ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● ရှစ်လေးလုံးနဲ့ ဗကပ

လှကျော်ဇော ● ရှစ်လေးလုံးနဲ့ ဗကပ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၈


“စစ်တပ်ကကွန်မြူနစ်ကို ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်က အဓိကရန်သူဖြစ်လို့ပဲ။ ကွန်မြူနစ်ကလည်း တိုင်းပြည်ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ ကျောင်းသားများထဲဝင်တယ်။ ကျောင်းသားတွေရဲ့မျက်နှာဖုံးနောက်မှာ ကွန်မြူနစ်တွေ တပိုင်းတစ ပါကောင်းပါနိုင်တယ်။ ပါလည်း ပါပါတယ်။ မြေအောက်အဖွဲ့စသဖြင့်ပေါ့။ တိုင်းပြည်က complex ဖြစ်သွားတယ်” (ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ၈-၈-၂ဝ၁၈၊ ရှစ်လေးလုံးအနှစ် (၃ဝ) ပြည့် အခမ်းအနား။)

သတင်းကွန်ရက်တွေပေါ်တက်လာတဲ့ အသံဖိုင်အစအနလေးပါ။ မိန့်ခွန်းအပြည့်အစုံရှာမရလို့ ဒီပြောဆိုချက်ပေါ်ပဲ အခြေ တည်ပြီး ဒီဆောင်းပါးကိုရေးပါတယ်။ မကြားရတာကြာဖြစ်တဲ့ ကွန်မြူနစ်တစ္ဆေကြောက်တရားကို ရွေးကောက်ခံကိုယ်စား လှယ်ကြီးတဦးဆိုသူက မရဲတရဲ ပြောသွားတာပါ။

နှစ်ပေါင်း (၂၆) နှစ်ကြာ မဆလစစ်အာဏာရှင်စနစ်ကို တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တညီ တညွတ်တည်း အုံကြွတော်လှန်ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက်နှိမ်နှင်းဖြိုခွဲပြီး-ထပ်ဆင့်အာဏာသိမ်းပြီးနောက် နဝတဗိုလ်ချုပ်များက မိမိတို့ရဲ့လုပ်ဆောင်ချက်များ (ရက်စက်မှုများ) တရားဝင်ကြောင်း (legitimate) ပြသနိုင်ဖို့ စစ်ထောက်လှမ်းရေးခေါင်ချုပ်က သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး အကြောင်းအမျိုးမျိုးပြခဲ့ပါ တယ်။ အဲဒီအထဲက လူသိအများဆုံးအကြောင်းပြချက်ကတော့ ဗကပများ အာဏာကိုဖြတ်လမ်းကရယူဖို့ကြိုးပမ်းချက် ဆိုတာပါပဲ။

အခုတခါ-ဒီရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ သွေးတွေချွေးတွေ အသက်တွေ ဘဝတွေနဲ့လဲပြီး တစိတ်တပိုင်းရရှိလာခဲ့ တဲ့ပြည်သူ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ အစိုးရ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူကြီးက ဒီဗိုလ်ချုပ်များနဲ့ အသံတူဟစ် လာတာကတော့ အတော်ထူးဆန်းတယ်လို့ တချို့ကဆိုလာပါတယ်။ ကိုယ်စားပြုတဲ့ အကျိုးစီးပွားတွေတူလာရင် အတွေး တူ-အမြင်တူ-အပြောတွေတူလာတတ်ကြပါတယ်။ အထူးအဆန်းတော့မဟုတ်လှပါဘူး။
——————————–


ကျွန်မနဲ့ သတင်းမီဒီယာတွေရဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာ အကြောင်းသင့်လာတိုင်း ရှစ်လေးလုံးအရေးအခင်းမှာ ဗကပက ပါခဲ့ပါသလားဆိုတဲ့ မေးခွန်းမျိုး မေးခံရတတ်ပါတယ်။ ကျွန်မ တခါမှမငြင်းဆိုခဲ့ဘူးပါဘူး။ ငြင်းဆိုစရာအကြောင်းလည်း မရှိ ပါဘူး။ ၁၉၈၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ကျွန်မတို့ဗမာပြည်ကွန်မြူနစ်ပါတီ တတိယကွန်ဂရက်အပြီးမှာချမှတ်ခဲ့တဲ့ ရှေ့လမ်းစဉ်မှာပါခဲ့တဲ့အတိုင်းပါပဲ။

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လူတန်းစားလူအလွှာအသီးသီး (ကျောင်းသားတလွှာတည်းမဟုတ်) ကို စည်းရုံးလှုံ့ဆော်ပြီး တပါတီအာဏာရှင်စနစ် တိုက်ဖျက်ရေးကိုလုပ်ဆောင်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးအတွက်ကြိုးပမ်းရေးဆိုတာပါ ပဲ။

ကျွန်မတို့ရဲ့လတ်တလောလုပ်ငန်းစဉ်ကလည်း စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပါပဲ။ ဒီလုပ်ငန်းကို ကျွန်မတို့ဦးဆောင်နိုင်ရင် ဦးဆောင်မယ်။

ကိုယ်ဦးမဆောင်နိုင်တော့ရင်လည်း ဦးဆောင်လုပ်ဆောင်နိုင်သူများကို ဝန်းရံမှာပါ။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တိုက် ဖျက်ရေးလုပ်ငန်းတွေမှာ ကျွန်မတို့ဗကပများ ရတဲ့နေရာ၊ လုပ်နိုင်သမျှနေရာ၊ လုပ်ခွင့်ရသမျှနေရာတွေက အရင်ကရော၊ အခုရော၊ နောင်မှာရော ပါဝင်ပတ်သက်နေမှာပါ။ ဒါကို ဗမာပြည်သူများသာမက ဗမာပြည်အရေး ထဲထဲဝင်ဝင်လေ့လာဖူးတဲ့နိုင်ငံခြားသမားများတောင် သိပါတယ်။

ဥပမာ- Martin Smith ရဲ့ Burma;Insurgency and the Politics of Ethnicity. စာအုပ်မှာ ဒီလိုရေးထားတာတွေ့ရပါတယ်။
“ဗမာပြည်ရဲ့ အရေးပါတဲ့အရေးအခင်းလှုပ်ရှားမှုကြီးတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီပါဝင်ပတ်သက်နေတယ်ဆိုတာ မထူး ဆန်းပါဘူး။ မပါဝင်ဘူးဆိုမှ ထူးဆန်းတာပါ။” တဲ့။

၁၉၈၅ ခုနှစ် ဗကပကတင်ခဲ့တဲ့ကြွေးကြော်သံ (၂) ရပ် (တပါတီအာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့-ပါတီစုံဒီမိုကရေစီ စနစ်ကျင့် သုံးရေး) ဟာ ၃ နှစ်အကြာ ၁၉၈၈ ခုနှစ်မှာ လူထုကြား ကျသွားပါတယ်။ ဒီနောက်မှာတော့ လူထုကြီးတရပ်လုံးဟာ အလွန်ညီ ညွတ်တက်ကြွစွာ တီထွင်ဖန်တီးမှုမျိုးစုံနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြပါတယ်။ ဒီအရေး တော်ပုံကြီးရဲ့ရည်မှန်းချက်များဟာ အခုထိအပြည့်အဝမရသေးပေမယ့် တစုံတရာအတိုင်းအတာတခုအထိတော့ရနေပါပြီလို့ဆိုနေကြသော်လည်း ၂ဝဝ၈ အောက်က ရင်ကြားစေ့ထားရတာဖြစ်လို့ စစ်အာဏာရှင် အလိုမကျရင် အချိန်မရွေး ပျောက် ဆုံးသွားပါလိမ့်မယ်။

စနစ်ဆိုးတွေကိုဖယ်ရှားဖို့ကြိုးစားရာမှာ လွယ်လွယ်ကူကူရတာ မရှိနိုင်ပါဘူး။ တဆင့်ပြီးမှ တဆင့်တက်ရတာပါ။ အဲဒီ အဆင့်တွေမှာ တချို့လူတွေ (ဥပမာ-အထက်ကပဲခူးတိုင်းဝန်ကြီးချုပ်)(အောက်ခြေလွတ်) သွားတတ်ပါတယ်။ မိမိကိုယ်မိမိ ပြည်သူလူထုရဲ့ကိုယ်စားလှယ်လို့သဘောထားရင်တော့ ပြည်သူလူထုကြီးတရပ်လုံး မလွတ်မြောက်မချင်း အဆက်မပြတ် ကြိုးစားရမှာပါ။ အခုတော့ကြည့်ရတာ ပဲခူးဝန်ကြီးချုပ်က စစ်အာဏာရှင်တွေရဲ့ ရပ်တည်ချက်အတိုင်း နိုင်ငံရေးနိုးကြားမှုရှိတဲ့ ကျောင်းသားတွေကို မျက်စိစပါးမွေးစူးနေပုံရှိတယ်။ နောင်တနေ့အတွက် အခုကတည်းက ဆင်ခြေရှာထားပုံရပါတယ်။

ဒီချုပ်အစိုးရထဲကဝန်ကြီးချုပ်တွေ အာဏာလေးရလာတာ ၂ နှစ်ကျော်ရှိသေး ဇာတိတွေပြလာတာတွေ့လာနေရပါတယ်။ စားကြွင်းစားကျန်စားရတာကို ယစ်မူးလာတယ်။ တလောက ကယားဝန်ကြီးချုပ်ကလည်း တပ်ကိုတာဝန်ပေးရမယ်လို့ ပြော တာလည်းကြားရတယ်။(သူမပြောပါဘူးလို့ငြင်းတာလည်း ကြားရပါတယ်။)
————————–

ဒီနေရာမှာ ကြံကြိုက်လာလို့ ဖေဖေ သူ့စာအုပ်ထဲရေးထားတာလေး ဝေမျှချင်လာပါတယ်။

“ကျွန်တော့်အတွေ့အကြုံအရတော့ အထူးသဖြင့် လူထု၏ ဒုက္ခဝေဒနာကို မခံစားနိုင်၊ မစာနာနိုင်နှင့် လက်လွတ်စပါယ် ပြောတတ်၊ ဆိုတတ်၊ လုပ်တတ်ကိုင်တတ်သူများသည် လက်ရှိထောက်လှမ်းရေးသော်၎င်း၊ နောင်တနေ့ဖောက်ပြန်သွား သူများသော်၎င်း၊ ဖြစ်နေတတ်ပါသည်။ ဗမာပြည်နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်လေရာ အခြေခံစိတ်များ တ ကွေ့မဟုတ် တကွေ့ ဖျတ်ကနဲဖျတ်ကနဲပေါ်လာတတ်ပြီး၊ အဆင့်တဆင့်ရောက်သည့်အခါ၊ သစ္စာဖောက်များဖြစ်သွားကြ ပါတော့သည်။”
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ) နှာ – ၂၇ဝ)။

တကယ်လည်း လူတဦးတယောက်အနေနဲ့ သူရဲကောင်းဖြစ်သွားတာပဲဖြစ်ဖြစ်၊ သစ္စာဖောက်ဖြစ်သွားတာပဲဖြစ်ဖြစ်၊ တနေ့ တရက်တည်းနဲ့ဖြစ်သွားတာ မဟုတ်ပါဘူး။ အရေအတွက်တွေ တဖြည်းဖြည်းစုစည်းလာပြီးမှ အရည်အချင်းတရပ်ကို ပြောင်း လဲသွားတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြီးကိုပယ်ဖျက်ပေးနိုင်ကောင်းရဲ့ဆိုပြီး ပြည်သူလူထုကြီးတရပ်လုံးက (သွေး တွေ၊ ဘဝတွေ၊ အသက်တွေပေးပြီး) ပခုံးနဲ့ထမ်းတင်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီးတချို့ပြောဆိုလုပ်ဆောင်ချက် တွေဟာ အတော်အံ့သြစရာကောင်းပါတယ်။ စေတနာနဲ့ သတိပေးလိုက်ပါရစေ။ အရေအတွက်တွေ တဖြည်းဖြည်းများလာ နေပြီနော်လို့။

လှကျော်ဇော
၁၃-၈-၂ဝ၁၈။

မှတ်ချက်
သြဂုတ်လ (၁၅) ရက်နေ့ ၇၉ နှစ်ပြည့်ပါတီမွေးနေ့ကို ဂုဏ်ပြုရေးသားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts