(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၈
● နိဒါန်း
ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ အနုပညာသမားတွေဟာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့ ၀န်းကျင် အနေအထားကို ထင်ဟပ်ပုံဖော် တင်ပြကြတာတွေ အများအပြားရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဖန်တီးမှုတခုကို နမူနာပြရရင် ပီကာဆိုရဲ့ ဂွာရာနီကာ ပန်းချီကားပါပဲ။ စစ်ရဲ့ အနိဋ္ဌာရုံကို Realism အတိုင်း ဖန်တီးထားခြင်းမဟုတ်ဘဲ သင်္ကေတပြု နိမိတ်ပုံတွေသုံးစွဲ ရေးဆွဲတင်ပြထားတဲ့ ကမ္ဘာကျော်ပန်းချီကားပေါ့။
ကျနော်တို့ဆီမှာလည်း ခေတ်ကိုလည်းကောင်း၊ စစ်ကိုလည်းကောင်း၊ လူသားဖြစ်တည်မှုနဲ့ မျှော်လင့်ချက်ကိုလည်းကောင်း ပုံဖော်တင်ပြမှုတွေ အခုအခါ ပိုမိုများပြား ကျယ်ပြန့်လာတာတွေ့ရပါတယ်။ အရင်ခေတ်တွေက Decoration အဆင့်သာသာ အထားခံခဲ့ရ၊ ပုံဖော်တင်ဆက်ရတဲ့ ပန်းချီဖန်တီးမှုမှာ အခုအခါမှာ အတွေး အမြင် သရုပ်ကို အရင်းအတိုင်း လှပမှုထက် နွယ်ဆက်အတွေး သို့မဟုတ် Concepts ကို အခြေပြု ဖန်တီးတင်ပြလာတဲ့ အနုပညာပုံဖော်ဖန်တီးမှုတွေ များပြားကျယ်ပြန့် လာတာလည်း တွေ့လာနေရပါတယ်။
● ခေတ်ပြိုင်ကိုလည်းရေး၊ သမိုင်းကိုလည်းဖွင့်
အထူးသဖြင့် ပွင့်လင်းမြင်သာပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ မြင်ရတွေ့ရ ပိုမိုများပြားလာတာပါ။ အခုနှစ် ဇူလိုင် ၂၁ ကနေ ၂၃ ရက်နေ့ အထိ၊ ၄၃ – လမ်း၊ အောက်ဘလောက်၊ အမှတ် ၁၀၁၊ ဒုတိယထပ် (၃ လွှာ) မှာရှိတဲ့ 43 Art Gallery မှာ ကျင်းပပြုလုပ်တဲ့ Supernatural လို့ အမည်ပေးထားတဲ့ Surrealist ၅ ဦးရဲ့ ပန်းချီလက်ရာတွေက ခေတ်ကို လည်း ဖွဲ့ဆိုတယ်၊ သမိုင်းကိုလည်း ဖွင့်ဆိုတယ်၊ လောကအမြင် ဘ၀အမြင်နဲ့ အကန့်အသတ် ရှိနေတဲ့ လူသားရဲ့ မျှော်လင့်အိပ်မက်ကိုလည်း လှစ်ဟပြတဲ့ ပန်းချီ ပြပွဲလို့ ခြုံယူသတ်မှတ် နိုင်ပါတယ်။
အဆက်မပြတ် ရွာသွန်းလိုက်၊ ပြန်ရပ်လိုက်နဲ့ ဖြစ်နေတဲ့ ဇူလိုင်မိုးစက်တွေအောက်ကနေ 43 Art Gallery ထဲကို ၀င်ရောက် လိုက်တာနဲ့ မြင်ကွင်းတွေက သီးခြားကမ္ဘာ တစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။
ဒါလီရဲ့ နာရီတွေ အရည်ပျော်နေတာမျိုးလည်း မဟုတ်၊ ခြေထောက် သေးသေးလေးတွေနဲ့ ဆင်ကြီး တွေမျိုးလည်း မဟုတ်၊ နဂိုအရွယ် သေးငယ်ပေမယ့် ပန်းချီကားထဲမှာ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ ပုံဖော် တင်ပြမှုမျိုး မဟုတ်ဘဲ ယနေ့ မျက်မှောက်ခေတ်ရဲ့ ပကတိ အနေအထားကို လျှပ်တစ်ပြက် အတွင်း တွေးမြင် ထင်ဟပ်ပြတဲ့ မြန်မာ့ ပန်းချီလောကရဲ့ ပထမဦးဆုံးလို့ ဆိုနိုင်တဲ့ ဆာရီရယ်လစ်ဇင် (Surrealism) အနုပညာ တင်ဆက်မှုပါပဲ။
● မင်းဇော်အောင်
လောကမျက်ဝန်း (Space Eyes) လို့ ပန်းချီကားထဲမှာတော့ အသားစား ငါးမန်းကြီးက စပါးကြီးမြွေကြီးကို လှမ်းမြို၊ စပါးကြီးမြွေကြီးက အသာစား မိကျောင်းကို လှမ်းမြို၊ မိကျောင်းက ကျားကြီးကို လှမ်းမြို၊ ကျားကြီးက အနက်ရောင် မြေခွေး နှစ်ကောင်ကို ဖမ်းဆွဲကိုက်ဝါး၊ အနက်ရောက် မြေခွေး နှစ်ကောင်က ၀တ်လစ်စလစ် မိန်းမပျိုရဲ့ ခြေထောက် တစ်ဖက်စီကို ကိုက်ဝါး၊ အားနွဲ့သေဆုံးနေတဲ့ မိန်းမပျိုလေးရဲ့ ခေါင်းရင်းမှာက အရိုးခေါင်းပုံ ထိုင်ခုံတခု၊ ထိုင်ခုံမှာ ထိုင်နေတာက တောဘုရင် ခြင်္သေ့မင်း၊ ခြင်္သေ့မင်းက စားပွဲအ၀ါရောင်ပေါ်ရှိ ပန်းကန်ထဲက အသည်းအဆုတ် ကလီစာတွေကို အေးအေး လူလူ ထိုင်စားရင်း တောကောင်တွေ အသားစားကောင်တွေရဲ့ ဖြစ်စဉ်ကို အားရပါးက ရှုစားလို့ပေါ့…၊ စားပွဲ အစွန်းမှာလည်း စားသောက်ပြီးတဲ့ အခါမှာ သောက်သုံးဖို့ သွေးခွက်ကိုလည်း အသားစား ငမန်းရဲ့ ၀မ်းဗိုက်ကို ဖောက်ကာ ပိုက်တန်းလန်းနဲ့ ဖြည့်ဆည်းထားရဲ့။
ပန်းချီကားရဲ့ နောက်ခံကလည်း အပြောကျယ်လှတဲ့ လောကရဲ့ ထောင့်တနေရာကနေ လျှပ်တစ်ပြက် မြင်လိုက်ရတဲ့ မရေရာ မတည်မြဲ လွင့်မျောနေတဲ့ မြင်ကွင်းမျိုးကို ဖန်တီးတင်ပြထားပါတယ်။ ရေးဆွဲသူက ၁၉၈၅ ခုနှစ်ဖွား၊ မုံရွာသားပန်းချီ မင်းဇော်အောင်ပါ။ သူ့ရဲ့ တခြားလက်ရာတွေကလည်း တကယ့်ကို အားရကျေနပ်စရာပါ။ အရာအားလုံး လွင့်မျောနေတဲ့ ၀န်းကျင်တခုထဲမှာ ပြွတ်ကြပ်နေတဲ့ လူတွေ၊ တိုးဝှေ့တွန်းတိုက်နေတဲ့ လူတွေ၊ ဒီလူတွေ ကိုယ်တိုင်က ကုလားထိုင်တလုံးဆီ သွားနေကြတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်းပဲ ကုလားထိုင် ဖြစ်သွားနေတဲ့ ပုံကို ရေးဆွဲတင်ပြထားပါတယ်။ သူတို့ အပေါ် ဖြတ်သန်း ကျရောက်နေတဲ့ အလင်းရောင်နဲ့ နောက်ခံ တိမ်စိုင်တိမ်လိပ်တွေက ခဏသာပါ လို့ ပြောဖို့ မလိုအောင် အားဖြည့် ပေးထား ဖန်တီးထားတာလည်း တွေ့ရပါတယ်။
၂၀၁၁ ခုနှစ်က အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပန်းချီအဓိကနဲ့ ကျောင်းဆင်းခဲ့တဲ့ ပန်းချီမင်း ဇော်အောင် ရဲ့ တခြားလက်ရာတွေကလည်း ကြည့်သူကို အတွေးပွားစေတဲ့ ခေတ်ကို ထင်ဟပ်ပြတဲ့ ပန်းချီကားတွေ ဆိုတာ တွေ့ရပါတယ်။
“ဟုတ် အစ်ကို… ကျနော်လေ… ရေးတာက ဘာမှ မကြာဘူးဗျ။ တွေးနေရတာက ကြာတာ။ ကိုယ်တွေးမိသလိုလည်း ကြည့်သူတွေ မရမှာလည်း စိုးရိမ်မိတာလေ။ အရင်ကတော့ တစ်စုံတစ်ခုကို ရေးရင် တူအောင်ရေးဆွဲတယ်။ အခုတော့ တူအောင်ရေးတာကို ပျင်းသွားတယ်။ တွေးစရာကို ရှာရေးတာပါ အစ်ကို” လို့လည်း ၂၀၁၇ ခုနှစ်က In My Memorial တစ်ကိုယ်တော် ပြပွဲ ပြုလုပ်နိုင်ခဲ့သူ အရပ် မနိမ့်မမြင့် လူငယ်ပန်းချီဆရာ မင်းဇော်အောင်က ပြောပြတယ်။
● ရှိုင်းကိုကို
ဒီပြပွဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ၁၉၉၁ ခုနှစ်ဖွား၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ဖွား ပန်းချီရှိုင်းကိုကိုရဲ့ လက်ရာ တွေကလည်း တစ်မျိုးတစ်ဘာသာ ခေတ်ကို ထင်ဟပ်ပြနေပါတယ်။ ကြေးဝါသတ္တနံ့ရနေတဲ့ အ၀ါရောင် လူတစ်ယောက်ရဲ့ ဦးခေါင်းထက်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီး တပင်ပေါက်လို့…၊ အဲဒီလူရဲ့ ညာဘက်လက်က သူ့နားထင်ကို သေနတ်နဲ့ ထိုးချိန် လုပ်ကြံနေသလိုမျိုး၊ သူ့ရဲ့ ဘယ်ဘက်လက်ကတော့ သတိ အနေအထားနဲ့၊ သူ့လည်ပင်းမှာက အနီရောင်လည်စည်းက လှုပ်ခတ်လို့…။ သူ ဘာကို ဆိုလိုချင်တာပါလိမ့်။ ဦးနှောက်မှာ အခြေတည် အမြစ်စွဲလာတဲ့ အတွေး အမြင် စိတ်ကူးတွေက စိမ်းစိုနေတဲ့ သစ်ပင်တပင် ဖြစ်ပေမယ့် လူကိုယ်တိုင်က အရာရာ သတိဆွဲနေရတဲ့ အဖြစ်၊ ဒီ အဖြစ်ကို လက်မခံနိုင်လွန်းတဲ့ အချိန်တခုမှာ ကိုယ့်ကိုယ်ကို လုပ်ကြံမိလေ မလား လို့ ဆိုတဲ့ အတွေးစိတ်ကူးကို ဆင့်ပွား ခံစားမိလိုက်ပါတယ်။
၂၀၁၃ ခုနှစ်က အမျိုးသား အနုပညာနဲ့ ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်) ကနေ ပန်းချီအထူးပြုနဲ့ ကျောင်းဆင်းခဲ့တဲ့ ပန်းချီ ရှိုင်းကိုကိုရဲ့ လက်ရာ နောက်တစ်ခုကလည်း ခေတ်ကို ထင်ဟပ်ပြနေပါတယ်။ ဦးခေါင်းမှာ သစ်ပင်စိမ်းစိမ်းတွေ ပေါက်နေတဲ့ လူနှစ်ယောက်၊ တစ်ယောက်ရဲ့ မျက်နှာက အလင်း… နောက်တစ်ယောက် မျက်နှာက အမှောင်ထဲမှာ၊ ဒါပေမယ့် သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လျှာသေနတ် သို့မဟုတ် လေသေနတ်တွေနဲ့ အပြန်အလှန် လုပ်ကြံနေပါရောလား။ ယနေ့ခေတ် ဖေ့စ်ဘုတ် အပါအ၀င် လူမှုကွန်ရက်မှာ အပြန်အလှန် ဆဲဆိုတာတွေ၊ မလိုတမာ ပြောဆို အပုပ်ချကြတာတွေနဲ့ လုပ်ကြံနေတဲ့ အကြောင်းကိုပါ ဆက်စပ်တွေးမိစေတာ တွေ့ရပါတယ်။
သူ့ရဲ့ တခြား လက်ရာနှစ်ခုဖြစ်တဲ့ Cubism ဆန်ဆန်ရေးဆွဲမှုနဲ့ တခြားတခုကတော့ သူ့စိတ်ကူး ဖန်တီးမှုနဲ့ မလိုက်ဖက်ဘဲ သူပေးချင်တဲ့ မက်ဆေ့ဂ်ျကို မရတဲ့ အကြောင်း၊ ရေးဆွဲမှုကို အာရုံစိုက်နေရတော့ ပေးချင်တဲ့ မက်ဆေ့ဂ်ျကို မရောက်ဘဲ ဖြစ်နေတဲ့ အကြောင်း သူ့ကို အကြံပြုလိုက်ပါတယ်။
● ရဲမင်း
Surealist တဦး ဖြစ်တဲ့ ပန်းချီရဲမင်းရဲ့ ပန်းချီကားတွေကတော့ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေတာကို သတိပြုမိတယ်။ သေချာကြည့်မှ ပဋိစ္စသမုပ္ပတ် စက်ဝိုင်းနဲ့ စက်ဘီးဂီယာချိန်းတွေကို အမျိုးသား၊ အမျိုးသမီး Nude ပုံတွေရဲ့ ဦးခေါင်းပိုင်းနဲ့ တွဲစပ်တင်ပြထားတဲ့ ပန်းချီကားတွေ ဆိုတာ တွေ့လိုက်ရပါတယ်။ အလျဉ်မပြတ် လည်ပတ်နေတဲ့ လောကသံသရာ လည် ပတ်မှုနဲ့ အရိုင်းဆန်ဆန် ရှင်းလင်းမြင်သာတဲ့ လူသား ဖြစ်တည်မှုကို ထင်ဟပ်ပုံဖော်ပြတာ တွေ့ရပါတယ်။
“ဟုတ်တယ် ခင်ဗျ၊ ကျနော်က တရားထိုင်ပါတယ်။ လူတွေကို အပေါ်ယံ အ၀တ်အစားအောက်က အရေပြားနဲ့ ခန္ဓာကိုယ်ကို တရားသဘောနဲ့ ယှဉ်တွဲ တင်ပြတာပါပဲ” လို့ ၁၉၈၈ ခုနှစ်ဖွား၊ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်း ဇာတိသား ပန်းချီရဲမင်းက ပြောပြတယ်။ သူက စီးပွားရေး တက္ကသိုလ်က B.ECom ဘွဲ့ရ တဦးပါ။ သူဟာ ၂၀၁၁ ခုနှစ်က လောကနတ် အနုပညာ ပြခန်းမှာ၊ ၂၀၁၇ ခုနှစ်က န၀ဒေးသာလာ အနုပညာ ပြခန်းမှာ တစ်ကိုယ်တော် အနုပညာပြပွဲတွေ ပြုလုပ်နိုင်ခဲ့ပါ တယ်။
● လူမော်ဟန်
အနုပညာမျိုးရိုးရှိသူ၊ ၁၉၈၂ ခုနှစ်ဖွား ပန်းချီလူမော်ဟန်ရဲ့ တင်ပြမှုကလည်း တမျိုးတဘာသာပါ။ ဖခင်ဖြစ်သူ ၀င်းမော်ဟန်၊ အဖိုးဖြစ်သူ ပန်းချီ (ဦး) သောင်းဟန်ရဲ့ မျိုးဆက်ပါ။ သူဖန်တီးထားတဲ့ Suicidal စီးရီး ပန်းချီကားတွေနဲ့ ပတ်သက်ပြီး သူက- “ဟုတ်တယ်… အစ်ကို ကျနော်က ဆရာမြင့်သန်းရဲ့ စာအုပ် အမှာစာလေးကို ဖတ်ပြီး စိတ်ကူးရသွားတာ။ ကိုယ့်ကိုယ်ကို ဘယ်လို သေဆုံးမယ် ဆိုတာ လူမှာ ရွေးချယ်ပိုင်ခွင့် ရှိနေမလား ဆိုတဲ့ အဓိပ္ပာယ်ပေါ့” လို့ ပြောပြတယ်။
တကယ်တော့ လူတွေဟာ အချိန်တိုင်း သေဆုံးနေတာပါ။ ဖြစ်-တည်-ပျက် သံသရာထဲမှာ လည်နေတဲ့ သဘောလို့ ဘာသာ ရေး အယူအဆတွေက ဆိုပါတယ်။ ဒါပေမယ့် လူမော်ဟန်ကတော့ ဘာသာရေး အယူအဆကို ထင်ဟပ်တင်ပြတာ မဟုတ်ဘဲ လူသားတဦးရဲ့ သီးဖြစ်တည်မှုနဲ့ ရွေးချယ်မှုကို ရေးဖွဲ့ဖန်တီးတင်ပြတာ တွေ့ရပါတယ်။ ဘ၀ရဲ့ မွန်းကြပ် မွန်းလှောင် မှုကြားကနေ ထွက်ပြေးလွတ်မြောက်ဖို့ ရွေးချယ်ပေမယ့် သာယာတဲ့ တပ်မက်ဖွယ် တယောသံလေးကိုတော့ တွယ်မက်နေ မလား၊ ဒါမှမဟုတ် အရာရာမေ့ပျောက်ပြီး လွင့်မျောသွားလေမလား၊ အနီးနားက ကြေကွဲဖွယ် ကျီးအာသံတွေ ကြား ဘယ်လို များ ခံစားနေရမှာပါလိမ့် လို့ ပန်းချီကားတွေ ကြည့်ရင်း ခံစားမိလာပါတယ်။
ပန်းချီလူမော်ဟန်ဟာ အခုနှစ်မှာပဲ Night Memo လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကိုလည်း၊ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်မှာ ရှိတဲ့ Studio Square မှာ ကျင်းပနိုင်ခဲ့ပါတယ်။
● စံမင်း
မြန်မာ့မော်ဒန်ခေတ်ဦးကာလရဲ့ တတိယမျိုးဆက် ပန်းချီဆရာ တစ်ဦးဖြစ်တဲ့ ပန်းချီစံမင်းရဲ့ ဖန်တီးရေးဆွဲမှုကလည်း ယနေ့ခေတ်ပြိုင် အနေအထားကို ဖွင့်ဆိုနေပါတယ်။ လူနေထူထပ် ကားကျပ်ကျပ်နဲ့ ရန်ကုန်မြို့ လမ်းမတွေ အပေါ်မှာ နေ့စဉ်မြင်တွေ့နေရတာက လမ်းပြ ယာဉ်ထိန်းရဲသားတွေပါ။ မီးပွိုင့်မီး ပျက်နေချိန်မှာဆို သူတို့ဟာ စကားပြောစက်ကိုဖွင့်၊ လူသွားလူလာနဲ့ ကားတန်းရှည် အနည်းအများကို ကြည့်ကာ ၀ီစီကို တရွှီရွီမှုတ်ပြီး လမ်းပြပေးနေကြရတာက မြင်နေကျ မြင်ကွင်း။ ဒီမြင်ကွင်းကို ပန်းချီစံမင်းက “ရပ်၊ ကြည့်၊ သွား” ဆိုတဲ့ သင်္ကေတ ဆိုင်းဘုတ်ကို ယာဉ်ထန်းရဲရဲ့ ဦးခေါင်းမှာ တပ်ပေးပြီး ဖန်တီးလိုက်တယ်။ ယနေ့ခေတ် ရန်ကုန်နဲ့ ခေတ်ကာလကို လမ်းပေါ်က မြင်ကွင်းနဲ့ ချိတ်ဆက်တင်ပြမှုပါပဲ။
၁၉၅၁ ခုနှစ်ဖွား ပန်းချီစံမင်းဟာ ရန်ကုန်ဇာတိသား ဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ B.Sc (Botany) ဘွဲ့ရရှိခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ပန်းချီစံမင်းဟာ ဆာရီယယ်လစ်ဇင်း ပုံဖော်ဖန်တီးမှုကို နှစ်သက်စွဲလမ်းစွာ ဘ၀တလျှောက်လုံး ဖန်တီးလာခဲ့သူပါ။ ယခင် တစ်ပါတီ အာဏာရှင် အစိုးရနဲ့ စစ်အုပ်စု အုပ်စိုးစဉ် ကာလတွေမှာ သူ့ရဲ့ ပန်းချီကား များစွာတွေကို ပြခန်းမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
ပန်းချီစံမင်းက Supernatural ပြပွဲနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးရာမှာ – “မြန်မာနိုင်ငံတွင် ဆာရီယယ်လစ်ဇင်း အနုပညာကို ဖန်တီးရေးဆွဲကြရာတွင် (၁) ရေဆွဲရန် အချိန်ကြာမြင့်ခြင်း၊ (၂) အတွေးအခေါ်ပိုင်း အတွက် အချိန်ပေး စဉ်းစားရခြင်း၊ (၃) ၀ယ်ယူအားပေးမည့်သူ မရှိခြင်း၊ (၄) ယခင် ပြပွဲစိစစ်ရေး ရှိစဉ်က ပန်းချီကားများနှင့် ပတ်သက်၍ မေးမြန်းခံရသူများခြင်း တို့ကြောင့် ရေးဆွဲသူ လျော့နည်းခဲ့သည်” လို့ ရေးသားထားပါတယ်။
ဆာရီယယ်လစ်ဇင်းပန်းချီ ဖန်တီးမှုကို လေ့လာရင် ဒီပန်းချီဝါဒကို အင်ဒရေဘရက်တန် (Andre Breton) က ပြင်သစ်နိုင်၊ ပါရီမြို့တော်မှာ ၁၉၂၃ စတင်ခဲ့တာ ဖြစ်ပြီး ယနေ့တိုင် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရေးဆွဲ ဖန်တီးနေကြဆဲ ဖြစ်ပါတယ်။
မြန်မာပြည်က ထင်ရှားတဲ့ ဆာရီရယ်လစ်စ် တွေကတော့ အမျိုးသားထဲမှာ ဆိုရင် ပန်းချီ စံမင်း၊ အောင်ကို၊ ထွန်းဝေမြင့်၊ လှတိုး၊ တီးတိုတို့ ဖြစ်ပြီး၊ အမျိုးသမီး ထဲမှာတော့ ပန်းချီဆရာမ စန္ဒီတို့ ဖြစ်ပါတယ်။ တခြား ပန်းချီဆရာ တချို့လည်း ရှိနေပါဦးမယ်။ လတ်တလော သတိရသလောက် တင်ပြလိုက်တာပါ။
● ပြပွဲခြုံငုံသုံးသပ်ချက်
ကျနော်တို့ ဆီမှာ ခေတ်ပြိုင်အနုပညာ (Contemporary Art) ပုံဖော်တင်ဆက်မှု နည်းပါးနေသည့် အခြေအနေတွင် ပန်းချီ ဆရာ ၅ ဦး၏ Supernatural ပန်းချီပြပွဲဟာ မှတ်တိုင်တစ်ရပ်၊ လှုပ်ရှားမှု တစ်ရပ် အဖြစ် ရှိနေမှာ ဖြစ်သလို နောက်ထပ် တိုးထွက်ဖန်တီးလာမယ့် အနုပညာမျိုးဆက်တို့ကိုလည်း ဦးဆောင်ပေး၊ နှိုးဆွမြှင့်တင်ပေးတဲ့ ပြပွဲတစ်ရပ်လို့ သုံးသပ်ရပါ တယ်။
သို့သော် – ပန်းချီစံမင်း၏ မိတ်ဆက်မှာ “ယခုခေတ်ကာလတွင်တော့ ဆာရီယယ်လစ်ဇင်းဝါဒကို မိုက်မိုက်မဲမဲ ရူးသွတ်စွာဖြင့် ရောက်ရှိလာသော လူငယ် အနုပညာသမားများကို ပန်းချီလောကက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါသည်။ သို့သော် သူတို့ သည် တစ်ပွဲထိုး သမားလား၊ ရေရှည်ဆက်လက် လုပ်ဆောင်မည့်သူတွေလား ဆိုသည်ကိုတော့ အချိန်ကသာ ဆုံးဖြတ်ပေး ပါလိမ့်မည်” လို့ ရေးထားတဲ့ အတိုင်း စောင့်ကြည့်လေ့လာရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။