ဆောင်းယွန်းလ ● စိတ်အပြင်ကို အလည်တခေါက်ရောက်တယ်
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၈
စိန်ခေါ်ကြည့်ဖို့ ရန်သူတော်တွေမရှိတဲ့နေရာနဲ့
တိမ်တွေကိုကျော်ကြည့်ဖို့ ကောင်းကင်မရှိတဲ့ ကမ္ဘာမှာ
ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်စရာ
မှန်တချပ်လည်း မလိုပါဘူး
ကိုယ့်ဂုဏ် ကိုယ်ပြန်ထမ်းဖို့
ပခုံးနှစ်ဖက်ပေါက်နေတဲ့ လမ်းလည်းမလိုပါဘူး
ကိုယ့်ခြေထောက်ပေါ် ကိုယ်တက်မရပ်နိုင်ပေမဲ့
ချိုင်းထောက်ပေါ်တက်ရပ်နေရတော့ကော
ဘာအကြောင်းလဲ
မတော်တဆ ခေါင်းကွဲခြင်းဟာ
ဝမ်းနည်းစရာတွေထဲက ဝမ်းမြောက်စရာသတင်းပဲ
ခေါင်းထဲကို ဉာဏ်တွေ လွယ်လွယ်ကူကူထည့်နိုင်တာပဲလို့
ဖြေတွေးကြည့်ရင် အားလုံးဟာကျေအေးစရာ
စိတ်ပျက်စရာအကြောင်းစုံကို
စိတ်မပျက်တမ်းပြောနေရတာကလည်း
နေ့စဉ်ရွတ်ဖတ်နေရတဲ့ တရားပဲ
ဖြေသိမ့်နေရခြင်းကို နှစ်သက်နေရ
မနှစ်သက်ခြင်းကိုပဲ ပြန်လည်ဖြေသိမ့်နေလိုက်ရနဲ့
ဒီသံသရာဟာ သံသယဖြစ်စရာမရှိအောင်ကိုလည်တယ်
ကိုယ့်မျက်စိတွေကွယ်သွားတဲ့အခါ
ဒီညဟာ အလှဆုံးပဲလို့ ရေရွတ်မယ်
ကိုယ့်နားတွေပင်းသွားတဲ့အခါ
ဒီသီချင်းဟာ အလင်းဆုံးပဲလို့  မြည်ကြွေးတမ်းတမယ်
ကိုယ့်အသိအာရုံတွေ ဆွံ့အသွားတဲ့အခါမှာတော့
ဘာမှမရှိတဲ့တရားကို
ပျားရည်ချိုတစက်လို မက်မက်စက်စက်တောင့်တမိမှာပေါ့
လောလောဆယ်မှာတော့
ကြောင့်ကြခပ်သိမ်းစေရေးအတွက်
စိတ်ရဲ့အပြင်ဘက်ကို ခဏထွက်ငေးနေလိုက်တယ်။
ဆောင်းယွန်းလ