ကဗျာ

မောင်သော်တာ ● ငါဖတ်နေတဲ့ကဗျာထဲက ၁၁ ယောက်မြောက်သမ္မတ

မောင်သော်တာ ● ငါဖတ်နေတဲ့ကဗျာထဲက ၁၁ ယောက်မြောက်သမ္မတ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၈

ဒီကောင်တွေက
ကဗျာမရခင်ကတည်းက မိန့်ခွန်းပြောချင်နေတဲ့ကောင်တွေပဲ
ငါတို့လူရွေးမှားပြီး ထီဆိုင်ကိုဖုန်းနံပါတ်ပေးမိခဲ့သလိုပဲ
နွားမွေးမြူရေးခြံထဲမောင်းသွင်းလိုက်တဲ့နွားတွေလို
အေတီအမ်စက်ထဲကထွက်ကျလာတဲ့ငွေစက္ကူတွေ
ဘာကွာသလဲ
ဒီကောင်တွေက
နွားနို့ညှစ်ဖို့ထက် နွားကိုသတ်စားဖို့ပဲတတ်တာ ….
အဲဒီမှာ လက်သန်းတွေပြတ်ကျကုန်တော့တာပဲ
သမ္မတတယောက်ဖြစ်ဖို့ ဈေးကွက်ထဲမှာ မဲဘယ်လောက်ဝယ်ရမယ်ထင်သလဲ
ခင်များတို့
ဒေးလ်ကာနက်ဂျီရေးတဲ့ ငါးမိနစ်အတ္ထုပ္ပတ္တိတွေထဲမှာရှာကြည့်
ဥုံဖွ …ပိုက်ဆံဆိုတဲ့ဗျူဟာထဲမှာဖြဲကြည့်
ဒေလ်ကာနက်ဂျီသိတာ ဘုံဖျားကလူလည်လူနတ်တွေ
ဟောဒီခြုံကြားမှာက သမ္မတဖြစ်မယ့်မီးခဲလေး
စားပွဲမှာထိုင်နေတုန်း ပိုက်ဆံတွေကိုမရေပါနဲ့အန်တီ
ဖဲဝိုင်းထပြန်မှ ပိုက်ဆံတွေကိုရေသလို
ငါ ကဗျာဘယ်နှပုဒ်ဖတ်ပြီးပြီလဲ
ငါဖတ်နေတဲ့ကဗျာထဲမှာ အခွန်ဥပဒေဘယ်နှခုပြဋ္ဌာန်းထားပြီလဲ
ငါ့မဲဆန္ဒရှင်ဘယ်နှယောက် ရေနစ်မြေပြိုလို့
ဘယ်နှယောက် ငတ်သေနေပြီလဲ
လိမ္မာတဲ့ဆွဲဖဲ ဘယ်နှဖဲ
လျှော်ဖဲ ဘယ်နှချပ်
လူထုရှေ့စကားပြောတဲ့အခါ ဘယ်တော့မှဟာသမလုပ်ပါနဲ့ ငါ့လူ
သဘာဝမေမေ့ကို ဘယ်တော့မှလှည့်စား အရူးမလုပ်ပါနဲ့
ဘယ်တော့မှ….
ပန်းတပွင့် ဘယ်တော့ပွင့်မလဲ ဥယျာဉ်မှူးကသိတယ်
ပန်းဝယ်ပြီး ဘုရားလှူမယ့်သူကတော့
ဒီပန်းဘယ်နှရက်ခံမလဲပဲ သိချင်တယ်
ဒါပဲ မိန့်ခွန်းရဲ့အနှစ်ချုပ်က ဒါပဲ
သမ္မတဆိုတာ လူလိမ်လူကောက်တယောက်မဟုတ်ဘူး
သူ့ရဲ့အတွင်းရေးမှူးမလေးကို အီစီကလီမလုပ်ဘူး
သမ္မတတယောက်ပြောဖူးတယ်
“ဈေးပေါတဲ့သူတွေကို ဘယ်သူမှမဲမထည့်ဘူးကွ”
ဒီကြားထဲကပဲ
ဒီကောင်တွေက
ပေါပေါသောသောနဲ့ သမ္မတဖြစ်ကြံချင်နေကြသေးတာ…..

မောင်သော်တာ
သြဂတ်စ် ၁၀၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts