ရသဆောင်းပါးစုံ လှကျော်ဇော

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၁)

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၁)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂ဝ၁၈


● ဦးပိုင်ရဲ့မိခင် (ဘီ-အီး-ဒီ–စီ-ဗမာနိုင်ငံစီးပွားတိုးတက်ရေးကော်ပိုရေးရှင်း)

အခုတလောရလာတဲ့စာအုပ်တအုပ်ဖတ်ပြီးမှ၊ တပ်မတော်က ဘာလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အသေအလဲကာကွယ်နေသလဲဆို တာ သဘောပေါက်မိတယ်။ တဆက်တည်းမှာပဲ၊ ဗမာပြည်ကြီး ငြိမ်းချမ်းတိုးတက်စေချင်ရင်ဖြင့် ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးက ကာကွယ်ပေးထားတဲ့ စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းလင်းပစ်ရမယ်ဆိုတာလည်း ပြတ်ပြတ်သားသားမြင်လာမိပါတယ်။ဒါဟာ၂၁ ရာစု တိုင်းချစ် ပြည်ချစ် ဗမာပြည်သားတိုင်းရဲ့ပုခုံးပေါ် သမိုင်းကတင်ပေးလိုက်တဲ့တာဝန်ဖြစ်ပါတယ်။

ဒီစာအုပ်ဖတ်နေရင်းလည်း ၁၉၆ဝ ခုနှစ်များက ခေတ်စားခဲ့တဲ့စကားလုံးများကို သတိရနေမိပါတယ်။ “ကမ္ဘာလောကကြီးမှာ အာဏာဟာ အရသာအရှိဆုံး” တဲ့။ မဒမ်နုဆိုတဲ့ တောင်ဗီယက်နမ်က စစ်အာဏာရှင်ကြီး ငိုဒင်ဇင်ရဲ့ခယ်မက ပြောဖူးတဲ့ စကားပါ။

ဗမာပြည်ကြီးမှာကတော့အခွင့်ထူးခံလက်တဆုပ်စာဗိုလ်ချုပ်ကြီးများအတွက်အတော်မှန်တဲ့စကားပါပဲ။

အခုတစုံတရာပွင့်လင်းလာတဲ့ကာလမှာထွက်ပေါ်လာတဲ့ စာအုပ်စာတမ်းမှတ်တမ်းများအရ ဗမာပြည်ရဲ့စစ်အာဏာရှင် အဆက်ဆက်ရဲ့ ပုံပျက်ပန်းပျက်သဏ္ဌာန်စုံတွေ (အထူးသဖြင့် ပြည်သူ့ဘဏ္ဍာတွေကို အမွေရထားတဲ့သူဌေးသားတွေလို သုံးဖြုန်းမှုတွေ၊ စာရင်းပျောက်လုပ်ခဲ့တာတွေ) တွေ့လာရတာ ပြည်သူတရပ်လုံးအတွက် အတော်တန်ဖိုးရှိပါတယ်။

“သြော် ဒါ့ကြောင့် တို့တတွေ ဒီလောက်ဆင်းရဲတွင်းနက်ခဲ့ကြရတာကိုး” တဲ့။ ဖိလစ်ပိုင်မှာ အာဏာရှင်မာကိုစ့်ရဲ့ဇနီး သမ္မတ ကတော်ဘဝကစီးခဲ့တဲ့ဖိနပ် အရံပေါင်းရာကျော်ကိုပြသထားတဲ့ပြပွဲကိုကြည့်ပြီးနောက် ဖိလစ်ပိုင်ပြည်သူတဦးက ရည်ရွတ် ဖူးတဲ့ ဒီစကားကိုပြန်သတိရစရာပါပဲ။

ဒါတွေဟာ ဒီစနစ်ကြီးကို ဘယ်တော့မှပြန်မရောက်စေရဘူးဆိုတဲ့ ပြည်သူလူထုကြီးတရပ်လုံးရဲ့သိန္နိဋ္ဌာန်ကိုလည်း ပိုခိုင်မာ စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအဖြစ်အပျက်တွေကို ပြန်လည်မှတ်တမ်းတင်ရေးသားပေးသူများကိုလည်း ကျေးဇူးတင်သင့်ပါ တယ်။ ဗမာပြည်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် သဲတပွင့်အုတ်တချပ်အဖြစ် အကျိုးပြုပါတယ်။

၂ဝ၁၆ က မိုးကျော်စာပေကထုတ်ဝေလိုက်တဲ့ ကြည်ဝင်းစိန်ရေးတဲ့ တော်လှန်ရေးကောင်စီလက်ထက် ကျွန်တော်နှင့် ဗိုလ် ချုပ်ကြီးများစာအုပ်ဟာ အဲသလိုမျိုးစာအုပ်ပါ။

စာအုပ်ရေးသားသူ ကြည်ဝင်းစိန်ဟာ ၁၉၅၃ ခုနှစ်ကစလို့ (ပုသိမ်အထက်တန်းကျောင်းသားဘဝ) စစ်တပ်ရဲ့စစ်ဗိုလ်အကြီး တန်း (ပထမဆုံး တပ်မဟာမှူး ဗိုလ်မှူးကြီးသောင်းကြည်) အဆက်ဆက်တွေရဲ့ မွေးမြူပြုစုထောက်ပံ့ခံခဲ့ရသူပါ။ အဲဒီက တည်းက (အရပ်သားထဲကတဦးတည်း) ထောက်လှမ်းရေးသင်တန်းတက်ခွင့်ရသူဖြစ်ခဲ့ပြီး၊ ဘေးပတ်ဝန်းကျင်ကလူများ၊ အသင်းအဖွဲ့များ စတာ စတာတွေရဲ့သတင်းတွေကို စုဆောင်းပေးခဲ့ရတာပါ။ နောက် ထောက်လှမ်းရေးတာဝန်ခံ (နှုတ်ခမ်း မွှေး) ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်အောင်ကြီး စသဖြင့် အဲဒီခေတ် အာဏာအရှိဆုံး သြဇာအထက်ဆုံးလူကြီးများရဲ့ယုံကြည်စိတ်ချစွာတာဝန်တွေကို အလွန်လျှို့ဝှက်စွာလုပ်ဆောင်ခဲ့ရသူပါ။ အထူးသဖြင့် မဆလခေတ် ဘီ-အီ-ဒီ-စီအကြောင်းတွေ အတော်ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ ဒီစာအုပ်ရဲ့ အဖိုးအတန်ဆုံးအခန်းပါ။

ဒါတွေကို သူကပြန်ရေးသားရာမှာ ကျွဲကူးရေပါ တခြားနိုင်ငံရေးသမားအကြောင်းများ၊ တခြားခြစားမှုများ၊ လက်သည်မပေါ် ခဲ့တဲ့အမှုများ၊ စတာတွေအပါ သူသိသမျှတွေပြန်ရေးသားထားချက်များဟာ သမိုင်းတန်ဖိုးရှိလှပါတယ်။ (တချို့ဆို နာမည် အတိအကျနဲ့ကို ဖော်ထုတ်ရေးသားထားပြီး၊ တချို့ကိုတော့ နာမည်မဖော်ပေမယ့် မှန်းဆလို့ရနိုင်အောင်ကို ရေးသားထားတာ တွေ့ရပါတယ်။)

ဥပမာ– ဖဆပလခေတ်ဝန်ကြီးများရဲ့ ပညာတော်သင်ဆုများချီးမြှင့်ရာမှာ လက်သင့်ရာစားတော်ခေါ်တဲ့ကိစ္စမျိုး။

— ရှေးဟောင်းနိုင်ငံရေးသမားကြီး (ဥပမာ-သခင်ဗစိန်) များထံအင်္ဂလန်ကကုမွဏီတွေက ငွေတွေပို့ပေးနေတာမျိုး။

— အစိုးရဌာနကြီးများ (ဥပမာ-မီးရထားဌာန) က နိုင်ငံခြားကုမွဏီများနဲ့ပေါင်း လာဘ်စားခဲ့မှုများ။ (ဒီအခန်းမှာတော့ မီးရ ထားဌာနအရာရှိကြီးများဇနီးတွေ အာဏာအထက်ဆုံး ခေါင်းဆောင်ဇနီး (ဒေါ်ခင်မေသန်းကို ဆိုလိုဟန်ရှိ) နဲ့ ပေါင်းလုပ်ကြ တယ်တဲ့။ ဒါ့အပြင် အဲဒီကာလ အမေရိကန်သံအမတ်ကတော် (ဗိုလ်ချုပ်ကြီးမာရှယ်သမီး) နဲ့လည်း အဲဒီခေါင်းဆောင်ကြီး ဇနီးကပေါင်းပြီး မိုးကုတ်သွားကျောက်တွေ ဈေးအဆမတန်နှိမ်ဝယ်၊ ပြီးတော့ ဘန်ကောက်ဈေးဝယ်ထွက်တယ်ဆိုပြီး သွား ရောင်း (ဟိုခေတ်တုန်းကတည်းက ဒီဇတ်လမ်းမျိုးတွေရှိခဲ့တာကိုး) ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လွင်တို့ တိုးတိုးတိတ်တိတ် ကြိတ် ပြီး အမေရိကန်အစိုးရကို အဲဒီသံအမတ်ပြန်ခေါ်ခိုင်းလိုက်ရသတဲ့။

— ဗိုလ်နေဝင်းရဲ့ (အဲဒီကာလဇနီးဖြစ်သူမပြောနဲ့) ဇနီးဟောင်းဒေါ်တင်တင်ကတောင် မင်းဘဏ္ဍာဝင်နှိုက်ခဲ့တဲ့အကြောင်း တွေလည်း ပါပါတယ်။ (နှာ-၁၂၈  အမ်-အီး-အိုငီ-စီ နှင့် ဒေါ်တင်တင်)။

ဒါ့အပြင် ဗိုလ်နေဝင်းကို ပုခုံးနဲ့ထမ်းတင်ပေးခဲ့တဲ့ ဗိုလ်မောင်မောင်-ကြည်း- ၃၅ဝ၇ (ထောက်လှမ်းရေးဌာနတို့၊ ကာကွယ်ရေး စစ်တက္ကသိုလ်စတာများကို တည်ထောင်ပေးခဲ့သူ ဗိုလ်မှူးချုပ်-သံအမတ်ကြီး) ရဲ့အဖြစ်အပျက်များ။–(ဥပမာ-၁၉၄၉-ကေ-အင်-ဒီ-အိုများရဲ့အဖမ်းခံထားရစဉ်ကတည်းက-အမေရိကန်စီ-အိုင်-အေက မွေးစားထားတာဖြစ်ကြောင်း-) စတာတွေပါ ပါ တယ်။ ဗိုလ်မောင်မောင်ရဲ့အာဏာသိမ်းရန်ကြံစည်တဲ့အခန်းများကလည်း (တခြားမူကွဲများလည်းရှိပေမယ့်)စိတ်ဝင်စား စရာပါ။ (နှာ-၁၁၇။ မုန်တိုင်းအစ တပ်တွင်းက) ဒါတွေကိုပြန်ပြောပြတဲ့ ဗိုလ်အောင်ကြီးရော၊ ဗိုလ်ခင်ညိုကရော သူတို့အပါအ ဝင် ကာယကံရှင်များကွယ်လွန်မှ ထုတ်ဖော်ရေးသားဖို့ မှာခဲ့သတဲ့။

ဗိုလ်နေဝင်းရဲ့စရိုက် (ကြေးမုံဦးသောင်းစကားနဲ့ပြောရင်) ဂေါ့ဖားသား (ဒုစရိုက်ဂိုဏ်းခေါင်းဆောင်) လက္ခဏာတွေကိုလည်း ဟိုတကွက် ဒီတကွက်တွေ့ရပါတယ်။ တချို့နိုင်ငံရေးသမားဟောင်းကြီးများက ဗိုလ်နေဝင်းကို ဗမာပြည်ရဲ့ ချန်ကေရှိတ်လို့ ခေါ်တာကြားဘူးပါတယ်။ သိပ်မလွန်ပါဘူး။

ဒီစာအုပ်ရဲ့စာမျက်နှာ- ၁၄ဝ ကစလို့ ၁၉၆၂ တော်လှန်ရေးကောင်စီတက်အပြီး ဗမာပြည်စီးပွားရေးတခုလုံးကို စစ်တပ် (စစ် အုပ်စုထိပ်သီးတချို့ ထိုအချိန်က ဗိုလ်အောင်ကြီး) က ဘယ်လိုချုပ်ကိုင် သုံးစွဲ (ပိုတိကျစွာပြောရရင် အလွှဲသုံးစား) ခဲ့တယ်၊ ဘယ်လိုစာရင်းတွေဖျောက်ခဲ့တယ်၊ ဘယ်လိုလူမွေးခဲ့တယ်၊ ဘယ်လိုအပြန်အလှန်အာဏာတွေသိမ်းခဲ့ကြတယ်၊ နောက်ဆုံး ဘယ်ကို (ဗိုလ်နေဝင်းဆီ) ရောက်သွားတယ် စတဲ့ စတဲ့ (ပြည်သူလူထုအများစုကြီးမသိသေးတဲ့) အလွန်စိတ်ဝင်စားဖွယ်ရာ သမိုင်းဆိုင်ရာအချက်အလက်များကိုတွေ့ရပါတယ်။ အထူးသဖြင့် လန်ဒန်မှာသွားဖွင့်ခဲ့တဲ့ ဘားမားထရိတ်ကုမွဏီအကြောင်း အတော်ပြည့်ပြည့်စုံစုံပါပါတယ်။ ကြည်ဝင်းစိန်အပါအဝင် အဲဒီကုမွဏီဝန်ထမ်းတွေကို အင်္ဂလိပ်တွေက ဝယ်ဖို့ကြိုးစားတဲ့အ ကြောင်းတွေလည်း ပါတယ်။

ဒီစာအုပ်ကိုရေးသားသူ ကြည်ဝင်းစိန်က အင်္ဂလိပ်လိုရေးတာ စာမျက်နှာ (၅ဝဝ) ကျော်ရှိတာ မြန်မာဘာသာပြန်က (၂ဝဝ) ကျော်ပဲရှိလို့ အပြည့်အစုံဖတ်ချင်ရင် မူရင်းစာအုပ်ကိုဖတ်ဖို့ ညွှန်းထားပါတယ်။ ဒီစာအုပ်မှာတော့ စာရေးသူဟာ လူတချို့ကို သာ နာမည်ဖော် တွယ်ထားပါတယ်။

ဥပမာ- နှာ ၁၅၈ -ဗွီ-အိုင်-ပီရောဂါတမျိုးဆိုတဲ့အခန်းမှာ ဆေးကုလာကြတဲ့တော်လှန်ရေးကောင်စီဝင်များ (ဗိုလ်နေဝင်းအပါ)စားရိတ်များကို ဗိုလ်အောင်ကြီးက လူမှုရေးကူညီမှုပြပြီးစာရင်းက ပယ်ဖျက်ပေးတယ်တဲ့။

— ထိုအထဲမှာ စတာလင်ပေါင် သောင်းဂဏန်းနှင့်ယူသွားပြီး သုံးဖြုန်းပစ်သူက ထိုစဉ်က နံပါတ် (၃) ဟုခေါ်ဆိုနိုင်သော-ဗိုလ်မှူးချုပ်တင်ဖေဖြစ်သည်လို့ ရေးထားပါတယ်။ ကျန်သူများကို နာမည်မဖော်ပေမယ့် …
— နိုင်ငံတော်အကြီးအကဲ ခရီးသွားလျှင်သုံးစွဲသည့်အတိုင်း သုံးဖြန်းနေခြင်းဖြစ်သည်။ မြန်မာပြည် နံပါတ် ၃ အဆင့်ပုဂ္ဂိုလ်
ဖြစ်၍ ထိုအဆင့်နှင့်လျှော်ညီစွာသုံးစွဲရမည်ဟု အယူရှိပုံရသည်လို့ အဆုံးသတ်ထားပါတယ်။

ဒီမှာ အထွတ်အထိပ်အခန်းကတော့-၁၉၆၃ ဗိုလ်အောင်ကြီးပြုတ်အပြီး ဘီ-အီး-ဒီ-စီတခုလုံး (အထူးသဖြင့် လန်ဒန်ကုမ္မဏီ တခုလုံး) ဗိုလ်နေဝင်းလက်ရောက်သွားတဲ့ဖြစ်စဉ်ပါ။ ဗိုလ်အောင်ကြီးက ကြည်ဝင်းစိန်ထံကို ရန်ကုန်က ပါးကိုက်လာရင်-နား ပြန်မကိုက်ဖို့ သတိပေးခဲ့သတဲ့။ ဒါ့ကြောင့် ကြည်ဝင်းစိန်ကို လန်ဒန်က ငွေရေးကြေးရေးကိစ္စတွေရှင်းခိုင်းတော့ ဗိုလ်လွင်ရဲ့-ဗိုလ်နေဝင်းတဦးတည်းကိုသာ တင်ပြရမယ်ဆိုတဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ပြီး (အဲဒါတွေအားလုံးကို လာလွှဲယူတဲ့ အထူးအဖွဲ့ဟာလည်း ဗိုလ်နေဝင်းခေါင်းခေါက်ရွေးချယ်စေလွှတ်လိုက်သူများဖြစ်တယ်တဲ့) သူရန်ကုန်ပြန်ရောက်ပြီးနောက်အဲဒီကုမ္မဏီကစာရင်းဖျောက်ထားတာတွေမေးမြန်းတော့လည်း အဓိကထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ချစ်ခင် (အဲဒီအချိန် ဗိုလ်လွင်က သံအမတ်ဖြစ်သွားပြီ) တဦးတည်းကိုပဲပြောပြမယ်ဆိုပြီး ငွေစာရင်းအပြည့်အစုံဘောက်ချာများပါ ထည့်ထားတဲ့စာအိတ်အဝါကြီးကိုအပ်လိုက်တော့ အဲဒီစာရင်းတွေကိုကြည့်ပြီး ဗိုလ်ချစ်ခင်က ကြက်သေသေသွားသတဲ့။

အဲသလိုဖော်ထုတ်လိုက်မှပဲသူ့ကိုထောက်လှမ်းရေးကစစ်ဆေးမေးမြန်းနေမှုများလည်း ရပ်သွားပြီး (တော်သေးတယ်။ နှုတ် ပိတ်မပစ်တာ) နောက်ကာလတပိုင်းအကြာမှာ နိုင်ငံခြားထွက်ခွင့်ပြုလိုက်တာပါပဲ။ သြော် ဒါကြောင့်ပဲ စစ်တပ်အခွင့်ထူးခံဗိုလ် ချုပ်ကြီးများက ဒီမိုကရေစီစနစ်ကို ကြောက်ကြတာကိုး။

ဗမာပြည်သူတရပ်လုံးအတွက်ကလည်း မိမိတို့ပြည်သူတရပ်လုံး (တပ်မတော်အပါအဝင်) လွတ်မြောက်ဖို့ဆိုရင် ဒီအခွင့်ထူးခံ စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းပစ်ရမှာပါ။ ဒါ့ကြောင့်ပဲ ဒီစနစ်ကြီးကို ကာကွယ်ထိမ်းသိမ်းပေးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ် ချုပ်ပုံကိုပြင်ဆင်ခြင်း ဖျက်သိမ်းခြင်းတွေ လုပ်ရပါလိမ့်မယ်။

လှကျော်ဇော
၁၂၊ ၉၊ ၂ဝ၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts