ဇင်လင်း သတင်းဆောင်းပါး

ဇင်လင်း – စင်ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

ဇင်လင်း – စင်ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈

ဤ ၂၀၁၈ သြဂုတ်လကို ထူးခြားသည်ဟု ဆိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထူးခြားသည့် သတင်းအတော်များများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် ကိစ္စကြောင့် နိုင်ငံတကာဖိအားများ မြင့်တက်လာနေသော သတင်းများ ကြားရသည်။ စီးပွားရေးအရ ဒေါ်လာဈေးအတက်ကြမ်းနေသောသတင်းကလည်း ပြည်သူအများ စိတ်မအေးနိုင်စရာသတင်းဟု ဆိုရမည်။ နိုင်ငံရေးအရ လက်ရှိအစိုးရအပေါ် အတိုက်အခံများ၏ အပြစ်ရှာဝေဖန်မှုများ မြင့်တက်လျှက်ရှိသည့် သတင်းများလည်း ကြားသိနေရသည်။ သို့သော် ထိုသို့သော လှုပ်ခတ်မှု ဂယက်များ ရှိနေသည့်တိုင် ပြည်သူလူထုက လက်ရှိ နိုင်ငံ၏ ခေါင်းဆောင်အပေါ် ထောက်ခံဝန်းရံမှုများ ကျဆင်းမသွား၊ တက်ရိပ်ပြနေသည်ဟုပင် ဆိုနိုင်သည်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ဖိတ်ကြားချက်အရ စင်ငကာပူနိုင်ငံသို့ သြဂုတ် ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာသွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သြဂုတ်လ ၂၁ ရက်နေ့တွင် Grand Hyatt ဟိုတယ်၌ ပြုလုပ်သည့် ၄၃ ကြိမ်မြောက် Singapore Lecture ဟောပြောပွဲတွင် “မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များနှင့် ရှေ့ဆက်ရမည့်ခရီး” ဟူသော ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောခွင့်ရခဲ့သည်။ ၎င်းအခွင့်အရေးကို တော်ရုံတန်ရုံ ခေါင်းဆောင်များအားပေးလေ့မရှိဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့တွင် ဟောပြောခွင့် ရရှိခဲ့ကြသူများ၏စာရင်းကို ကြည့်လျှင် သိနိုင်သည်။ Singapore Lecture ဟောပြောပွဲ ၃၃ ကြိမ်မြောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)၊ ၃၆ ကြိမ်တွင် တရုတ် သမ္မတ ရှီကျင့်ပင်(Xi Jinping)၊ ၃၇ ကြိမ်တွင် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရင်ဒရာ မိုဒီ (Shri Narendra Modi)၊ ၃၈ ကြိမ်တွင် ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကျူယင် (Tran Dai Quan)၊ ၃၉ ကြိမ်တွင် နယ်သာလန်ဝန်ကြီးချုပ် မတ်ရတ်တေ (Mark Rutte)၊ အကြိမ် ၄၀ မြောက်တွင် ပြင်သစ်သမ္မတဖရန်စစ်ဟော်လန်ဒီ(François Hollande)၊ ၄၁ ကြိမ်တွင် တူရကီဝန်ကြီးချုပ် ဘင်အလီ ယီလ်ဒင် (Binali Yıldırım)၊ နှင့် ၄၂ ကြိမ်မြောက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် (Moon Jae-in) အစရှိသည်ဖြင့် ဟောပြောခဲ့ကြသည်ကို တွေ့နိုင် သည်။ တနည်းအားဖြင့် Singapore Lecture စင်မြင့်သည် နိုင်ငံရေးအခြေအနေများအပေါ်တည်မှီ၍ နိုင်ငံတကာအား ရှင်းလင်းပြောဆိုခွင့်ပေးသည့် ထူးခြားအရေးပါသော နေရာတခုဟု ဆိုနိုင်သည်။ ထိုအခွင့်အရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထိထိရောက်ရောက်အသုံးချကာ၊ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို ကမ္ဘာကသိရှိနားလည်လာအောင် ပြောဆိုရှင်းပြနိုင်ခဲ့သည်။

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံအဖြစ် ရှုမြင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် မဏ္ဍိုင် ၃ ခုက အထောက်အပံ့ပြု ထားသည့် ရည်မှန်းချက် ၅ ခု ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။ ပထမရည်မှန်းချက်မှာ “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး” ဟု ဆိုသည်။ ဒုတိယရည်မှန်းချက်မှာ “စီးပွားရေးတည်ငြိမ်မှုနှင့် အကြီးစားစီးပွားရေးစီမံခန့်ခွဲမှုများ အားကောင်း လာရေး” ဖြစ်၍ ၎င်းတို့မှာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဟူသော မဏ္ဍိုင်အပေါ်တည်မှီနေသည်ဟု ဆိုသည်။ တတိယရည်မှန်းချက်မှာ သာယာဝပြောမှုနှင့် မိတ်ဖက် ဖြစ်မှုဟူသော မဏ္ဍိုင်နှင့်သက်ဆိုင်သည့် “အလုပ်အကိုင်ဖန်တီးမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သောတတိယ မဏ္ဍိုင်က “၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး” ဟူသည့် စတုတ္ထရည်မှန်းချက်ကို အထောက်အပံ့ပြုကြောင်း၊ ပဉ္စမရည်မှန်းချက်မှာ “နိုင်ငံသာယာဝပြောမှုအတွက် သဘာအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်” ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြခဲ့သည်။ တနည်းဆိုလျှင် လက်ရှိအစိုးရ၏မူဝါဒလမ်းစဉ်ကို ရှင်းလင်းပြောဆိုခြင်းဟု ဆိုနိုင်သည်။

ရည်မှန်းချက် တစ် နှင့် နှစ်မှာ အပြန်အလှန်အမှီသဟဲပြုကြပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမဏ္ဍိုင်သာမရှိပါက ၎င်းတို့ ရပ်တည်၍မရနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်၍ ယင်းမဏ္ဍိုင်တည်ဆောက်ရေးသည် ပထမဦးဆုံးဖော်ဆောင်ရမည့် တာဝန်ဖြစ်သည်ဟု ဆို သည်။ အစိုးရသစ်စတင်တာဝန်ယူ ခဲ့သော ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်အစပိုင်းကစ၍ ယခင်အစိုးရဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စီမံကိန်းချ ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ပြီး နိုင်ငံတော်ကိုယိုယွင်းပျက်စီးစေသည့်လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးနှင့်မတူကွဲပြားခြားနားမှုမှ ဖော်ဆောင်ယူခဲ့သော ရေရှည်ခိုင်မြဲသည့် စည်းလုံးညီညွတ်မှု အပေါ်အခြေခံသည့် ခိုင်မာသောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ထောင်ရေးတို့အတွက် (၂၁) ရာစုပင်လုံညီလာခံ ကျင်းပခြင်းဖြင့် ကြိုးပမ်းခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ချောမွေ့သည်ဟူ၍မရှိဘဲ အဟန့်အတားများနှင့် ပြည့်နှက်နေလေ့ရှိသည်ကို အခြားနိုင်ငံများ၏အတွေ့အကြုံများမှ မိမိတို့ လေ့လာသိရှိခဲ့ကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆွေးနွေးညှိနှိုင်းရမည့် အဖွဲ့အစည်းများစွာ ပါဝင်ပတ်သက်နေသည့်အတွက် အလွန့်အလွန် ရှုပ်ထွေးပါကြောင်း၊ မိမိတို့အနေဖြင့် အခက်အခဲများ၊ စိတ်ပျက်စရာများ၊ နှောင့်နှေးကြန့်ကြာမှုများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြောင်း စသည် ဖြင့် ရှင်းပြပြောဆိုခဲ့သည်ကို တွေ့ရသည်။

သို့သော် အစိုးရအဖွဲ့အနေဖြင့် လုံ့လမလျှော့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းမှုမရှိလျှင် အသွင်ကူးပြောင်းရေးလုပ်ငန်းသည် အောင်မြင်မှုမရရှိနိုင်ကြောင်း၊ ကြိုတင်မျှော်မှန်းထားသကဲ့သို့ အခက်အခဲများနှင့် စိတ်ပျက်စရာများ ရှိသော်လည်း အဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများ၊ ထာဝရ စိတ်ရှည်သည်းခံမှု၊ ဆွေးနွေးဖက်များ၏စိတ်ရင်းစေတနာကောင်းမွန်မှု၊ ပြည်သူများနှင့် မိတ်ဆွေများ၏အားပေးကူညီမှုတို့ဖြင့် မိမိတို့ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ ကြောင်း၊ လွန်ခဲ့သည့် (၂)နှစ်အတွင်း ပင်လုံအစည်းအဝေးသုံးကြိမ်ကျင်းပခဲ့ရာ ကျင်းပသည့်အကြိမ်တိုင်းတွင် အဖိုးတန်သည့်တိုးတက်မှုများရရှိခဲ့ကြောင်း၊ ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဆင့် ၇ ဆင့်ရှိသောလမ်းပြမြေပုံကိုရရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယအစည်းအဝေးတွင် အခြေခံမူဝါဒ ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ တတိယအစည်းအဝေးမစတင်မီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုနှင့် ထပ်မံ၍ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အစည်းအဝေးကျင်းပစဉ်ကာလအတွင်း ထပ်မံ၍ အခြေခံမူဝါဒ ၁၄ ချက်ချမှတ်နိုင်ခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှု ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများအပေါ် အမြဲသတိရှိနေပြီး ယင်းတို့ကို အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ တည်ဆောက်ရန်ကြိုးစားရင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့်ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မဏ္ဍိုင် ၁ တည်ဆောက်ရေး၏ အခြေခံကျသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။ အစိုးရအဖွဲ့စတင်တာဝန်ယူသည့် နှစ်လအတွင်း ရခိုင်ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သဘာဝသယံဇာတကြွယ်ဝသည့်ရခိုင်ပြည်နယ်၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအားဖျက်ဆီးနေသည့် ပြဿနာများကို ထာဝရဖြေရှင်းပေးမည့်အဖြေများ ကူညီ ရှာဖွေပေးရန်အတွက် အကြံပေးကော်မရှင်ကိုဦးဆောင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ကို ချဉ်းကပ်ခဲ့ကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် ကြုံတွေရသောအခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေ များကို နိုင်ငံတကာကသိရှိနားလည်စေရန် စင်ကာပူစင်မြင့်မှတဆင့် နိုင်ငံတကာ ခေါင်းဆောင်များသို့ပြောကြားခဲ့သည်ဟု ဆိုနိုင်သည်။ ရာစုနှစ်၏နောက်ဆုံး လေးပုံသုံးပုံကာလအတွင်း မြန်မာနိုင်ငံသည် အဓိကအကူးအပြောင်းသုံးခုကို ဖြတ်သန်းခဲ့ရပြီး လွတ်လပ်ရေးကြိုးပမ်းမှု အကူးအပြောင်းကာလ၊ စစ်အာဏာရှင်စနစ် အကူးအပြောင်းကာလတို့နှင့်နှိုင်းယှဉ်ကာ လက်ရှိအကူးအပြောင်းကာလသည် အခက်အခဲများနှင့်အရှုပ်ထွေးဆုံးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

ထို့ပြင် မြန်မာ့စီးပွားရေးရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ကျန်းမာရေး ပညာရေး လူမှုရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးတွင် တွေ့ကြုံ ရသောနိုင်ငံရေးစိန်ခေါ်ချက်များကိုလည်း ရှင်းလင်းပြောဆိုခဲ့ကြောင်းသိရသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ကိုအဓိကထားလုပ်မည်ဟုလည်း ဒေါ်အောင် ဆန်းစုကြည်က စင်ကာပူမူဝါဒဆိုင်ရာဟောပြောမှုတွင်ထည့်သွင်းပြေကြားသည်။ ဖွဲ့စည်းပုံပြင်ရေးသည် အသွင်ကူးပြောင်းရေးအတွက် အဆုံးအဖြတ်ပေးမည့် လုပ် ငန်းစဉ်ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ပြဿနာကိုကိုင်တွယ်ဖြေရှင်းနေသည့် ကုလသမဂ္ဂ၏အရေးကြီးသောအခန်းကဏ္ဍကိုလည်း မိမိတို့အသိအမှတ်ပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဥက္ကဋ္ဌနိုင်ငံမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်များလာရောက်နိုင်ရေးအတွက် မိမိတို့စီစဉ်ဆောင်ရွက် ခဲ့ကြောင်း။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်အဖြစ် သံအမတ် Christine Burgener ကိုခန့်အပ်လိုက်မှုအပေါ် မိမိတို့ကြိုဆိုပါကြောင်း၊ အဆိုပါ အထူးကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း၊ သံအမတ် Christine Burgener နှင့် မိမိတို့ ထိတွေ့ ဆက်ဆံမှု သည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟုယုံကြည်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ကုလသမဂ္ဂဦးဆောင်နေသော နိုင်ငံတကာဖိအားများလျော့ကျရေးနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနားလည်မှုရှိလာစေရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုးပမ်းနေကြောင်း မြင်နေရသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသော အကျပ်အတည်းများကိုဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များသည် လက်ရှိ အခြေအနေတွင် အမှန်တကယ်ကြီးမားနေသည်ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။

လုံခြုံရေးကိုစိန်ခေါ်နေသည့်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းမှုမပြုပါက လူမျိုးစုနှစ်ရပ်အကြား အကြမ်းဖက်မှု အန္တရာယ်ဆက်လက်တည်ရှိနေမည် ဖြစ်သည် ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။ အဆိုပါပြဿနာသည် မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းရှိနိုင်ငံများနှင့် အခြားနိုင်ငံများအတွက်ပါ ကြီးမားသည့် အကျိုးဆက် ကို ဖြစ်ပေါ်စေနိုင်သည့် ခြိမ်းခြောက်မှုဖြစ်သောကြောင့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို တစုံတရာအကြောင်းပြချက်ဖြင့် လျစ်လျူမရှုသင့်၊ ခွင့်မလွှတ်သင့် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ကိုတွေ့ရသည်။

အမေးအဖြေကဏ္ဍတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ရွှင်ရွှင်ပျပျတည်တည်ငြိမ်ငြိမ်ဖြေကြားသွားခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ် မှတဆင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေခြင်း မပြီးမြောက်သေးသည်ကို မည်သို့သောနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားဖို့ရှိပါသလဲဆိုသည့် စင်ကာပူနိုင်ငံသားသံတမန်တဦး၏မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ဖြေကြားသွားသည်။

“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပြတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်းမကျတဲ့အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ် ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဖော်ပြခဲ့သည်။

ပြည်တွင်း၌ ပြင်းပြင်းထန်ထန်မေးခွန်းထုတ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က Singapore Lecture ဟောပြောပွဲတွင် အလယ် အလတ်သဘောထားဖြင့် အဖြေပေးခဲ့သည်။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်လာစေရန် ပြင်ဆင်ရမည်။ သို့သော် ပြည်သူမနာသောနည်း စေ့စပ်ညှိနှိုင်းသော နည်းဖြင့် ပြောင်းလဲမည်ဟုဆိုလိုက်သည်။ တပ်မတော်နှင့် ဆက်ဆံရေးလည်မမဆိုးပါဟု ဆိုလိုက်သည်။ စင်ကာပူနှင့်နိုင်ငံတကာမှ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံ ရေးလုပ်ငန်းစဉ်ခက်ခဲမှုကိုအဆင်ပြေအောင် လုပ်ဖို့မေးကြသည်။ ယင်းကိစ္စများအဆင်ပြေစေရန် ဥပဒေများပြင်ဆင်ထားပြီဆိုသည့်အကြောင်း၊ အခြေခံအဆောက် အအုံများတိုးတက်ဖော်ဆောင်ရန်လုပ်နေကြောင်းပြောပြသည်။ ယင်းကိစ္စ ဝန်ကြီးဦးသောင်းထွန်းကိုထွက်၍ ရှင်းပြစေသည်။ ပြုပြင်ပြောင်းလဲမှုတခု အနေဖြင့် မကြာသေးမီကကုမ္ပဏီမှတ်ပုံတင်များကို အွန်လိုင်းကတဆင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနေကြောင်း ဦးသောင်းထွန်းက ရှင်းပြသည်။

 အနှစ်ချုပ်ရလျှင် Singapore Lecture ဟောပြောပွဲတွင် အာဆီယန်နှင့်အချို့သော နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် မြန်မာ့အခြေအနေ အခက် အခဲကို အတော်အတန်သိရှိနားလည်သွားပေလိမ့်မည်။ ယခုကဲ့သို့သော နိုင်ငံရေးဗျူဟာ အခင်းအကျင်းကိုဖန်တီးပေးသည့် အိမ်ရှင်ဖြစ်သူ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)ကို ကျေးဇူးတင်သင့်သည်။ ပြည်တွင်းနိုင်ငံရေး လှုပ်ခတ်မှုဂယက်များရှိနေသည့်တိုင် ပြည်သူလူထုက Singapore Lecture နားထောင်ပြီး နောက် လက်ရှိနိုင်ငံ၏ခေါင်းဆောင် ရင်ဆိုင်နေရသော နိုင်ငံရေးအခက်အခဲအတားအဆီးများကို အတော်အတန် မြင်လာကြသည့်အလျောက်၊ သူ့အပေါ် ထောက်ခံဝန်းရံမှုများကျဆင်းမသွားဘဲ၊ တက်ရိပ်ပြနေဆဲရှိသည်ကို မြင်တွေ့ရပေသည်။ ။။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts