မြင့်အောင်သန့် – ရန်လိုနေတဲ့ကဗျာ

ရန်လိုနေတဲ့ကဗျာ
မြင့်အောင်သန့်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈

ချစ်သူတွေဖြတ်သန်းခွင့်
မပြု
အပူရှိန်ကဲ
မီးကျီးခဲတွေပြန့်ကျဲနေတဲ့
နွေကန္တာရမီးမုန်တိုင်း
လေပူရိုင်းပျ
ချစ်သူတွေမလာကြပါနဲ့။
အဲဒီမှာ
ဓားလှံလက်နက်
ရမ္မက်
သွေးစက်စသဖြင့်
ကဗျာ့ကိရိယာလုပ်နေကြတယ်
ချစ်သူတွေမလာကြပါနဲ့။
မနာလို
မရှုဆိတ်မှုတွေက
တလိပ်လိပ်တက်နေကြတယ်
မကြာခင်
စွမ်းအားပြင်းဗုံးတစ်လုံးလို
ပေါက်ကွဲလွင့်စဉ်ထွက်တော့မယ်
ချစ်သူတွေမလာကြပါနဲ့။
ကွယ်….
သွားကြစို့
ဘုရားသခင်မွေးဖွားသန့်စင်ရာအရပ်ကိုရှာသလိုမျိုး
ကဗျာမွေးဖွားရာအရပ်ဆီ
မေတ္တာတော်အန္တနဲ့ ။

စက်တင်ဘာ(၂၀၁၈)
ပုံ- mark-making-abstract-art