ရေခြားမြေခြား မြန်မာများ

မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

 

မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

(မိုးမခ) သြဂုတ် ၃၊ ၂၀၁၈

အမေရိကားရောက်နေတဲ့ မြန်မာတွေကို မြန်မာအမေရိကန်တွေလို့ ခေါ်ကြတယ်။ မြန်မာပြည်မှာမွေးကြတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံဟာ မြန်မာ အမေရိကန်တွေပါပဲ။ ဘိုဆန်ဆန်ပြောရင်တော့ Burmese American တွေဆိုပါတော့။

မိုင်ပေါင်းသောင်းချီဝေးတဲ့ ဒီဒေသကိုရောက်နေကြတဲ့မြန်မာပြည်ဖွားအပေါင်းကလည်း အမေရိကားရဲ့ ၂၀၁၀ တရားဝင် သန်းကောင်စာရင်းအရ တစ်သိန်းနဲ့နှစ်ရာ စာရင်းပေါက်တယ်။ အခု၂၀၁၈ဆိုတော့ တွေးသာကြည့်ပေတော့။ ၂၀၂၀မှာကောက်မဲ့ သန်းကောင်စာရင်းမှာဆိုရင်တော့ ခန့်မှန်းကြည့်တာ သုံးသိန်းလောက် စာရင်းပေါက်မယ်ထင်တယ်။

မြန်မာအမေရိကန်တွေထဲမှာ အများဆုံးကတော့ တရုတ်လို့ မြန်မာတွေခေါ်ကြတဲ့ မြန်မာပြည်ဖွားချိုင်းနိစ်တွေပါ။ မြန်မာစစ်စစ်တွေလိုပဲ မြန်မာစကားပြောတယ်။ မြန်မာပြည်ကိုချစ်တယ်။ မြန်မာဘုန်းကြီးကျောင်းတွေထောင်တယ်။ မြန်မာအစားအစာတွေကို ကြိုက်တယ်။ မြန်မာသီချင်းဆိုတယ်။ မြန်မာအက ကကြတယ်။ ဥပမာပြောရရင် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့က ရပ်ကွက်ကွန်မြူနီတီစင်တာတစ်ခုမှာလုပ်တဲ့ ဘုန်းကြီးကျောင်းသင်္ကြန်ပွဲကို ၁၉၉၉ က ရောက်သွားတော့ မြန်မာသင်္ကြန်သီချင်းတွေကို ဆိုနေသူရော က,နေသူရော ရွှေပွဲလာပရိတ်သတ်တွေရော အားလုံးရဲ့ ရာခိုင်နှုန်းကိုးဆယ်ကိုးလောက်ဟာ မြန်မာချိုင်းနိစ်တွေချည်း ဖြစ်နေတာ သတိထားမိတယ်။ ပေါက်ဖေါ်တွေပေမဲ့ မြန်မာစကားပြောရမှ အားရတဲ့ မြန်မာနိုင်ငံသားစစ်စစ်ကြီးတွေမို့ အမေရိကန်ရောက်တော့လည်း မြန်မာသင်္ကြန်သီချင်းတွေကို အားပါးတရ သီဆိုနေကြတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာတွေရော အခြားတိုင်းရင်းသားတွေပါ အများအပြား ရောက်ရှိနေကြပါပြီ။

အမေရိကားကို ပထမဆုံးရောက်လာတဲ့ မြန်မာလူမျိုးလို့ သတ်မှတ်ခံရသူက ၁၈၅၈မှာရောက်လာခဲ့သူ ဒေါက်တာရှောလူး တဲ့။ ပင်ဆာဗေးနီးယားပြည်နယ်က လူးဝစ္စဘတ်ခ်ျတက္ကသိုလ် (ယခုဘပ်ဂ်နဲတက္ကသိုလ်) ကနေ ဆရာဝန်ဘွဲ့ကို ၁၈၆၇မှာယူပြီး နောက်နှစ်မှာ မြန်မာပြည်ပြန်သွားပါသတဲ့။ (အခုခေတ်ဆိုရင်တော့ အမေရိကားမှာပဲ အထူးကုဆရာဝန်လုပ်ပြီး နေခဲ့မယ်ထင်တယ်။)

အမေရိကားကို မြန်မာတွေ အလုံးအရင်းနဲ့ ပထမဆုံးပြောင်းရွှေ့ခဲ့ကြတာက ၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပါတယ်။ ပြည်သူပိုင်သိမ်းတယ်၊ တရုတ်ဗမာရိုက်ပွဲဖြစ်တယ်။ အဲဒီလိုနဲ့ မြန်မာပြည်ဖွား ချိုင်းနိစ်များအတွက် မလုံခြုံတော့တဲ့အခါ မြန်မာပြည်ကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရတယ်။ ၆၀ခုနှစ်နှောင်းပိုင်းကနေ ၇၀ခုနှစ်နှောင်းပိုင်းများအထိ အမေရိကားကို ရောက်လာခဲ့ကြတဲ့ မြန်မာအမေရိကန်တွေဟာ ချိုင်းနိစ်နွယ်ဖွားတွေချည်းများတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို အမေရိကားမှာ စတင်မိတ်ဆက်ပေးခဲ့တာလည်း သူတို့ပဲ။ မြန်မာချိုင်းနိစ်တွေဟာ ပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေများကြတယ်။ အိန္ဒိယသွေးနှောတဲ့ မြန်မာကပြားတွေလည်း အနည်းငယ်ပါရှိခဲ့တယ်။


မြန်မာအမေရိကန်တွေ ဒုတိယလှိုင်းအနေနဲ့ အမေရိကားကို ရောက်ရှိလာကြတာကတော့ ၁၉၈ဂပြည်သူ့အရေးတော်ပုံကြီး(ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး) နောက်ပိုင်းမှာပါ။ အဲဒီဒုတိယလှိုင်းနဲ့ ရောက်လာသူအစုထဲမှာ မြန်မာနဲ့ အတူ ကရင်၊ ကချင်၊ ချင်းစတဲ့တိုင်းရင်းသားမျိုးစုံ ပါလာခဲ့ပြီ။ ရှစ်လေးလုံးနောက်ပိုင်းကနေ ၂၀၀၀ခုနှစ်အတွင်း လူနှစ်သောင်းခွဲကျော် ရောက်လာခဲ့ကြပါသတဲ့။ နိုင်ငံရေးဒုက္ခသည်တွေအများစုဖြစ်တဲ့ ဒီအသုတ်မှာပါတဲ့ မြန်မာခြောက်ထောင်ကျော်က အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ အခြေချကြတယ်။

၂၀၀၆ကနေ နောက်ပိုင်းမှာ တတိယလှိုင်းနဲ့ရောက်လာခဲ့ကြသူတွေကတော့ ထိုင်းမြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံပါပဲ။ ကရင်လူမျိုးအများစုပါ။ ၂၀၀၆ခုနှစ် အောက်တိုဘာလကနေ ၂၀၀၇ခုနှစ် သြဂုတ်လအထိ ဆယ့်တစ်လအတွင်းမှာပဲ ကရင်ဒုက္ခသည်ပေါင်း တစ်သောင်းနှစ်ထောင့်ရှစ်ရာအထိ အမေရိကားကို ရောက်လာခဲ့တယ်။ အခုနောက်ဆုံးစာရင်းတွေအရ တတိယလှိုင်းနဲ့ ဝင်လာကြတဲ့မြန်မာအမေရိကန်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ရှိတာကြောင့် (၂၀၀၇-၂၀၁၇)ဆယ်နှစ်တာအတွင်းအမေရိကန်ရောက် တကမ္ဘာလုံးက စစ်ပြေးဒုက္ခသည်စာရင်းမှာ မြန်မာခရစ်ယာန်(ကရင်လူမျိုးအများစု) တွေက နံပါတ်တစ်စာရင်း ဝင်သွားပါတယ်။

အရင်ရောက်နှင့်ပြီးဖြစ်တဲ့ မြန်မာအမေရိကန်မိသားစုဝင်တွေက တရားဝင်ခေါ်ယူကြတဲ့အခါ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ ညီအကို၊ မောင်နှမ တွေ ရောက်ရှိလာကြတယ်။ ဒါ့အပြင် ဒီဗွီမဲလို့ အတိုခေါ်ကြတဲ့ Diversity Visa Program အရ မဲပေါက်ပြီးရောက်လာကြသူကလည်း နှစ်စဉ်လိုလိုမနည်းလှပါ။


စစ်အစိုးရအဆက်ဆက်ရဲ့ ကျေးဇူးတော်အဖုံဖုံကြောင့် ရောက်ရှိလာကြတဲ့ မြန်မာအမေရိကန်စာရင်းဟာ တိုးပြီးရင်းတိုးပါပဲ။ ဆယ်နှစ်တစ်ခါကောက်တဲ့ အမေရိကန်သန်းကောင်စာရင်းအရပြောရရင် ၂၀၀၀ခုနှစ်စာရင်းအရ မြန်မာဦးရေ (၁၆,၇၂၀)ပဲရှိရာက ၂၀၁၀စာရင်းမှာ (၁၀၀,၂၀၀)ဖြစ်သွားလို့ တိုးနှုန်းက ၄၉၉%ပါတဲ့။ ဆယ်နှစ်အတွင်း ငါးဆနီးပါး တက်လာတယ်။ အရင်က သန်းကောင်စာရင်းမှာ ‘အခြားအာရှလူမျိုးများ’လို့ ဖြည့်ခဲ့ကြရပေမဲ့ အခုလာမဲ့ ၂၀၂၀သန်းကောင်စာရင်းမှာတော့ ‘မြန်မာ-အမေရိကန်’လို့ ကိုယ့်လူမျိုးအမှန်အတိုင်း ဖြည့်ခွင့်ရတော့မယ် ထင်ပါရဲ့။

မြန်မာအမေရိကန်တွေအများဆုံးနေထိုင်တဲ့ မြို့တွေကတော့

(၁)မင်နီဆိုးတားပြည်နယ်၊ မင်နီယားပူးလစ်( Minneapolis, Minnesota) မှာ မြန်မာနွယ်ဖွား တစ်သောင်းနီးပါးရှိတယ်။ ကရင်နွယ်တွေ နှစ်ထောင့်ငါးရာကျော်အပါအဝင် တိုင်းရင်းသားပေါင်းစုံပဲ။

(၂)အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့(Fort Wayne, Indiana)မှာ မြန်မာပြည်က နိုင်ငံရေးဒုက္ခသည်အများအပြားအပါအဝင် မြန်မာခြောက်ထောင်ကျော်နေတယ်။

(၃)နယူးယော့ခ်ပြည်နယ်၊ နယူးယော့ခ်( New York, New York) တစ်ဝိုက်မှာ မြန်မာချိုင်းနိစ်နွယ်အများစုဖြစ်ပြီး ခုနှစ်ထောင်ကျော်နေတယ်။

(၄)ကယ်လီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ( San Francisco Bay Area, California) တစ်ဝိုက်မှာလည်း ချိုင်းနိစ်နွယ်ဖွားအများစုဖြစ်တဲ့ မြန်မာတွေ ခြောက်ထောင်ကျော်လောက် ရှိကြတယ်။

(၅)ကယ်လီဖိုးနီးယားတောင်ပိုင်း၊ လော့စ်အိန်ဂျလိစ္စမြို့( Los Angeles, California) တစ်ဝိုက်မှာလည်း ချိုင်းနိစ်နွယ်ဖွားအများစုဖြစ်ပြီး မြန်မာခြောက်ထောင်နီးပါးရှိတယ်။

(၆)တက္ကဆက်ပြည်နယ်၊ဒါးလက်စ်၊ ဟူစတန်တဝိုက်( Dallas, Texas) မှာလည်း မြန်မာငါးထောင်နီးပါးရှိတယ်။

(၇)ဥက္ကလာဟိုးမားပြည်နယ်၊ တူလ်ဆာ(Tulsa, Oklahoma) တစ်ဝိုက်မှာ ချင်းလူမျိုး ငါးထောင်ကျော် နေတယ်။

(၈)အင်ဒီယားနားပူးလိ(Indianapolis)၊ ဘတ်ဖလိုး( Buffalo)၊ ဝါရှင်တန်(Washington) တစ်ဝိုက်တွေမှာလည်း လေးထောင်ခန့်ဆီ ရှိကြတယ်။

(၉) မြန်မာအမေရိကန်တွေ အများစုနေကြတဲ့ နောက်ထက်မြို့ကြီးတွေကတော့ ချီကာဂို၊ဆန်ဒီယေးဂို၊ဘော့စတွန်၊ ဖလော်ရီဒါ စတဲ့မြို့တွေပါပဲ။ မြို့ကြီးတွေအများစုမှာ လိုလို မြန်မာတွေနေကြပါတယ်ပေါ့ဗျာ။

အခုလို အမေရိကားပြည်နယ်အနှံ့က မြို့ကြီးတွေကို မြန်မာတွေ ပျံ့နှံ့သွားရခြင်း နောက်ထပ်အကြောင်းတစ်ခုကတော့ ဆူရှီ(Sushi) လို့ခေါ်တဲ့ ဂျပန်ထမင်းလိပ်နဲ့ငါးထမင်းကပ် လုပ်ငန်းကြောင့်ပါပဲ။ ‘သခင်မျိုးဟေ့ ဘီရုမာ’ တွေဟာ အမေရိကားရောက်တဲ့အခါ ‘နိပွန်’တွေဖြစ်ကုန်ကြပြီး ဆူရှီဆိုင်တွေ ထောင်ကြပါတယ်။ ဂျပန်အစားအစာရောင်းရင်း အသက်မွေးကြတဲ့ မြန်မာအမေရိကန်က အများစုပါ။ဆူရှီလုပ်ငန်းစုတစ်ခုကို ထူထောင်ခဲ့တဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးဆိုရင် သမ္မတအိုဘားမားရဲ့ မိန့်ခွန်းပြောပွဲအခမ်းအနားကို ဖိတ်ကြားခံခဲ့ရဖူးတယ်။

ဒီလိုထူးချွန်ထက်မြက်တဲ့ မြန်မာအမေရိကန်တွေလည်း အများကြီးပါပဲ။ ဆရာဝန်တွေ၊ တက္ကသိုလ်က ပရော်ဖက်ဆာတွေ၊ နာဆာအဖွဲ့ကြီးက ပညာရှင်တွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရေးပြရရင် ကုန်နိုင်စရာမရှိ။ နိုင်ငံကျော်အနုပညာရှင်တွေထဲကဆိုရင်တော့ ဂန္ထဝင်အဆိုတော်ကြီးအန်တီဒေါ်မာမာအေး၊ အန်ကယ်နိုး(သိန်းတန်၊မြန်မာပြည်)၊ မေယု၊မေဆွိ၊ မေဝင်းမောင်၊ နီနီဝင်းရွှေ၊ မီမီဝင်းဖေ၊ရတနာဦး။ (ကွယ်လွန်သွားပြီဖြစ်ကြတဲ့ ဒါရိုက်တာဦးကြီးမြင့်၊ စာရေးဆရာတင်မိုး၊ ကြေးမုံဦးသောင်း၊ မောင်သာရ၊ နေရှင်းဦးလောရုံ၊ မယ်ဗမာနော်လွီဇာဗင်ဆင်) တို့အပြင် ဒါရိုက်တာဦးဝင်းဖေ၊ ဆရာမောင်စွမ်းရည်၊ မေငြိမ်း၊ ခက်မာ တို့ဟာ အမေရိကန်အခြေစိုက် မြန်မာတွေပါ။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုထဲမှာကိုပဲ လူငယ်သတင်းအယ်ဒီတာတွေဖြစ်တဲ့ ကိုခိုင်ဘွား( မြန်မာဂေဇက်)၊ ကိုထိန်လင်း( ဧရာဝတီသတင်းဌာန အယ်ဒီတာဟောင်း) တို့အခြေစိုက်ပြီး မြန်မာအမေရိကန်သတင်းသမားတွေအဖြစ် ရှိနေကြတယ်။ မြန်မာပြည်အတွက် မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်ပေးနေကြတယ်။

အခြားထင်ရှားတဲ့ မြန်မာသွေးပါကြသူ မြန်မာအမေရိကန်မိသားစုဝင်တွေကတော့

▪ Julie Chen: television personality
▪ Rich Cho: sports executive
▪ Wendy Law-Yone: writer
▪ Kyaw Kyaw Naing: hsaing waing musician
▪ Natalise: singer
▪ Aung San Oo: brother of Aung San Suu Kyi
▪ Abraham Sofaer: actor, of Burmese Jewish origin
▪ Ezra Solomon: economist
▪ Alex Wagner: television anchor
▪ Patrick Wang: actor and writer
▪ Moe Z. Win: professor at Massachusetts Institute of Technology
▪ Adrian Zaw: actor တို့ ဖြစ်ကြတယ်။

မြန်မာအမေရိကန်တွေအကြောင်း သိချင်သူများအတွက် အနည်းငယ်သော သိသင့်သမျှကို အင်တာနက်ကြီးထဲမှာတွေ့သမျှ ဝေမျှ လိုက်တဲ့သဘောပေါ့။ အကျယ်သိချင်သူများအတွက်ကတော့ Wikipedia ထဲဝင်ဖတ်ချင်ဖတ်၊ ဒါမှမဟုတ် ဂူဂဲလ်(Google)ထဲသာ ဝင်မွှေကြပါတော့လို့။

ချစ်တဲ့
မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts