ရေခြားမြေခြား မြန်မာများ

အေးငြိမ်း – ကျွန်ုပ် အလွန်ခေတ်နောက်ကျနေသေးသည် ဆိုခြင်းအကြောင်း


အေးငြိမ်း – ကျွန်ုပ် အလွန်ခေတ်နောက်ကျနေသေးသည် ဆိုခြင်းအကြောင်း
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၈

စင်ကာပူသည် မိမိတို့စနစ်ကို အမြဲဆန်းစစ်နေကာ အမြဲ update လုပ်နေ၏။ Update လုပ်ရာတွင် နည်းပညာပိုင်းရော အပေါ်ထပ်၊ အောက်ထပ် အဆောက်အအုံပိုင်းများကိုပါ (Superstructure, Infrastructure) ဆန်းသစ်တာဖြစ်၏။ နေရာတစ်နေရာသို့ သုံးလေးနှစ်မျှ မရောက်လျှင် သည်အနားမှာရှိနေသည့် အဆောက်အအုံကြီးသည် ဘယ်ရောက်သွားမှန်းမသိတော့ဘဲ နောက်ထပ် အဆောက်အအုံအသစ်ကြီးရောက်နေသဖြင့် မျက်စိလည်သွားမည်။မနှစ်က သည်အနားမှာ သည်ဘဏ်ရှိနေသည်ဆိုသော်လည်း နောက်နှစ်ကျ ဘယ်နားရောက်သွားမှန်းမသိတော့၍ မနည်း လိုက်ရှာရမည်။ ပုံသေမှတ်မထားပါနှင့်။ တော်ကြာ ဟော သည်နားမှာ ရထားဘူတာအသစ်ကြီး ရောက်နေတာ တွေ့ရမည်။

လွန်ခဲ့သော နှစ်ပတ်လောက်က ကျွန်ုပ်တွင်ရှိသော အင်တာနက်ဘဏ်တိုကင် လေးခုအနက် (POSB, UOB, OCBC, MayBank) သုံးခုမှာ တစ်ရက်တည်း တပြိုင်တည်း ဘက်ထရီကုန်သွား၍ ဒုက္ခနှင့်လှလှနှင့် တိုးရသည်။ (ထူးဆန်းပါပေ့ ဆတွတ်ရယ်။)

ကျွန်ုပ်မှာ နေ့စဉ် ညနေ ၆ နာရီထိ စာသင်ရ၏။ စာသင်ရသည့်နေရာနှင့် အိမ်နားရှိဘဏ်က ၁ နာရီလောက် လာရသည်။ UOB က ၆ နာရီ၊ POSB က ၇ နာရီ၊ MayBank က ၇ နာရီ ပိတ်တာဆိုတော့ တိုကင်များကို တော်တော်နှင့် မလဲဖြစ်။

မနေ့ကတော့ Medical CheckUp ရှိသည်နှင့် အလုပ်မသွားတော့။ ဆေးခန်းက နေ့ခင်းမှ ပြရမှာဆိုတော့ မနက်ပိုင်း ဘဏ်များသို့ သွားကာ တိုကင်လဲသည်။

ပထမ POSB သို့သွား၏။

ဘဏ်အဝင်ဝတွင် ဘဏ်ယူနီဖောင်းနှင့် ခပ်ချောချောသူငယ်မကလေးက ကျွန်ုပ်ကိုကြည့်ကာ ပြုံးရွှင်စွာ အနားကပ်လာ၏။ ရုပ်ဖြောင့်တာလည်းပါမပေါ့ဗျာ။ (ဆံပင်လေးတစ်ခေါင်းလုံး ဖြူနေတာကလွဲလို့)

ဟောက်၊ ဘာကူညီရပါမလဲဆင့်။ (ကျုပ်တို့ရန်ကုန်မှာကော အဲသလို ပဋိသန္တာရလုပ်လေသလားမသိ။)

ဟောဒီတိုကင်လေး ဘက်ထရီကုန်သွားလို့ လဲချင်လို့ပါကွယ်။
ဟောက်၊ ဒီဘက်ကိုကြွပါဆင့်။

ဟောဒီစက်မှာ တိုကင်ကို ကိုယ့်ဘာသာကိုယ် လဲလို့ရပါတယ်ဆင့်။
ဟိုက်ရှားဘားစ်။ အနို့ အရင်တုံးက မတွေ့မိပါလားကွယ်။
ဟောက်၊ ဘဏ်ကဒ်လေးထည့်ပါဆင့်။
PIN နံပါတ်ကလေးရိုက်ထည့်ပါဆင့်။

ကွန်ပြူတာမှန်သားပြင်ပေါ်တွင် ဟိုထောက်ဒီထောက် ထောက်ရင်း ခဏနေတော့ တိုကင်အသစ်ကလေး ထောက်ကနဲ ကျလာသည်။ ဟိုက်ရော၊ မြန်လှချည့်။
သူက activate လုပ်ပုံလုပ်နည်းပြရင်း တစ်ခါတည်း activate လုပ်ပေးလိုက်သည်။

ကျွန်ုပ်ဘဏ်သို့ ရောက်သွားသည့်အချိန်မှ တိုကင်အသစ်လေးယူပြီး ပြန်ထွက်လာချိန်ထိ ၇ မိနစ်ထက် ပိုမကြာပါ။ ၅ မိနစ် လောက်လည်း ဖြစ်နိုင်ပါသည်။

အမှန်က ဘဏ်မှာတန်းစီရမှာဆိုတော့ အနည်းဆုံး တစ်နာရီတော့ကြာမှာပဲ ဆိုကာ ကျွန်တော်က အဝေးသင် တတိယနှစ် မြန်မာစာစာအုပ်ကြီး ကိုင်လာခဲ့တာ ဖြစ်၏။ စောင့်ရင်း စာဖတ်မယ်ပေါ့။ ခုတော့ စာအုပ်တောင် ထုတ်ချိန်မရလိုက်။

ကျွန်ုပ်မှာ ၎င်းတို့၏ ခေတ်မီတိုးတက်မှုများကို အကြောင်သားငေးကြည့်ကာ ပါးစပ်အဟောင်းသားနှင့် ပြန်ထွက်လာမိ၏။

အဲလေ ငေးနေလို့မဖြစ်သေး။ နောက်တစ်ခုကျန်သေးသဖြင့် UOB ဘဏ်သို့ ဆက်ထွက်လာသည်။ UOB နှင့် POSB ဘဏ်နှစ်ခုမှာ အပေါ်ထပ်အောက်ထပ်ဖြစ်သဖြင့် လမ်းလျှောက်သွားရာ ၃ မိနစ်ထက် ပိုမကြာပါ။

UOB ရောက်တော့ ဘဏ်မဖွင့်သေး။ ဘဏ်အပြင်တွင် တန်းစီနေသူများအကြားဝင်ကာ ရောယောင်တန်းစီ။ ဖေ့စ်ဘုတ်မှ သူများ သေတာကို “ဟင်၊ ဘုန်းကြီးတွေကို ဘယ်လိုပြောလို့ အဲသလိုသေတာ။ နောက်ကောင်တွေလည်း သတိသာ ကြပ်ကြပ်ထား” စသည့် မဟုတ်တန်းလျား ပို့စ်များကိုဖတ်ကာ စိတ်ပျက်။

၁၁ နာရီ ဒေါင်ကနဲတီးသည်နှင့် ဗလကောင်းကောင်းရဲကြီးက မှန်တံခါးချပ်များကို တစ်ခုပြီး တစ်ခု တွန်းဖွင့်၏။ အဝတွင် ဘဏ်ဝန်ထမ်းတစ်ယောက်က တစ်ဦးစီကို မေးမြန်းကာ ဘယ်ကိုသွား၊ ဘာလုပ် စသဖြင့် လမ်းညွှန်နေ၏။ ကျွန်ုပ်က အကျိုးအကြောင်းပြောပြသော် –

အာရိုး၊ လု ဘယ်ချောင်သွားအိပ်ပျော်နေသလဲဝေ့။ အခု ငါရို့က ဒုက္ခများလှတဲ့ hard token မသုံးတော့ဘူး။ ဖုန်းနဲ့ သုံးရတယ်။
ဟိုက် ရှားဘားစ်၊ စူ့ထက်စူ လူစွမ်းကောင်းတွေချည်းပါကလား ကွယ်ရို့။
ပြောလဲခံရမှာဘဲ။ တားက ဖုန်းနဲ့ ဘယ်လိုလုပ်ရမှန်းမသိဘူးခင်ည။
ကိုင်း ဟိုမှာသွားတန်းစီ။ ငါပြပေးမယ် ဆို၏။
သို့နှင့်ကောင်တာတွင် တန်းစီစောင့်။

အလှည့်ရောက်သော် ဖုန်းကိုဖွင့်ခိုင်း၏။ ကျွန်ုပ်က UOB Mobile Banking App ကို install လုပ်မထား။ သို့နှင့် ထို app ကို install လုပ်။

ကိုင်း၊ iBaking ကို login လုပ်။ နောက် ကဒ်နံပါတ်ရိုက်ထည့် ဆိုတော့ –
ဟိုက်ရှားဘားစ်၊ ငါ့မှာ ဘဏ်ကဒ် ပါမလာဘူး။
ဒါဆို အိမ်ရောက်မှ ကဒ်နံပါတ်နဲ့ PIN နံပါတ်ရိုက်ထည့်ပြီး ဆက်လုပ်ပေတော့။

ကျွန်ုပ်လည်း ကိစ္စအထွေအထူးမရှိလေတော့ ဘဏ်ကို မရောက်တာ နှစ်နှင့်ချီကြာသွားပြီ။ ဘဏ်ကိစ္စအားလုံး iBanking နှင့်ပဲ လုပ်နေတာဖြစ်၏။ ယခု ကိစ္စရှိလို့ ဘဏ်ရောက်တော့ ထိုအသစ်အဆန်းများကို အံ့သြစွာ တွေ့ရခြင်းဖြစ်၏။

နောက် အလုပ်သမားများကို ထုတ်ပေးသည့် ဝပ်ပါမစ်ကဒ်မှာလည်း ယခင်ကလိုမဟုတ်တော့။ အချက်အလက်များကို ဖုန်း၌ SG WorkPass ဟူသော App ကို install လုပ်ကာ ကဒ်ပေါ်၌ပါသည့် QR Code ကို scan လုပ်လျက် အချက်အလက်များကို ကိုယ့်ဘာသာ ဖုန်းထဲ၌ save လုပ်ထားရတာ ဖြစ်သည်။

ဟောသည်မှာ ဝပ်ပါမစ် အဟောင်းနှင့်အသစ်။ (ပုံတွင်ကြည့်ပါ။)

အဲဒါပါဘဲ မိတ်ဆွေများခင်ဗျား။

သြော် – ဟို . . . . စင်ကာပူဟာ ရပ်မနေဘူး။ ပြေးနေတယ်။ သူ့ကိုကျော်ချင်ရင် ဖာရာရီလောက်တော့ ဝယ်ထားမှ ဖြစ်မယ်ဆိုတာ ပြောချင်လို့ပါ။

စဒါဘာ
စဒါဘာ

လူအချင်းချင်း သေနတ်ပစ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၅ သြဂုတ်လ၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts