပေါင်း အားကျ ဂုဏ်ယူဖွယ်ရာပါ။ အထက်ဗမာနိုင်ငံရဲ့ သတင်းစာဆရာတဦး၊ မန္တလေးမြို့ရဲ့ အကန်တော့ခံ စာရေးဆရာကြီးတဦး၊ လူထုတိုက်ထွက် စာရေးဆရာတဦးဖြစ်သူ၊ မောင်သစ်လွင်တယောက် အသက်ရာကျော်နေပြီး စာပေတွေ ဆက်လက်ပြု စုရေးသားနိုင်ပါစေသတည်း။

မောင်စွမ်းရည်
အဝေးရောက်လူထုသားတဦး
စက်တင်ဘာလ၊ ၇၊ ၂၀၁၈
နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts