ခေတ်ပြိုင်အတွေ့အကြုံ

ဥုံဖွ – တချိန်​က မန္တ​လေး မိုးရာသီ ဇာတ်​ပွဲများ

Photo credit – MyitKyoeInn

ဥုံဖွ – တချိန်​က မန္တ​လေး မိုးရာသီ ဇာတ်​ပွဲများ

(မိုးမခ) သြဂုတ် ၁၊ ၂၀၁၈

လွန်​ခဲ့တဲ့နှစ်​​ပေါင်း၃၀ ​လောက်​ကိုမှီခဲ့ကြတယ်​ဆိုရင်​ ပြိုင်​ဆိုင်​မှု့​တွေ ပြင်းထန်​ပြီး ထူးခြား​ပြောင်​​မြောက်​တဲ့ အနုပညာတင်​ဆက်​မှု​တွေနဲ့​ ကျေးဇူးရှင်​ပရိသတ်​​တွေကို အားပါးတရ​ဖျော်​​ဖြေခဲ့ကြတဲ့ မြန်​မာ့ဇာတ်​သဘင်​​လောကကို ပြန်​လည်​မြင်​​ယောင်​မိကြမှာပါ။ အခုလို မိုးရာသီ​ရောက်​ပြီဆိုတာနဲ့ တနိုင်​ငံလုံးမှာရှိကြတဲ့ ဇာတ်​အဖွဲ့တိုင်းလိုလိုဟာ မန္တ​လေးကို ဆင်းလာကြပြီး ပရိသတ်​များစွာ ၀င်​ဆန့်တဲ့ ​ဒေးဝန်းမြသီတာဇာတ်​ရုံ၊ မျက်​ပါးရပ်​ မာလာ​ရွှေစင်​ဇာတ်​ရုံ၊ တရုတ်​တန်း ​အောင်​မင်္ဂလာဇာတ်​ရုံ​တွေမှာ ၀င်​​ရောက်​ကပြကြပါတယ်​။ အနုပညာကို အရူးအမူးခံစားတတ်​ကြတဲ့ မန္တ​လေးပရိသတ်​​တွေဟာ သူတို့ကြိုက်​နှစ်​သက်​တဲ့ အဖွဲ့ဝင်​​တော့မယ်​ဆိုရင်​ ကြိုတင်​ဖျာ၊ ကုလားထိုင်​လက်​မှတ်​​တွေကို အလုအယက်​ ဖြတ်​ကြ​လေ့ရှိပါတယ်​။

အလျဉ်းသင့်​တုန်း မန်းသူ​လေး​တွေရဲ့ မန်းဆန်​ဆန်​ပြုမူပြီး အနုပညာကို အား​ပေးကြပုံ​လေး​တွေကလဲ တခြားမြို့​တွေနဲ့ လုံးဝမတူတဲ့ ရင်​ထဲစွဲငြိစရာ ချစ်​စရာ့ပုံရိပ်​​လေး​တွေလို့ ​ပြောရင်​လွန်​အံ့မထင်​။ ပွဲသွားကြ​တော့မယ်​ဆိုတာနဲ့ ​ရေမိုးချိုး ဖီးလိမ်းပြင်​ဆင်​ပြီး စံပယ်​ပန်း​တွေ ​ဝေ​ဝေဆာဆာနဲ့ ​ကြော့​ကြော့​လေး သွားအား​ပေးတတ်​ကြပါတယ်​။ တချိ့လဲ စံပယ်​ပန်းအဆင်​သင့်​မရှိလို့ ဇာတ်​ရုံ​ပေါက်​က ပန်းသည်​ဆီမှာ ၀ယ်​ပြီး ပန်​ကြတာလဲရှိသ​ပေါ့။ ရုံထဲကိုဝင်​လိုက်​တာနဲ့ စံပယ်​ရနံက ဧည့်​ကြိုတာဝန်​ယူထားသလား ထင်​ရ
အောင် ​ဆီးကြို​နေတတ်​ပြီး ထိုင်​အား​ပေး​နေကြတဲ့ မန်းသူပရိသတ်​​လေး​တွေကို ကြည့်​လိုက်​မယ်​ဆိုရင်​လဲ
စံပယ်​ပန်း​တွေနဲ့ မွန်းမံခြယ်​မှုန်းထားတဲ့ စံပယ်​​မွေ့ယာကြီးကိုမြင်​လိုက်​ရသည့်​အလား ရင်​ထဲတလှပ်​လှပ်​နဲ့
နှစ်​သက်​စရာ မြင်​ကွင်းကြီးတခုပါ။

မောင်​ယဉ်​​အောင်​၊ ​မောင်​စိတ္တ၊ ဒယ်​ဒီဂမုန်း၊ ငြိမ်းမင်း၊ ဘီအီးဒီ​အောင်​သိုက်​၊ ဒို့တင်​​ဌေး စတဲ့ ဦး​ဆောင်​ပညာရှင်​ကြီး​တွေ ကြိုးစားအားထုတ်​ စီစဉ်​ကြတဲ့အတိုင်း မင်းသားမင်​သမီး​တွေကစ ဇာတ်အဖွဲ့သားတိုင်းလိုလို ကြိုးကြိုးစားစား တင်​ဆက်​ကပြကြတဲ့အတွက်​ “မတန်ပါဘူး” လို့ ​ပြောတဲ့လူ မရှိ​လောက်​​အောင်​ကို အားလုံး​ကောင်းခဲ့ကြပါတယ်​။ ဇာတ်​ရုံအ၀င်​၀ ပြင်​ဆင်​ထားကြတဲ့ ဂိတ်​ရှိုး​တွေကလဲ တဖွဲ့နဲ့တဖွဲ့ အပြိုင်​အဆိုင်​။

မောင်​စိတ္တစီစဉ်​တဲ့ ​မေတ္တာတရားကို ဦးထိပ်​ပန်​ဆင်​ “ကျွန်​​တော့သဘင်​” အဖွဲ့ကလဲ မိုးဒီ၊ ​မော့စ်​ တို့ရဲ့တွဲဖက်​ညီတဲ့ ပြက်​လုံး​တွေနဲ့ ​ဝေ​ဝေဆာဆာ၊ “မင်္ဂလာဦးညရဲ့အရှုပ်​​တော်​ပုံ” တခန်းရပ်​ပြဇာတ်​နဲ့ ပရိသတ်​ ​သော​သောညံ​နေတဲ့ အချိန်​၊ ဘီအီးဒီ​အောင်​သိုက်​ကလဲ “သင်္ခါရမို့ နာမည်​မကျခင်​ ကြည့်​ဘို့ပြင်​” ဆိုတဲ့ တိုက်​တွန်း​ဆော်​သြ ဖိတ်​မန္တကပြုထားတဲ့ သင်္ခါရစကား​လေးနဲ့အတူ ​ပြောဇာတ်​တ​ခေတ်​ကို ဆန်းသစ်​​စေတဲ့အချိန်​။

အဆို​တော်​ တွံ​တေးကိုသိန်းတန်​ကလဲ သာဂိနဲ့တွဲပြီး “သိန်းတန်​ သာဂိ နှစ်​ခါကြည့်​” ဆိုတဲ့​ကြော်​ငြာနဲ့အတူ သူ့သီချင်းသံ​တွေကို မန္တ​လေးမှာလွင့်​ပြန့်​​နေ​စေတဲ့အချိန်​။ ​ရွှေမန်းသဘင် ​ညီအစ်ကို​တွေကလဲ ​အေစီကို မ​ဟေသီ ​မြှောက်​ပါလို့၊ ခင်​ဦးနဲ့ သား စတဲ့ ပြဇာ​တ်​​တွေနဲ့ ချမ်းသာ ကို ပရိသတ်​ရင်​ထဲမှာ စွဲထင်​​စေပြီး ကိုဆန်းဝင်းရဲ့ “​ဒေ၀စ္ဆရာ”သီချင်းနဲ့ မိုးယံသိမ့်​သိမ့်​ ပွဲချိမ့်​ချိမ့်​ဖြစ်​​နေ​စေတဲ့အချိန်​။ ရဲစိန်​၊ ညီဝင်းစိန် ​အဖွဲ့ကလဲ ပါ​တော်​မူဇာတ်​ထုပ်​နဲ့ သမိုင်းအ​မွေပြန်​​ပေးပြီး ‘​ရွှေအိမ်​စည်​၊ ပဋိက္ခယား’ ဇာတ်​ထုပ်​နဲ့ ပရိသတ်​ကို မျက်​ရည်​စ ​ဝေ့​စေတဲ့ အချိန်​။ ဒို့တင်​​ဌေးရဲ့ စစ်​မုန်းသူများလက်​ခုပ်​သံ စတဲ့ ပြဇာတ်​​တွေနဲ့အတူ ပန်​တျာတင်​တင်​မြင့်​ရဲ့အက အလှ အငြိမ့်​ခန်း​တွေအပြင်​၊ ကလာပ်​​ကြေးမှုံရဲ့ “​ပေါက်​စီနဲ့ ​ပေါင်​မုန့်​” ပြဇာတ်​နဲ့ ပရိဿတ်​အခိုင်​အမာရရှိထားတဲ့အချိန်​။

မန္တ​လေးသိန်း​ဇော်​ ဇာတ်​အဖွဲကလဲ ‘ကိုကြီး​ကျော်​ ပလီလွန်းတယ် ‘​ ​အော်​ပရာ၊ ​ရွှေမန်း​မေ စတဲ့ ​အောင်​မြင်
လူကြိုက်​များတဲ့ ပြဇာတ်​​တွေအပြင်​ “ဇာတ်​မင်းသား​လေး သိန်း​ဇော် ​သိန်း​ဇော်​ တိုင်းပြည်​က​ကျော် (မျှော်)​” နှစ်​ပါးသီချင်းနဲ့ ပရိသတ်​လက်​ခုတ်​သံ​တွေကို ဖမ်းဆုတ်​ထားတဲ့အချိန်​။ ဒါရိုက်​တာငြိမ်းမင်းရဲ့ စီစဉ်​မှု၊ အဆို အ​ပြော အက​ ပိုင်​ပိုင်​နိုင်​နိုင်​နဲ့ နန်းခင်​​မွှေးရဲ့ဆွဲ​ဆောင်​နိုင်​မှု၊ ကိုနန်းဝင်းရဲ့သဘာဝကျကျ သရုပ်​​ဆောင်​နိုင်​မှု​တွေနဲ့ အတူ အဘိုး နန်း​တော်​​ရှေ့ဆရာတင်​၊ အ​ဖေ​ရွှေနန်းတင်​တို့ရဲ့ အ​မွေ​တွေကို ဆင့်​ကမ်းချပြ​နေတဲ့ အချိန်​။ အနုမြူမီး​တွေကို စတင်​အသုံးပြုချိန်​မှာ “အန္တရာယ်​စတိတ်​ရိုး၊ ကိုယ်​​ပျောက်​စတိတ်​ရိုး” စတဲ့ အသွင်​ဆန်း အမြင်​ဆန်း​တွေနဲ့ မိုးဝင်းဇာတ်​အဖွဲ့ စန်းလဂ်​တက်​​နေတဲ့အချိန်​။

အကြိုက်​ဆုံး၊ အနှစ်​သက်​ဆုံး ဇာတ်​အဖွဲ့ကိုပြပါ ဆိုရင်​​တော့ ​မောင်​ယဉ်​​အောင်​စီစဉ်​တဲ့ မြို့​တော်​သိန်း
အောင် ​’​နောင်​” မြို့​တော်​အင်​အားသစ်​အဖွဲ့ ကိုပဲ ပြရမှာဖြစ်​ပါတယ်​။ သူ့ဇာတ်​အဖွဲ့ရဲ့ အဖွင့်​သီချင်းမှာ “ဥပဓိရုပ်​နဲ့ မျက်​လှည့်​ပြသလို လာမညာနဲ့ ၊ ဒါ​တွေကို အင်​အားသစ်​က သုတ်​သင်​ပြုပြင်​” လို့ ဆိုထားတဲ့အတိုင်း ဥပဓိရုပ်​အလှအပကို သိပ်​ဦးစားမ​ပေးပဲ အပီပြင်​ဆုံး ဇာတ်​​ကောင်​စရိုက်​​တွေနဲ့ သဘာဝကျကျ တင်​ဆက်​ခဲ့တယ်​။ သူ့အဖွဲ့မှာ အဓိကအကြိုက်​ဆုံးကို ပြပါဆိုရင် ​အခန်း​ပြောင်းချိန်​ပဲ၊ တခန်းနဲ့ တခန်းကူး​ပြောင်းချိန်​မှာ တခြားအဖွဲ့​တွေလို ကားလိပ်​ချ၊ တီးလုံးတီးပြီး ကူး​ပြောင်းတာမျိုးမဟုတ်​ပဲ မီးက​လေးမှိတ်​လိုက်​တာနဲ့ ​နောက်​တခန်း​ရောက်​သွား​အောင်​လုပ်​ထားတဲ့စီမံမှု​လေး၊ အချိန်​ကုန်
လဲသက်​သာ ပရိသတ်​ကို အချိန်​ပြည့်​​ပေးဆပ် ​တင်​ဆက်​ရာလဲ ​ရောက်​တယ်​။ အပြင်​အဆင် ​ဆက်​တင်​အခမ်းအနား​တွေကိုလဲ စနစ်​တကျ လုပ်​​လေ့ရှိတယ်​။ တံတားချိုးခန်း၊ မိုင်းခွဲခန်း​တွေမှာ ဆိုရင်လဲ ​ရှေ့မှာ ဇာကန့်​လန့်​ကာချထားပြီး ချိုးပြ ခွဲပြ​လေ့ရှိတယ်​။ ဒီလိုတင်​ဆက်​မှု​လေး​တွေနဲ့ပဲ
“ရိုးပြတ်​​တောမှ ​တောက်​​ခေါက်​သံ၊​ ကောက်​ပင်​တ​ရေးနိုး စတဲ့ ပြဇာတ်​​တွေ နာမည်​ကြီးခဲ့သလို သဘာဝကို အ​ခြေခံပြီးစင်​တင်​ခဲ့တဲ့ သဘင်​သည်​မ၀င်​ရ၊  ပန်း​လှေ၊ ခုနှစ်​အိမ်​တန်းက မဂျမ်းဘုံ၊ ကိုးဆယ်​ဆ သာလိမ့်​မယ်​၊ ဓား​တောင်​ကို​ကျော်​၍ မီးပင်​လယ်​ကိုဖြတ်​မည်​ စတဲ့ပြဇာတ်​​တွေကိုက ပြတိုင်း ရုံကွဲ ရုံပွင့်​​လေ့ ရှိပါတယ်​။

ရံဖန်​ရံခါဆိုသလို မန္တ​လေးလူရွှင်​​တော် ​ကိုသာဓုက သူ့ဆရာကို​ပေါက်​စ ပါတဲ့ ဘီအီးဒီ​အောင်​သိုက်​အဖွဲ့မှာ
ပါဝင်​ အားဖြည့်​​ပေးတတ်​ပြီး ကိုချစ်​စရာကလဲ မြို့​တော်​အင်​အားသစ်​အဖွဲ့မှာ ပါဝင် ကပြတာကိုလဲ ​တွေ့ခဲ့ရဘူး ပါတယ်​။

ဇာတ်​သဘင်​အဖွဲ့​တွေအ​ပေါ်မှာ သြဇာ​ညောင်းပြီး ဇာတ်​သဘင်​အဖွဲ့​တွေအချင်းချင်း စည်းလုံးညီညွတ်​​အောင်​ လုပ်​​ဆောင်​​ပေးတတ်​သူကို​တော့ ဘီအီးဒီ​အောင်​သိုက် ​လို့ ​ကောက်​ချက်​ဆွဲမိပါတယ်​။ ဇာတ်​အဖွဲ့​တွေ​တော်​​တော်​များများ မန္တ​လေး​ရောက်​​နေကြပြီဆိုရင် ​ဇာတ်​အဖွဲ့​တွေအားလုံး စည်းလုံးညီညွတ်​​စေလိုတဲ့ သမ္မာဆန္ဒနဲ့ “ဇာတ်​ညွန့်​​ပေါင်း” ဆိုပြီး စီစဉ်​ကပြ​လေ့ရှိပါတယ်​။ ဦး​ဆောင်​စီစဉ်​ညွှန်​ကြားသူက​တော့ ဘီအီးဒီဦး​အောင်​သိုက်​ကြီးပဲ ဖြစ်​ပါတယ်​။ သူ စီစဉ်​ညွှန်​ကြားတဲ့အတိုင်း တခြားဇာတ်​အဖွဲ့​တွေ စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ ကပြ​ဖျော်​​ဖြေကြတဲ့ ပုံရိပ်​က​လေးက သဘင်​​လောကအတွက်​ ​ကျေနပ်​အားရစရာ​ပါ။”

“ကူညီကာဝိုင်းလို့ မှိုင်း မ ပါ” ပြဇာတ်​တို​လေးနဲ့အတူ ဇာတ်​မင်းသား​တွေဖြစ်​ကြတဲ့ သိန်း​ဇော်​၊ မိုးဝင်း၊ ချမ်း
သာ၊ နန်းဝင်းတို့ကို လူရွှင်​​တော်​​တွေ​နေရာမှာထားပြီး အဆို​ရော အကပါပိုင်​နိုင်​တဲ့ ပြည်​​တော်​ချစ် ​မင်း​သမီး​လေး နန်းခင်​​မွှေးကို မင်းသမီး​နေရာထား ကပြ​စေခဲ့တဲ့အငြိမ့်​ခန်း​လေးနဲ့ ပရိသတ်​ကို ​ပျော်​ရွှင်​နှစ်​သက်​​စေခဲ့ပါတယ်​။ အဲဒီအငြိမ့်​ခန်းမှာ မျက်​နှာအပွင့်​ဆုံးနဲ့ အခံရဆုံးက​တော့ လူရွှင်​​တော်​မင်းသားကိုနန်းဝင်း ပါပဲ။ ပြည်​​တော်​ချစ်​မင်းသား​တွေချည်းဆို​တော့ သူတို့ပျက်​တဲ့ပျက်​လုံး​တွေကို ပရိသတ်​က လူရွှင်​​တော်​​တွေ ပျက်​လုံးထုတ်​​နေကြတယ်​ရယ်​လို့ မမြင်​ကြပဲ ကျန်​တဲ့လူရွှင်​​တော်​မင်းသား ၃ ​ယောက်​က ‘​ယောက္ဖ ​ယောက္ဖ’ နဲ့​ခေါ်လို့ ခံရခက်​​နေတဲ့ နန်းဝင်းရဲ့မျက်​နှာအမူအရာကို ကြည့်​ပြီး ဟားတိုက်​ရယ်​​မော တ​သော​သော ညံခဲ့ပါတယ်​။

ဒီလို အရှိန်​အဟုန်​​ကောင်း​ကောင်း၊ တီထွင်​ဆန်းသစ် ​ကြိုးစားအားထုတ်​မှု​ကောင်း​တွေနဲ့ ​အောင်​ပွဲခံ ချီတက်​လာခဲ့ကြတဲ့ ဇာတ်​သဘင်​အဖွဲ့အသီးအသီးဟာ စစ်​တပ်​အာဏာသိမ်းမှုနဲ့အတူ ပွဲမိန့်​ ပိတ်​ပင်​ခံရခြင်း၊
ပြသမှုပိုင်း ကန့်​သတ်​ခံရခြင်း၊ တင်​ပြမှုပိုင်း ချုပ်​ခြယ်​ခံရခြင်း စ​သော စ​သော ထိုထို သို့​သော အ​ကြောင်းခြင်းရာများ​ကြောင့်​ ကွယ်​​ပျောက်​သွားကြတာဟာဖြင့်​ ယ​နေ့ထက်​တိုင်​​အောင်​ပါပဲခင်​ဗျား … လို့ ဗျိုးဟစ်​ရင်း ​ရှေးဖြစ်​​ဟောင်း ​အောက်​​မေ့ဖွယ်​အဖြစ်​ ခံစားတင်​ပြလိုက်​ပါတယ် ​ခင်​ဗျား။ ။

ဥုံဖွ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts