ကျော်ဟုန်း နိုင်ငံတကာရေးရာ

မွန်းအောင်နှင့် နှစ် ၃၀ မြောက် ၈၈၈၈ အခမ်းအနား ကနေဒါတွင် ကျင်းပ

 

မွန်းအောင်နှင့် နှစ် ၃၀ မြောက် ၈၈၈၈ အခမ်းအနား ကနေဒါတွင် ကျင်းပ

ကျော်ဟုန်း ( မိုးမခမီဒီယာ) ၊ သြဂုတ် ၁၆၊ ၂၀၁၈

နှစ် ၃၀ မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အခမ်းအနားကို ကနေဒါရောက် ABSDF ကျောင်းသားရဲဘော်
များက သြဂတ်စ် ၁၁ ၊ ၂၀၁၈ စနေနေ့မှာ 487 Alexander st , Vancouver , Canada ရှိ Japanese Language School ခန်းမဆောင်မှာ စုပေါင်းကျင်းပခဲ့ပါတယ်။

၈၈၈၈ အခမ်းအနားကို နေ့လယ် ၁ နာရီမှာ အခမ်းအနားမှူး ကိုဌေးအောင်မှ စတင်ဖွင့်လှစ်ပေးပြီး ကိုတင်နွယ်မှ အလေးပြုခြင်း ၃ ရပ်ကို တိုင်ပေးပါတယ်။ တက်ရောက်လာသော ရဲဘော်များကလည်း ကျဆုံးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ၈၈၈၈ လူထုအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြတဲ့ ရဟန်း ပြည်သူ ကျောင်းသား အာဇာနည်များကို အလေးပြုခြင်း၊ ခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်းများဖြင့် အခမ်းအနားကို စတင်လိုက်ပါတယ်။

သည့်နောက်မှာ အခမ်းအနားတက်ရောက်လာသူများ အားလုံးက ကျောင်းသားသမဂ္ဂ သီချင်းကို စုပေါင်းသီဆိုပြီး ၈၈၈၈ အရေးတော်ပုံကို ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူအပေါင်းကို ဂုဏ်ပြုကြပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးကော်မတီကိုယ်စား ကိုဟော်စမွန်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း၊
CBENO မှ ပေးပို့သော သဝဏ်လွှာကို Mr. Muns မှ  ဖတ်ကြားပေးခြင်း၊ ရဲဘော် တင်အောင်ထွန်းမှ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ မျက်မှောက်အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ ရဲဘော် စောအေးမင်း၊ လူထူး၊ ကိုမူးသာတို့မှ လူထုအရေးတော်ပုံအပေါ် ခံစားချက်နဲ့ ရှေ့ဆက်လုပ်ဆောင်ရန်  လုပ်ငန်းစဉ်များ အတွက် ၎င်းတို့အမြင်များကို တင်ပြဆွေးနွေးသွားပါတယ်။

သည့်နောက်မှာ ကမ္ဘာမကြေဘူးသီးချင်းကို တက်ရောက်လာသူများ စုပေါင်းသီဆိုပြီး အောင်မြင်စွာ အခမ်းအနားကို ခေတ္တ ရုတ်သိမ်းခဲ့ပါတယ်။

အနားယူအချိန်ပိုင်းမှာ ပရိသတ်များကို မြန်မာထမင်းဟင်း၊ အချိုမုံ့ မျိုးစုံနဲ့ ဧည့်ခံကျွေးမွေးပါတယ်။


ဒုတိယပိုင်း ဖြေဖျော်ရေးအစီအစဉ်ကို နေ့လယ် ၃ နာရီမှာ ပြန်လည်စတင်ခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ AB ရဲဘော်ဟောင်း အဆိုတော် မွန်းအောင်က FNG တေးဂီတအဖွဲ့၊ သေ့ဘောဘိုးရဲဘော်ဟောင်းများအဖွဲ့ နဲ့အတူ တော်လှန်ရေးသီချင်းများအပြင် သူ့ရဲ့ ကျော်ကြားခဲ့တဲ့ တေးသီချင်းများပါတွဲဖက်ပြီး အပိုင်း ၅ ပိုင်းခွဲကာ ဖြေဖျော်ခဲ့ပါတယ်။

ကူညီ တီးခတ်ပေးကြသူများကတော့ FNG မှ ကိုပုလေး၊ ကိုစိုးဦး၊ ကိုတင်ကိုကို၊ ကိုသန်းထိုက်နဲ့ ဆန်ဖရန်မှ
ဂီတမှူး ကိုခင်စိုးက ကီးဘုတ်တီးကာ အားဖြည့်ကူညီပါတယ်။ သေ့ဘောဘိုး ကျောင်းသားရဲဘော်များ ဂီတအဖွဲ့မှာ ကိုသက်၊ ကိုထွန်း၊ ကိုစိုးဦး၊ ကိုတင်ကိုကို၊ ကိုခင်စိုးတို့ က အားဖြည့် ကူညီ တီးခတ်ပေးကြပါတယ်။


ကိုတင်နွယ်၊ ကိုကျော်စိုးမင်း၊ ကိုဇော်ယျာကျော်၊ ကိုဇော်ဝမ်း၊ ကိုမြင့်ဝေ၊ မမော်မော်၊ မမေသူသူမြင့်တို့မှလည်း ကိုမွန်းအောင် နားချိန်ကြားကာလများမှာ ဖြေဖျော်မှု အဆက်မပြတ်အောင် အားဖြည့်သီဆိုပေးပါတယ်။

နောက်ဆုံးအချိန်ပိုင်းမှာ ကိုမွန်းအောင်က နော်ဝေမှ လာရောက်တဲ့ သူ့ သမီးနဲ့အတူ အမှောင်လွှမ်းတဲ့ကမ္ဘာကြီး သီချင်းကို တွဲဖက်ဖြေဖျော်ပြီး မှိုင်းလုံးမိုး သီချင်း
ကို ရဲဘော်ဟောင်းများနဲ့အတူ စုပေါင်းသီဆိုပြီး ည ၈ နာရီမှာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts