သတင်းဆောင်းပါး သန်းဌေးမောင် ရေခြားမြေခြား မြန်မာများ နိုင်ငံတကာရေးရာ
အမေရိကန်ရောက် မြန်မာပန်းချီဆရာ သန်းဌေးမောင် မိုးဖီးမြို့မှာ ပန်းချီပြ
အမေရိကန်ရောက် မြန်မာပန်းချီဆရာ သန်းဌေးမောင် မိုးဖီးမြို့မှာ ပန်းချီပြ
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈
စက်တင်ဘာ ၂၄ကနေ ၃၀ အထိ သူနေထိုင်ရာ မိုးဖီးမြို့ ၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ (MOOREFIELD WV)၊က နယ်စာကြည်တိုက် အသစ်ပြုပြင်ဖွင့်ချိန်မှာ သူလတ်လတ်ဆတ်ဆတ် ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ တကိုယ်တော်ပြပွဲ လုပ်နေပါတယ်။ သူ့ဖာသာသူ ပန်းချီဆွဲ၊ သူ့ဖာသာ ပန်းချီကားတွေ ချိတ် (မိတ်တွေတွေက ကူ)၊ သူ့ဖာသာ ပြခန်းစောင့်လုပ်ပြီး ၀င်ကြေးအခမဲ့နဲ့ ပန်းချီကားပေါင်းများစွာ ပြသထားပါတယ်။
ပြုံးပါ … ကြက်သားစက်ရုံက ညဂိုဏ်း အလုပ်ကြမ်းသမားကြီး၊ စက်တင်ဘာ ယခုလ အဆိုပါလ၏နောက်ဆုံးပတ်တွင် တယောက်ထည်းဆိုသလိုရေးထားမိခဲ့သည့်ပုံလေးများ – ဆိုလိုရှိုးလေး ချိတ်ဆွဲပြသရန်ရှိပါသဖြင့် စာမလာသတင်းမကြားရသည်မှာ  ကြာပြီဖြစ်ခဲ့ပါသည်။  ခုဖေ့စဘွတ်ထဲ သူပြန်လာပြီ ။သူပြန်လာခဲ့ပါပြီ ။ အမာရွတ်လေးတွေတောင်မရှိဘူး – သူ့လက်မှာ။ မိုဟာမက်သန်းဌေးမောင် … ။ သူဒီနေ့ဆွဲဖြစ်ခဲ့တဲ့ကားလေးပါ။ ပန်းချီကားနာမည်က “Say Cheese” ။ စက်တင်ဘာ၊ ၄၊၂၀၁၈။
မိုးမခရဲ့ ပင်တိုင် မေတ္တာရိ ပန်းချီဆရာ သန်းဌေးမောင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖေ့စ်ဘွတ်ကနေ ပျောက်ကွယ်သွားပြီး ပန်းချီကားတွေ ဖိဆွဲနေပါတယ်။ တဖက်ကလည်း မြို့ကလေးရဲ့ ကြက်သားစက်ရုံမှာ ညဂိုဏ်းအလုပ်သမားအဖြစ် ဘ၀ဇာတ်ကို ကနေပါသေးသတဲ့။ သူ့လက်ရာလေးတွေမှာ သူ့အမှောင်တခြမ်းက ဘ၀ကိုလည်း မြင်နိုင်ပါသေးတယ်။
လက်ဆင့်ကမ်း။ စက်တင်ဘာ၊ ၅၊၂၀၁၈။
ဇောဖြစ်လို့  ဇွဲညှစ်ပြီး ဇျာန်ဝင်ခဲ့မိသော နူးနူး ညံ့ညံ့ ရဲရဲ ရမ်းရမ်း ကြမ်းကြမ်း ဆန်းဆန်း မုန်တိုင်းတွေကြားက
မိုးစက်မှုန်တွေအောက်က  စိတ္တဇလောင်ကြွမ်းမှု မီးတောက်မီးလျှံ ဆေးစက်ရောင်စုံပန်းပွင့်များ
အမေရိကန်က မြို့ငယ်လေးတွေမှာ community ရပ်ရွာရဲ့ လက္ခဏာ စာကြည့်တိုက်တွေ ရိပ်သာတွေ ရှိပြီး အဲသည်မှာ ရပ်ပွဲ ရွာပွဲ အနုပညာ ဂီတ စာပေ ပွဲတွေ လုပ်ကြလေ့ စုဝေးကြလေ့ရှိပါတယ်။ အဲသည်မှာ ပန်းချီသန်းဌေးမောင်လည်း ရပ်ရွာသားတဦးပီပီ ၀င်ရောက်ဆင်နွှဲတာကို တွေ့ရတာ ဖြစ်ပါတယ်။
 ၂၁ရက်သောကြာနေ့ က စပြီးပန်းချီကားတွေချိတ်ပါတယ် တယောက်ထဲ ဂျိတ်တွေ ကြိုးတွေလည်း တပ်ရတာဆိုတော့မပြီးပါဘူး၊ ဒီနေ့ ၂၂ရက် စနေနေ့ကတော့ ကိုဒေးဗစ်တို့မောင်နှမတွေ လာကူကြလို့ အားလုံး နံရံပေါ်မှာ တနင်္လာနေ့အတွက် အဆင်သင့် ဖြစ်ပါပြီ ။ စိတ်ရောကိုယ်ပါ အားတက်သရောကူညီခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား ညီငယ်နဲ့ တူ တူမများကျေးဇူးကို အမြဲတမ်းအမှတ်ရနေမှာပါ ။
ပြပွဲပထမနေ့ မိုးလေးတဖွဲဖွဲမှာ မိုးကောင်းကင်နဲ့ ပင်လယ်ကို ဘယ်လိုပိုင်းခြားသတ်မှတ်မှာလဲ။ လိုင်းနဲ့လား အရောင်တွေနဲ့လား
သဘာဝကျကျ ရိုးရိုးရှင်းရှင်းညှို့ငင်မှုတွေနဲ့လား။ ပေါင်းစပ်ထားတဲ့လမ်းကြောင်းပေါ်မှာပဲ စိတ်လှုပ်ရှားမှုတွေနဲ့
အလိုလျှောက်ထင်မြင်လာစေမှာလား။ စာသားတွေမပါဘူး စကားလုံးတွေရှိမနေပါဘူးဆိုတဲ့ သုံးကြောင်းကဗျာလေးတပုဒ်လိုလား ။ အဲဒီလို ဟိုလိုလို ဒီလိုလိုလေးတွေနဲ့  ဇဝေဇဝါလမ်းဆုံမှာရပ်နေတုန်း အဲ့ဒီ အဆိုပါစေ့ဆော်မှုတွေကြောင့်ပဲ ခင်ဗျားနဲ့ ပန်းချီကားနဲ့
တစ်သားတည်းဖြစ်လို့။ ဘာရယ်မဟုတ်ပါဘူး။ ဈေးဦးပေါက်နှစ်ကားရောင်းပြီးကြောင်း သတင်းကောင်းပြောမလို့ပါ။
သူတို့ဤအရာများကို နှစ်သက်ကြသည်။ ၂၀၁၅တုန်းက fbမှာ ” ဒီမြို့ကို ဒီနေရာကစသိမ်းတယ် ” ဒီလိုစာသားလေးနဲ့ ဒီပုံလေးကို တင်ခဲ့ဖူးပါတယ် ။ အခုတော့ပြပွဲတတိယမြောက်မနေ့ကစပြီး ကျနော်ဆက်သိမ်းစရာမလိုတော့ဘူး။  နံရံပေါ်မှာ ဒီပုံလေးနဲ့ယှဉ်ရက်ချိတ်ထားတဲ့ မေမေ့ပုံလေးကတော့ လိုချင်သူတွေများနေပေမယ့် နော်ဖောဆေး ပါလို့ သူတို့ကိုပြောပြောနေရတယ်။ (နော်ဖောဆေး – not for sale)
၂၀၁၅တုန်းက fbမှာ ” ဒီမြို့ကို ဒီနေရာကစသိမ်းတယ် ” ဒီလိုစာသားလေးနဲ့ ဒီပုံလေးကို တင်ခဲ့ဖူးပါတယ်။
စာကြည့်တိုက်က အသစ်တော့မဟုတ်ပါဘူး။ အဆောက်အဦအဟောင်းလေးကို ရီနိုဘေးရှင်းပြန်လုပ်ပြီးစ အသစ်ပေါ့ ။ အဲ့ဒီမှာ ပထမဆုံးစပြခွင့်ရတာ ။ပြခန်းကိုကွကိုယ်စောင့်ပြီး ကွကိုယ်ရောင်းရတာ။ ရာသီဥတုက အားကစားသမားတွေအကြိုက်။ မိုးအေးတော့ လူမဝင်။ မနေ့ကဆို ကြက်ဥမကွဲဘူး ။ ဒီနေ့တော့ လူ၂ဝလောက်တော့လာကြပါတယ်။ မနက်၈း၃၀ကနေ ညနေ၅း၀၀ရီအထိဆိုတော့ ။ ကြားထဲလူမလာတဲ့အချိန် စာကြည့်တိုက်ထဲ စာအုပ်တွေမွှေလိုက် ။ စကက်ခ်ျ ဘွတ်ထဲ စိတ်ကူးတဲ့ရာ ရေးချစ်လိုက်နဲ့။ အဲ့ဒီစာအုပ်ထဲက ဒီနေ့ရေးဖြစ်တာလေးရယ် … ၂၀၁၇တုန်းက လွမ်းချင်းလေးတပုဒ်ပါ ရောတင်ပေးလိုက်တယ်။
ပန်းချီသန်းဌေးမောင်တယောက်ကတော့ တကိုယ်တော်ပန်းချီဆွဲရင်း တကိုယ်တော်ပန်းချီပြပွဲလေး ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။ ပန်းချီအနုပညာသည်တဦးအဖြစ် ဆက်လက် အောင်မြင်စေကြောင်း မိုးမခက ဆုတောင်းလိုက်ပါတယ်။ မိုးမခအတွက်လည်း ဆက်လက်ပြီး မေတ္တာများနဲ့ ပန်းချီများ မျှဝေပေးနိုင်စေကြောင်း ထပ်လောင်း ဆုမွန်တောင်းလိုက်ပါတယ်။ ဓာတ်ပုံတွေအားလုံး သန်းဌေးမောင် ဖေ့စ်ဘွတ်က ယူပါတယ်။ ခွင့်လည်း မတောင်းပါဘူး။ အချင်းချင်းတွေပဲ ခွင့်တောင်းစရာ လိုလို့လား။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts