မှတ်စုမှတ်တမ်း လှကျော်ဇော

လှကျော်ဇော – ဖေဖေရဲ့မင်းသားကြီး

၂၃-၁-၁၉၇၂-ဒေဝီ့မင်္ဂလာပွဲမှာတွေ့ရတဲ့ဖေဖေနဲ့မေမေ

လှကျော်ဇော – ဖေဖေရဲ့မင်းသားကြီး

ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ ဆောင်းပါးအမှတ်(၄၈)

(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၈

၁၉၅၈- ခုနှစ်လောက်ကစလို့ ဖေဖေ ငြိမ်းချမ်းရေးအဖွဲ့ထဲဝင်လှုပ်ရှားခဲ့စဉ်ကတည်းက တောက်လျှောက် ဖေဖေနဲ့အလွန်ရင်းနှီးခဲ့တဲ့ ရဲဘော်ကြီးဦးသန့်စင် ခေါ် ဦးအောင်ဇေဟာ တော်ဘုရားကလေးဆိုတဲ့ နောက် ဆုံးဘုရင်သီပေါမင်းရဲ့မြေးတော်ပါ။

ဖေဖေတို့ကတော့…. မင်းသားကြီး ….လို့ခေါ်ပါတယ်။

 

ဆရာကြီးမှိုင်းက ဖေဖေတို့ကို သူတို့ တို့ဗမာအစည်းအရုံးအတွက် နယ်လှည့်စည်းရုံးရေးဆင်းတုန်းက သခင်ထိပ်တင်ကိုယ်တော်ကြီးကို ထိပ်ဆုံးကနေရာပေးထားရကြောင်း၊ ကျေးလက်လူထုကလည်း မင်းသား ပါလာတယ်ဆိုရင် သိပ်ထောက်ခံကြကြောင်း၊ ဒါ့ကြောင့် “မင်းတို့လည်း ဂရုစိုက်ကြ၊  တော်ဘုရားလေးကို ရှေ့တင်ပြီး စည်းရုံးရေးဆင်းကြလို့ မှာဖူးကြောင်း၊ တကယ်လည်း နယ်တွေစည်းရုံးရေးဆင်းတဲ့အခါ သီပေါ မင်းမြေးတော်ပါလာတယ်ဆိုတဲ့သတင်းကြောင့် ရွာတွေကလူထုတွေ တက်လာကြကြောင်း….. စတာတွေ ကို ဖေဖေကသူ့စာအုပ်မှာ ရေးထားတာတွေ့ရပါတယ်။  ဒါ့အပြင် ဖေဖေက ဒီလိုဆက်ရေးထားပါတယ်။

…… မင်းသားကြီးမှာ လူပုံပန်းကလေးက နွဲ့နွဲ့နှောင်းနှောင်း ပုပုပျပ်ပျပ်ကလေးသာဖြစ်သည်။ စကားပြော အလွန်ချိုသာအေးဆေးပြီး ရိုးရိုးသားပွင့်လင်းသူလည်း ဖြစ်ပါသည်။ အလွန်ချစ်စရာကောင်းသူလည်း ဖြစ်ပါ သည်။ လူပုံကအေးဆေးပျော့ပျောင်းသော်လည်း စိတ်ဓာတ်ကတော့အအလွန်မာကြော ခိုင်မာသူဖြစ်ပြီး သူ့ သက်တာလုံးပြည်သူများဘက်က တစိုက်မတ်မတ် ရပ်ခံသွားသူသာဖြစ်ပါသည်။ ဖမ်းဆီးထောင်ချ၊ ညှဉ်း ပန်းမှုများလည်း ခံခဲ့ရသူဖြစ်ပါသည်။……

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ)-နှာ၂၇၅။)

ဖေဖေတပ်မတော်မှ (၁၉၅၇) ပင်စင်ယူပြီးကာလမှစကာ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီက အာဏာ သိမ်းချိန်အထိ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှု ဆရာကြီးမှိုင်းဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ် ငန်းစဉ်တလျှောက်မှာ ဦးအောင်ဇေ ပါဝင်ခဲ့ပါတယ်။

နယ်ခရီးထွက်ရာမှာရော ရန်ကုန်မြို့တွင်းရပ်ကွက်အသီးသီးကိုလှည့်လယ်စည်းရုံးရာမှာရော ဖေဖေနဲ့တတွဲ တွဲ တွေ့ရသူတွေထဲမှာ အန်ကယ်ဦးသန့်စင် (ထိုစဉ်ကအမည်မှာ-ဦးသန့်စင်ဖြစ်ပါတယ်။) ကိုတွေ့ရပါတယ်။

၁၉၆၁ ခုနှစ်မှာဖွဲ့ခဲ့တဲ့ တရုတ်ဖြူကျူးကျော်မှုနဲ့နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီမှာလည်း ပါဝင်ခဲ့ ဖူးပါတယ်။

၁၉၆၄ ခုနှစ်မှာဆရာကြီးမှိုင်းကွယ်လွန်ချိန်မှာဖွဲ့ခဲ့တဲ့ ဆရာကြီးမှိုင်းဈာပနကျင်းပရေးကော်မတီမှာရော တဆက်တည်းဖွဲ့ခဲ့တဲ့ ဆရာကြီးမှိုင်းဂူဗိမာန်တည်ဆောက်ရေး အဖွဲ့တွေမှာရော ပါဝင်တာဝန်တွေယူခဲ့ပြီး တာဝန်အားလုံးဟာလည်း (ကျွန်မမှတ်မိသလောက်) ဘဏ္ဍာရေးမှုး(ငွေထိမ်း) အလုပ်များချည့် ဖြစ်ပါတယ်။

 

အန်ကယ်ဦးသန့်စင်ဟာ ဖေဖေတို့နဲ့အစည်းအဝေးမရှိရင် အန်တီဒေါ်ခင်မေကိုရော သူတို့ရဲ့တဦးတည်း သောသမီးလေး ဒေဝီသန့်စင်ကိုပါအလည်ခေါ်လာတတ်လို့ ကျွန်မတို့တမိသားစုလုံးနဲ့ရင်းနှီးသွားပါတယ်။ ဒေဝီက ကျွန်မအောက်ညီမ စန်းနဲ့ရွယ်တူပါ။ သူက ကျွန်မကိုစန်းခေါ်သလို…မမလှ….လို့ပဲခေါ်ပြီး သူ့ကို လည်း ကျွန်မ မောင်များက… မမဒေဝီလို့ ခေါ်ပါတယ်။ ဒီလိုနဲ့ကျွန်မတို့တတွေ မောင်နှမ-ညီအမတွေလို နီးစပ်ရင်းနှီးခဲ့ကြပါတယ်။

အထူးသဖြင့်ဆရာကြီးမှိုင်းဈာပနကာလနဲ့ ဂူဗိမာန်တည်ဆောက်ရေးကာလတွေမှ သူတို့အိမ် (အနီးအနား ကန်တော်မင်ပန်းခြံထဲမှာပဲရှိတာကြောင့်) ဟာ အားလုံးရဲ့ စားကျက်ချရာနေရာ ဖြစ်လာပါတယ်။

အန်ကယ်ဦးသန့်စင်ဟာ ဖေဖေကိုအတော်ခင်မင်လေးစားပါတယ်။ ဒေဝီ ၁၉၇၂ ခုနှစ်မှာလက်ထပ်တော့ ဖေဖေနဲ့မေမေကို လက်ထပ်ပေးခိုင်းပါတယ်။ လက်ထပ်ပြီးစီးကြောင်း ကြော်ငြာထည့်ဖို့ လုပ်သားနေ့စဉ်ကို သွားတော့ ဖေဖေနဲ့မေမေကှိုကျေးဇူးတင်ကြောင်း ထည့်ထားတာကိုဖြုတ်ပေးရမယ်ဆိုတော့ အန်ကယ်ဦး သန့်စင်က ဗိုလ်ချုပ်နံမည်မထည့်ရရင် မထည့်နဲ့ပြန်လာခဲ့ကြ…လို့ပြောကြောင်း သိရပါတယ်။

မဆလက အဲဒီကာလက ဖေဖေကိုပြည်ပြေးတွေနဲ့ပေါင်းသွားပြီဆိုပြီး သတင်းလွှင့်ထားချိန်ဖြစ်လို့ ဖေဖေ နံမည်မထည့်ခိုင်းတာပါ။ အန်ကယ်ကလည်း ဒါကိုသိလို့ တမင်ဖေဖေရှိနေတယ်။ သူတို့သတင်းလွှင့်တာ မဟုတ်ကြောင်း ချေပဖို့လုပ်တာပါ။

ကျွန်မတို့တတွေ-၁၉၇၆ ခုနှစ်တောတွင်းရောက်လာတာဖြစ်တော့ အန်ကယ်အကြောင်း သတင်းမီဒီယာ တွေကပဲနားထောင်နေရပါတယ်။ နောက်ပိုင်းအဖမ်းအဆီးခံရတဲ့သတင်းတွေ၊ ဒေဝီတို့မောင်နှံ(ရှစ်လေးလုံး အရေးအခင်းမှာပါဝင်မှုကြောင့်) အလုပ်ပြုတ်သွားတဲ့သတင်း၊ စတာတွေပါ အမျိုးစုံကြားနေရပြီး ဒေါ်ဒေါ် ဒေါ်အမာရဲ့မွေးနေ့တွေမှာ အန်ကယ်တက်ပြီး ကဗျာတွေဘာတွေဖတ်တဲ့အကြောင်းတွေလည်း ဖတ်ရပါ တယ်။ သုတေသနစာတန်းများ ဘာသာပြန်စာအုပ်စာတန်းများ၊ ကိုယ်တိုင်ရေးအထုပွတ္တိ စတာတွေ…. ထွက်လာတာတွေလည်း တွေ့ရပါတယ်။

သတင်းတွေနားထောင်ရင်းနားထောင်ရင်း အလွန့်ကိုမကြားချင်တဲ့နာရေးသတင်းများလည်း ကြားလာရပါ တယ်။ အခုတော့အန်ကယ်ဦးသန့်စင်ရော အန်တီဒေါ်ခင်မေ ရော မရှိတော့ပါဘူး။ အန်ကယ်ဦးသန့်စင် ကွယ်လွန်ပြီးမှ နှစ်စဉ်ချီးမြှင့်ခဲ့တဲ့ “တော်ဘုရားကလေးစာပေဆု” (နိုင်ငံရေးစာပေဆု)ကို၂၀၁၃-မှာ ဖေဖေ ကိုယ်တိုင်ရေး အတ္ထုပွတ္တိ ”ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့”(ဖြိုးမောက်သာစာပေ)စာအုပ်ကိုချီးမြှင့်ခဲ့ပါတယ်။

ကြားရတဲ့သတင်းတွေထဲမှာ သတင်းကောင်းများ ဝမ်းသာအားတက်ဖွယ်သတင်းများလည်း ပါလာပါတယ်။ အန်ကယ်ရဲ့တဦးတည်းသောသမီးလေး ဒေဝီသန့်စင်ရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်ကျော်ကြားလာမှုပါ။ ဒေဝီဟာ ဗမာပြည်ရဲ့သြဇာကြီးတဲ့ လူမှုရေးလှုပ်ရှားတဲ့ အမျိုးသမီးတဦးဖြစ် လာပြီး၊ လူအများ ရဲ့လေးစားမှုကြည်ညိုမှုတွေကို ရရှိလာတာတွေ့ရပါတယ်။

ဒေဝီရဲ့တွေ့ဆုံမေးမြန်းခန်းတွေလည်း တွေ့လာရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းဆို တာ အလွန်မွန်မြတ်တဲ့လုပ်ငန်းဖြစ်ပြီး လူသားမျိုးနွယ်စုတရပ်လုံးနဲ့ သက်ဆိုင်တဲ့အတွက် အလွန်စိတ်ဝင် စားဖွယ်လည်း ကောင်းပါတယ်။

တကယ်တော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆန့်ကျင်ဖက်(၂)ရပ်နဲ့ ပေါင်း စည်းဖြစ်ထွန်းနေတဲ့ ပဋိပက္ခတစုံဖြစ်ပါတယ်။

ဒီအကြောင်းအရာ (၂) ရပ်ဟာ အပြန်အလှန်တွန်းဖယ်နေတဲ့ဆန့်ကျင်ဖက် (၂) ရပ်အဖြစ် ကွဲပြားနေသလို အပြန်အလှန်ဆက်သွယ်မှုတွေလည်း ရှိနေပါတယ်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကိုဂရုမစိုက်ပဲ ဖွံ့ဖြိုးတိုးတက်ရေးပဲဖိလုပ်နေလို့မဖြစ်သလို၊ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို အဓိကထားအကြောင်းပြပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ပစ်ပယ်ထားလို့လည်း မရ ပါဘူး။

လွန်ခဲ့တဲ့အနှစ် (၂၀၀) ကျော်ကစတင်ခဲ့တဲ့ စက်မှုလက်မှုတော်လှန်ရေးများကြောင့် အကျိုးကောင်းကောင်း ခံစားခဲ့ကြရတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ (အမေရိကန်နဲ့ ဥရောပနိုင်ငံများ) က သူတို့ရဲ့အမှိုက်ထုတ်နဲ့ ဝန်ထုတ်ဝန်ပိုး တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကမ္ဘာကြီးပူနွေးလာမှု စတာတွေကို ကိုယ့်တာဝန်ကိုယ်ယူ ဖြေ ရှင်းရမယ့်အစား (ဂလိုဘယ်လာစေးရှင်းကြောင့်လည်း ပါပါတယ်။) တကမ္ဘာလုံးကပြည်သူများ (အထူး သဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ)ကိုပါ ခွဲဝေပေးလိုက်တာပါပဲ။

ဒီရာသီဥတုအပြောင်းအလဲဒဏ်တွေကိုအခံရဆုံးသူတွေဟာ အဆင်းရဲဆုံးနိုင်ငံကသူများသာဖြစ်ပါတယ်။ ဒါ့ ကြောင့် ဒီလိုမျိုးဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံများက ဒိီလိုသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာမြင့်မား လာတာဟာ ကောင်းတဲ့ကိစ္စတရပ်ပါ။ ဒါပေမဲ့ အားလုံးဖက်စုံအောင် (အားကောင်းချက်၊ အားနည်းချက်၊ အဲဒီအားနည်းချက်တွေကိုသက်သာသွားအောင်လုပ်တဲ့နည်းလမ်းတွေ)လေ့လာရမှာဖြစ်တဲ့အပြင် ဒီလိုတိုင်း ပြည်မျိုးရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကိုပါ ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။

အခုဒေဝီတို့လုပ်ဆောင်နေကြတဲ့အဖွဲ့တွေဟာ နိုင်ငံတကာကိုလည်း သွားရောက်လေ့လာခွင့်တွေရကြလို့ နိုင်ငံတကာရဲ့စနစ်ကောင်းတွေ လုပ်ဟန်ကောင်းတွေကို ဗမာပြည်ကိုသယ်ဆောင်လာနိုင်မယ်။ ဗမာပြည် ရဲ့လက်တွေ့အခြေအနေများနဲ့အညီလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

အန်ကယ်ဦးသန့်စင်ဟာ မျိုးရိုးအရ ပဒေသရာဇ်အနွယ်ဖြစ်ပေမယ့် အိုးပစ်အိမ်ပစ် စည်းစိမ်ဥစ္စာပါစွန့်ပစ်ကာ ပြည်သူလူထုအကျိုးစီးပွားဖက်က တသက်လုံးရ ပ်တည်သွားခဲ့ပါတယ်။ အဖမ်းအဆီး၊ အနှိပ်အစက်၊ ထောင်တန်း…စတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးလည်း ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့ပါပြီ။

အခုတော့ အန်ကယ်ရဲ့မျှော်လင့်ချက်တွေမျှော်မှန်းချက်တွေကို အန်ကယ်ရဲ့ကျန်ရစ်တဲ့သမီး ဒေဝီက တထောင့်တနေရာက တတ်နိုင်သမျှ လုပ်ဆောင်အကောင်အထည် ဖော်နေမှုများကိုတွေ့မြင် ကြားသိနေရ တဲ့အတွက် ဝမ်းသာဂုဏ်ယူနေမိပါတယ်။

အန်ကယ်တို့ဇနီိးမောင်နှံ ငြိမ်းချမ်းစွာ အနားယူပါတော့။

 

လှကျော်ဇော

၃၀-၇-၂၀၁၈။

မှတ်ချက်။  ။

၁။ ပုံအတွက်စာ။၂၃-၁-၁၉၇၂-ဒေဝီ့မင်္ဂလာပွဲမှာတွေ့ရတဲ့ဖေဖေနဲ့မေမေ။

၂။ အရေးတော်ပုံအတွဲ(၂)။ အမှတ်(၁၂)။မှ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts