သာထက်အောင် ဝေဖန်ရေးရာ

သာထက်အောင် – ဒီလိုနဲ့ မိုးကြီးချူပ်တော့မယ်

သာထက်အောင် – ဒီလိုနဲ့ မိုးကြီးချူပ်တော့မယ် 

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈

“ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ချာလပတ်ရမ်းနေတဲ့ ခြေတပေါင်ကျိုးအစိုးရ ….” ဆိုပြီး မိုးမခက ဆောင်းပါးတပုဒ်ထဲမှာ ကျွန်တော်ရေး ခဲ့ဖူးပါတယ်။ အဲဒါလေးကို ပိုမိုပြည့်စုံအောင် နည်းနည်း ထပ်ရေးပါရစေ။

မြန်မာ့ရေးရိုးရေးစဉ်အတိုင်း ပြဿနာပေါင်း သောင်းခြောက်ထောင်လို့ ရေးလိုက်ပေမယ့် တကယ်စာရင်းတို့ကြည့်ရင် ကချင်မှ က ပါလိမ့်မယ်။ နိုင်ငံရေး ၊ စီးပွါးရေး လူမှုရေး၊ ဘာသာရေး ကျန်းမာရေး၊ လုံခြုံရေး၊ ကုန်ဈေးနှုန်း၊ ရွှေဈေး ၊ ဒေါ်လာဈေး …  ပြောချင်တဲ့ အစတစကို ဆွဲထုတ်လိုက် ဆွေးနွေးငြင်းခုံလို့ ပြီးနိုင်ဖွယ်ရာ မရှိပါဘူး။ ဒါပေမယ့် နဖူးပေါ်လက်တင်ပြီး လေးလေးနက်နက် စေ့စေ့စပ်စပ် စဉ်းစားတွေးခေါ်ကြည့်လိုက် ရွှေပြည်ကြီးပြဿနာက တခုတည်းပါ။

လက်နက်နဲ့ အာဏာကို အရင်းပြုပြီး တိုင်းပြည်ရဲ့ စည်းစိမ် ဥစ္စာ ဘဏ္ဍာ၊ သယံဇာတကို မတရား ခိုးဝှက် ယူငင် ကြီးပွါးနေတဲ့ စစ်ဝါဒီတွေနဲ့ သူ့နောက်လိုက်တွေက တဖက်၊ စားဝတ်နေရေးအတွက် ခေါင်းမထူနိုင်တဲ့အပြင် အဖက်ဖက်က အဖိနှိပ်ခံနေရတဲ့ တိုင်းပြည်ဆင်းရဲတွင်းနက်နေရာက လွတ်မြောက်လိုတဲ့ ပြည်သူကတဖက်၊ ဒီဘက်၂ဘက်ရဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့နေတဲ့ ပဋိပက္ခသာလျှင် အဓိကတရားခံဖြစ်ပါတယ်။ တနည်းပြောရရင် ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ရဲ့ လူတန်းစားပြဿနာဖြစ်ပါတယ်။ ဓမ္မနဲ့ အဓမ္မတို့ရဲ့ အားပြိုင်မှု သာလျှင်ဖြစ်ပါတယ်။ ဒီလူတန်းစား၂ရပ်ရဲ့ အားပြိုင်ပွဲမှာ မင်း ဘယ်ဘက်က ရပ်မလဲဆိုတာ ကိုယ့်သမိုင်းပါပဲ။

ရွှေပြည်ကြီးမှာတော့ အဲဒီလူတန်းစား ၂ ရပ် အပြင် စစ်တပ်အားသာရင် စစ်တပ်မျက်နှာချိုသွေးလိုက် ၊ ဒီချုပ် အာဏာရမယ်ထင်ရင် ပင်နီတိုက်ပုံလေးဝတ်ပြီး “မေမေ့မထိနဲ့” ပြောလိုက် ၊ အဲဒီလူလည်ကြီးသားသမီး အချောင်သမားလူတန်းစားတရပ်ကလည်း ရွှေပြည်ကြီးမှာ ထုနဲ့ထယ်နဲ့ ရှိနေပါတယ်။ အလိုတော်ရိ ဆိုတာ ခေတ်တိုင်း စနစ်တိုင်းမှာ ရှိစမြဲပါ။

ဒါ့အပြင် နိုင်ငံရေးသုခမိန်ယောင်ယောင် ၊ တိုင်းပြည်ရဲ့ အနာဂတ်ကိုကြိုဟောမယ့် အကြံပေးပရောဟိတ်ယောင်ယောင်၊ ဘာစကားဝိုင်း ညာစကားဝိုင်းဆိုပြီး ဆရာကြီးယောင်ယောင်၊ လူထူထူရှိရင် သူထောင်ကျခဲ့တဲ့အကြောင်း တဖွဲ့တနွဲ့ ပြောတတ်သူ၊ ဖဲကြိုးလေးဖြတ်လိုက် မိန့်ခွန်းလေးခြွေလိုက် ၊ ညစာစားပွဲလေး တက်လိုက်နဲ့ နိုင်ငံ့အတွက် သိပ်အရေးပါတယ်လို့ ထင်တတ်တဲ့သူ ၊ ရိုက်တာသတင်းထောက် ၂ ယောက် ထောင် ၇ နှစ် လည်း ချလိုက်ရော မှားတယ် မှန်တယ် ယောင်လို့တောင် မဟ၀ံ့တော့။ စစ်အာဏာရှင်ပြုတ်ကျရေးဆိုတာ အဲသလောက်နဲ့ မရမှန်း သူတို့လည်း သိပါတယ်။ ဒါပေမယ့် လက်ရှိရထားတဲ့အနေအထားလေးကို သာယာမိန်းမောနေကြတော့ အရာလေးယွင်းမှာ စိုးတော့ မီးစင်ကြည့်ကနေကြတာ အများစုပါ။

ရေးရင်း မှတ်မိတာလေးတခု ရေးပြပါရစေ။ ၂၀၀၁ ခုနှစ်  အမေရိကားမှာ ကမ္ဘာကျော် 9/11 အရေးအခင်းကြီး ဖြစ်တာ မှတ်မိကြပါလိမ့်မယ်။ အိုစမာဘင်လာဒင်လက်ချက်နဲ့ twin tower ကြီး ပြိုကျ မီးလောင်ပြီး လူအတော်များများ သေကျေပျက်စီးခဲ့လို့ ကမ္ဘာကြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ရွှေပြည်ကြီးက စစ်အစိုးရသတင်းစာ ၂ စောင်က ဒီသတင်းကို ပျော်ပျော်ကြီးဖေါ်ပြပြီး ကြိတ်ဝမ်းသာနေပုံရပါတယ်။ ဒါကို ရိပ်မိတဲ့ အမေရိကန်အစိုးရက ကမ္ဘာအနှံ့ သံရုံးတွေကို စာပို့ပြီး လက်မှတ်ထိုးခိုင်းတဲ့အခါ တချို့က ကြားနေဖို့ ကြိုးစားကြပါတယ်။ အဲဒီမှာ သမ္မတ G W Bush က ကမ္ဘာကျော်စကားတခွန်း ပြောခဲ့ပါတယ်။ “If you are not with us , you are against us.”  – “ခင်ဗျား ကျုပ်တို့ဖက်မှာ မနေရင် ခင်ဗျားက ကျုပ်တို့ကို ဆန့်ကျင်တာပဲ” လို့ ပြောလိုက်တော့ အားရ၀မ်းသာဖြစ်နေတဲ့ စစ်အစိုးရ အမြီးကုပ်သွားပြီး သူတို့အဖေကြီးကိုယ်တိုင် သံရုံးသွားပြီး ၀မ်းနည်းကြောင်း လက်မှတ်ထိုးရတော့တာပါပဲ။ သူများအပေါ် အကြောက်တရားနဲ့ အနိုင်ယူတတ်သူဟာ သူကြောက်ရမယ့်သူနဲ့ တွေရင် ပြားနေအောင်ကြောက်တတ်ကြတာလည်း ယူတတ်ရင် သင်ခန်းစာပါပဲ။

ကနေ့ ရွှေပြည်ကြီး ကြုံတွေ့နေရတဲ့ပြဿနာအားလုံးရဲ့ ပင်မရေသောက်မြစ်က စစ်အာဏာရှင်ဆိုတဲ့ စနစ်ပါပဲ။ ဒါကို အမြစ်ကနေ မလှန်ဘဲ ဟိုကိုင်းလေး ညှပ်လိုက် ဒီကိုင်းလေး တိလိုက် လုပ်နေရုံနဲ့ မပြေလည်နိုင်ပါဘူး။ ကနေ့ ဒီချုပ် စွဲကိုင်ထားတဲ့ ရင်ကြားစေ့ရေးမူဟာ ကြားရသူအတွက် နားဝင်ချိုပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်ရဲ့ခေါင်းထဲမှာ လက်လွှတ်လိုက်ရတဲ့ အာဏာပြန်ရရေး ကလွဲလို့ ဘာနဲ့မှ ရင်ကြားစေ့လိုတဲ့ ဆန္ဒ္ဒမရှိပါဘူး။ တဖက်သတ်အလျော့ပေးပြီး အတင်းရင်ကြား လိုက်စေ့နေရင်တော့ စေ့ရင်း စေ့ရင်း စစ်တပ်ရင်ခွင်ထဲ ရောက်သွားပါလိမ့်မယ်။ ပြည်သူတွေ အားမရဘူးဆိုတာ ဒါပါ။

ဘယ်သူကမှ ၂ နှစ် အတွင်း စင်ကာပူလို ဖြစ်ရမယ်၊ ၃နှစ်ကျော််ရင် ဂျပန်လိုဖြစ်ရမယ်လို့ မမျော်လင့်ရဲကြပါဘူး။ အဲ … တခုတော့ရှိတယ်။ ထမင်းလေးတလုတ်တော့ အေးအေးချမ်းချမ်း ရှာဖွေစားချင်ကြတယ်။ မချမ်းသာဦးတော့ ကိုယ့်ရှိတဲ့ အသက်အိုးအိမ်စည်းစိမ်လေးတော့ လုံလုံခြုံခြုံ ရှိချင်ကြတယ်။ ဒီတာဝန်ကို အစိုးရဆိုတဲ့သူတွေက တာဝန်မယူ ဘယ်သူ ယူမှာတုန်း။ ခုတော့ ရန်ကုန် မန္တလေး အပါအ၀င်မြို့ရွာ လုံခြုံရေးကို ကိုယ့်ဖါသာ ယူရမလို ဖြစ်နေတယ်။

ကနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ကြည့်ရင် အရှေ့ အနောက် တောင် မြောက် ကွဲနေတဲ့ နိုင်ငံတွေ ပြန်လည်ပေါင်းစည်းသွားပြီ။ ဂျာမဏီ အရှေ့ အနောက် မရှိတော့၊ ဗီယက်နမ် တောင် မြောက် မရှိတော့။ ဟော… အခု ကိုရီးယား။ ခေါင်းဆောင်၂ယောက် ပွေ့ဖက်ကုန်ပြီ။ ကျွန်တော်တို့မှာတော့ ပြည်ထောင်စုလို့ တရားဝင်အမည်တွင်ပေမယ့် လက်တွေ့ဘ၀မှာတော့ အရှေ့လည်း မသွားရဲ၊ အနောက်ကတော့ ယောင်လို့တောင် ခြေမချရဲ ၊ မြောက်ဖက်မှာက KIA ကြီးနဲ့။ တလောက ရခိုင်တွေ ရှမ်းပြည်သွားတာ အဖမ်းခံရ ဆိုပဲ။ ရှမ်းပြည်ဝင်ခွင့်ဗီဇာ မပါလို့နဲ့တူပါတယ်။

လိုရင်းကို ပြန်ချူပ်ရရင် … ကနေ့တိုင်းပြည်ရဲ့ ပထမဦးစားပေးအလုပ်က မတော်မတရား အဓမ္မပြု ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို ဖျက်သိမ်းပစ်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ (ဦးဝင်းမြင့်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးရမှ ခြေဥပြင်ကြတာပေါ့လို့ ပြောထားတော့ စောင့်ကြပေဦးပေါ့။) ကြောက်စရာကောင်းလောက်အောင် ပျံ့နှံပြီး အမျိုးသားရေးကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေး။ နေ့တထိတ်ထိတ် ညတလန့်လန့် နေရတဲ့ မြို့ရွာ လုံခြုံရေး … တကယ်လုပ်ရမ့ယ်အလုပ်တွေမှာ မပီပြင်သလောက် ကိုယ့်အတ္တအစာကျွေးတဲ့ အလုပ်တွေမှာ အချိန်ကုန်နေတယ်လို့ ထင်ပါတယ်။

ဥပမာတခု ပြရရင် ပစ္စည်းမမက်နိုင်ပဲ လူတောင် အနိုင်နိုင် အသက်လုပြေးရတဲ့ ဆွာရေဘေးမှာ လူထုခေါင်းဆောင်ကြီး သွားရောက် အားပေး နှစ်သိမ့်တာ မတွေ့ရပဲ အင်မတန်စိတ်ပျက်ဖို့ကောင်းတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာတော့ မင်းသမီးတွေနဲ့ အပြိုင်တွေ့လိုက်ရပါတယ်။
တကယ်တော့ ဒါကလည်း သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရှေးဘုရင် မင်းအဆက်ဆက်ကနေ ခုထိ တိုင်းပြည်ကြီးပွါးရာကြီးပွါးကြောင်း လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ မင်းမှ ဖြစ်လာရင်တော့ သားစဉ်မြေးဆက် ဥဒါန်းတွင်ရစ်အောင် ဘုရားတော့တည်ကြပါတယ်။ ပြည်သူတွေကလည်း ဘုရားတည်တဲ့ဘုရင်ဆိုရင် မင်းကောင်းမင်းမြတ်လို့ ထင်တတ်ကြပါတယ်။ အဲသလိုနဲ့ မင်းအဆက်ဆက် တည်လာလိုက်ကြတဲ့ဘုရားတွေ …။ ဦးနုကလည်း သူ ၀န်ကြီးချုပ်ဖြစ်တော့ ကမ္ဘာအေးစေတီ တည်ပါတယ်။ ဗိုလ်နေ၀င်းကလည်း သူ ဘုရင်ဖြစ်တော့ ရွှေတိဂုံဘုရားနဲ့ တလမ်းခြား မလှမ်းမကမ်းမှာ မဟာဝိဇယစေတီ တည်ပါတယ်။ ဘုရားတကာက သူတော်ကောင်းမဟုတ်တော့ ဘုရားမှာ ကျီးနဲ့ ဖုတ်ဖုတ်ပါ။ လူသတ်ပြီး နန်းရလာတဲ့ ဗိုလ်သန်းရွှေကလည်း အားကျမခံ သာသနဒါယကာဘွဲ့ခံဖို့ နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီ တည်ပါတယ်။ ပဒေသရာဇ်ဥာဉ် မစင်တဲ့ မင်းတရားကြီးတွေ ဘုရားပုထိုးစေတီတည်တာ မဆန်းလှပေမယ့်၊ ပြည်သူတွေ လှိုက်လှိုက်လဲလဲ ရွေးခြယ် တင်မြှောက်လိုက်တဲ့ ၊ အောက်စဖို့ကျောင်းထွက် နိုင်ငံတကာ အသိအမြင်ကြွယ်တဲ့ ကျုပ်တို့ ဒီမိုကရေစီမိခင်ကြီးကလည်း အာဏာရပြီး ၂ နှစ်အတွင်းမှာ ထာဝရငြိမ်းချမ်းရေးစေတီကြီး တည်လိုက်တော့ … အင်း… ဒီကုလားထိုင် ထိုင်ရင် ဒီချီးပဲ ပါတယ် ဆိုတဲ့စကား မမှားတန်ဖူးလို့ ပဲ အောက်မေ့လိုက်ရပါတယ်။ ဘုရားထီးတင်ပွဲ နွှဲဖို့ ကျွန်တော် အားခဲထားပါတယ်။ ကျွန်တော်တို့ အညာဘုရားထီးတင်ပွဲ အလွန်ပျော်ဖို့ ကောင်းပါတယ်။ အငြိမ့်ပွဲ ဇာတ်ပွဲတွေ ပါသလို ခြောက်ကောင်ဂျင် လေးကောင်ဂျင် ၀ိုင်းတွေလည်း ပါပါတယ်။ ဒိအပြင် ဘောလီဘောပွဲ၊ ခြင်းအလှခတ်ပြိုင်ပွဲတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ရေနံချောင်းက ဇွဲလုလင်ခြင်းအဖွဲ့ဆိုတာ နံမည်ကြီးပါ။ ခုတော့ ရှိတော့မယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒေါ်စုဘုရား ထီးတင်ပွဲမှာ ခြင်းကို ကွေးနေအောင် ခတ်တတ်တဲ့ နိုင်ငံတော်သမ္မတကြီးကို ပွဲသွင်းပြီး လက်မှတ်တစောင် တသိန်း ဆို နိုင်ငံတော်စီးပွါးရေး ဦးမော့လာမလားလို့ တွေးမိတွေးရာ တွေးနေမိပါတယ်ဗျာ။ ။

(သာထက်အောင် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts