(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈
အတိတ်သမိုင်းရဲ့အကျဉ်းသား
အတိတ်သမိုင်းရဲ့သူရဲကောင်းပဲဖြစ်ဖြစ်၊ အတိတ်သမိုင်းရဲ့အကျဉ်းသားပဲဖြစ်ဖြစ်၊ ကာယကံရှင်ကဆုံးဖြတ်နိုင်တာမဟုတ်ပါဘူး။ တသက်တာလုပ်ဆောင်ချက်တွေကိုကြည့်ပြီး ပြည်သူလူထုက ဆုံးဖြတ်သတ်မှတ်ပေးတာဖြစ်ပါတယ်။ သယံဇာတပေါ ကြွယ်ဝပြီး၊ ရာသီဥတုမျှတသင့်တော်တဲ့ ဗမာပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအများကြီးရှိတယ်လို့ သတ်မှတ်ခဲ့ ကြပေမယ့် နှစ်ရာစုဝက်ကျော်အတွင်း ကမ္ဘာအဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားအောင်လုပ်ပစ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖခင်ကြီး ဗိုလ်နေဝင်းဟာ သူ့ကိုယ်သူ ဗမာပြည်ကြီးကို အကြိမ်ကြိမ်ကယ်တင်ခဲ့တဲ့သူရဲကောင်းကြီးအဖြစ် ပုံဖော်လေ့ရှိပါ တယ်။ ဒါပေမယ့် ဗမာပြည်သူတွေ ဘယ်တော့မှမမေ့နိုင်တဲ့ ဗိုလ်နေဝင်း မိန့်ခွန်း (၂) ရပ်က သူ့ကို ဗမာပြည်သမိုင်းရဲ့ အမှိုက် ပုံထဲရောက်သွားစေခဲ့ပါတယ်။ အတိတ်သမိုင်းရဲ့အကျဉ်းသမား ဖြစ်သွားစေခဲ့ပါတယ်။
၁၉၆၂ ဇူလိုင် (၈) ရက်နေ့မနက် တကသအဆောက်အဦးကြီးကို ဒိုင်နမိုက်များနဲ့ဖောက်ခွဲဖျက်ဆီးပြီးနောက် မြန်မာ့အသံကတိုက်ရိုက်လွှင့်ထုတ်ပြောကြားခဲ့တဲ့ … ဒါးဒါးချင်း လှံလှံချင်း ရင်ဆိုင်သွားမယ်ဆိုတဲ့ တနိုင်ငံလုံးကို စိမ်ခေါ်ခဲ့တဲ့မိန့်ခွန်း။
၁၉၈၈ အရေးအခင်းကာလက စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာမပါဘူးဆိုတဲ့ တပ်မတော်ကိုကြိမ်စာတိုက်သွားတဲ့မိန့်ခွန်း။
ဒီမိန့်ခွန်း (၂) ရပ်က ဗမာပြည်သူတွေကို စစ်အာဏာရှင်တွေရဲ့ သရုပ်သကန်အမှန်ဟာ ဘယ်လိုဆိုတာ ထင်ထင်ရှားရှား မြင်စေခဲ့ပြီး ဗမာပြည်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို အမြစ်မကျန်အောင် တိုက်ဖျက်ပစ်ရမယ်ဆိုတဲ့ သံဓိဌာန်ကို ချမှတ်ခိုင်မာစေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဗမာပြည်သူလူထုကြီးတရပ်လုံးဟာ ဘယ်တုန်းကမှစစ်အာဏာရှင်စနစ်ကို အလျှော့မပေးခဲ့ပါဘူး။ အခုနောက်ပိုင်းပေါ်ထွက်လာတဲ့ နဝတ-နအဖခေတ် ထောင်တွင်းအတွေ့အကြုံများဆိုင်ရာစာအုပ် များဖတ်ကြည့်ရင်၊ ဗမာပြည်သူတွေ (ဥပမာ-နိုင်ငံရေးအကျဉ်းသမားတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ) ရဲ့ ယုံနိုင်စရာ ယုံရက် စရာမရှိတဲ့ အံ့မခန်းဖွယ် ဇွဲနဲ့ ရဲစွမ်းသတ္တိတွေကို တွေ့နိုင်ပါတယ်။ သတင်းမှောင်ချချင်တိုင်းချလို့ရတဲ့ အဲဒီလိုမျိုးခေတ်မှာ တောင် သူရဲကောင်းမရှားခဲ့တဲ့ ဗမာပြည်ကြီးပါ။
အခုလည်း ဒီလိုမျိုးမိန့်ခွန်း တခါထပ်လာပြန်ပါပြီ။ ဇူလိုင် (၁၁) ရက် တတိယပင်လုံအစည်းအဝေးအဖွင့်မှာ ကာချုပ်ပြောသွား တဲ့မိန့်ခွန်း။ ပြည်တွင်းငြိမ်းချမ်းရေးမရသေးတာ (သို့မဟုတ်) ပြည်တွင်းစစ်ကြီးမရပ်နိုင်တာတွေဟာ တပ်မတော်မှာ တာဝန် မရှိပါဘူးဆိုတာကို ရည်ရွယ်ပြီးပြောသွားတာပါပဲ။ တပ်မတော်ကလွဲလို ကျန်သူများအားလုံးကို သိမ်းကြုံးအပြစ်တင်သွားတာ ပါပဲ။
သြော် … အင်အားနဲ့ဓမ္မ အတူယှဉ်မနေနိုင်သူများရဲ့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာမှုပါပဲ။ ငါ့စကားနွားရ ပြောတတ်တဲ့ ဗမာ့တပ်မတော်ဗိုလ်ချုပ်ကြီးများရဲ့ထုံးစံအတိုင်း သမိုင်းအမှန်အစအနလေးတွေကိုယူ၊ မိမိတို့ပုံဖော်ချင်တာလေးတွေကို အဲဒီပေါ်မှာတည်ဆောက်ပြီး ဗမာ့ပြည်သမိုင်းကြီးကို ပုံဖျက်တာပါပဲ။ ကာချုပ်ဖက်ကကြည့်ရင် သူ့ကိုယ်စားပြုတဲ့အကျိုးစီး ပွားများ (စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး) ကို ကာကွယ်ပြောဆိုတာဖြစ်တဲ့အတွက် သူတာဝန်ကျေပါတယ်။ တိုင်းရင်း သားများ၊ အောက်ခြေတပ်မတော်သားများအပါ ပြည်သူများဖက်က ကြည့်ရအောင်ပါ။
“ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့မူလအရင်းခံ ဇစ်မြစ်ကိုလေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ကြောင့်ဆိုတာတွေ့ရမှာဖြစ်ပါတယ်”
လွတ်လပ်ရေးကို ငါတို့ကရယူပေးခဲ့တယ်ဆိုတဲ့ မျိုးချစ်စိတ်အခြေခံအယူအဆပေါ်မှာတည်ဆောက်ထားတဲ့ ဗမာ့တပ်မ တော်ကဗိုလ်ချုပ်ကြီးများရဲ့လေသံအတိုင်း နယ်ချဲ့ဆန့်ကျင်ရေးညှော်နံ့လေးပါတဲ့ သူ့အပြောကိုကြည့်ရအောင်ပါ။
နယ်ချဲ့ကိုလိုနီသမားများဟာ မိမိတို့ကိုလိုနီများကိုအုပ်ချုပ်ခဲ့ရာမှာ သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တာမှန်ပါတယ်။ မလွှဲမရှောင်သာ လွတ်လပ်ရေးပေးရတော့မယ်ဆိုတော့လည်း တိုင်းပြည်တွင်းရှိ တိုင်းရင်းသားများအကြား သွေးခွဲလှုံ့ဆောင် မှုတွေလုပ်ခဲ့တာလည်း အမှန်ပါပဲ။
ဒါပေမယ့် တိုင်းပြည်အပေါ်စေတနာတကယ်ရှိတဲ့ နိုင်ငံရေးသမားများဟာ ဒီလိုသွေးကွဲစေတဲ့ အယူအဆတွေပျောက်အောင် တတိုင်းပြည်လုံး စည်းလုံးညီညွတ်အောင် လုပ်ရတာပါ။ မိမိအာဏာရရေးခိုင်မြဲရေးကိုသာကြည့်တဲ့ နိုင်ငံရေးသမားများ ကတော့ လက်လွှတ်သွားရတော့မယ့် နယ်ချဲ့သမားနဲ့ပေါင်းပြီး တိုင်းပြည်ကြီး ပိုမတည်ငြိမ်အောင် အချင်းချင်းသွေးကွဲပြီး စစ်ခင်းလာအောင် (တနည်း ပြည်တွင်းစစ်ဖြစ်လာအောင် ရှည်ကြာလာအောင်) လုပ်ပါတော့တယ်။
ဗမာပြည်ကြီးက အဖြစ်အပျက်အချို့ကို ဥပမာအဖြစ်ကြည့်ရအောင်ပါ။
ကရင်လူမျိုးများရဲ့ပုန်ကန်မှုသမိုင်းကြောင်းကို ၁၉၉၆ ခုနှစ် (နအဖခေတ်) ထုတ် တပ်မတော်သမိုင်းစတုတ္တတွဲမှာ ဒီလိုတွေ ရေးသားထားပါတယ်။ ခေါင်းစဉ်ကိုယ်က နယ်ချဲ့ပယောဂကြောင့် လူမျိုးရေးအာဃာတများပေါ်ပေါက်ခြင်းတဲ့။ အကျဉ်းချုပ် ကတော့ …
အင်္ဂလိပ်က ကရင်လူမျိုးများကို လက်နက်တပ်ဆင်ပေးပြီး မျိုးချစ်မြန်မာနဲ့ တိုင်းရင်းသားများရဲ့ နယ်ချဲ့တော်လှန်ရေးများကိုနှိမ်နှင်းစေခဲ့တယ်။ အင်္ဂလိပ်များလက်အောက်တွင် မြန်မာများစစ်မှုထမ်းခွင့်မရှိပေမယ့် ကရင်၊ ကချင်၊ ချင်းတောင်ပေါ်သား များကို ဝင်ခွင့်ပြုခဲ့တယ်။
ကရင်လူမျိုးများအများစုနေထိုင်တဲ့ မြစ်ဝကျွန်းပေါ်မှာ ၁၉၄၂ ဘီအိုင်အေတပ်များ (ဂျပန်တပ်များနဲ့အတူ) ဝင်လာစဉ်ကစလို့ ကရင်လူမျိုးများရဲ့ ပုန်ကန်မှုစတင်ခဲ့ပါတယ်။ အိန္ဒိယကိုဆုတ်သွားတဲ့ အင်္ဂလိပ်တပ်က ကရင်တွေကို တို့ ၃ လအတွင်းပြန် လာမယ်။ တိုက်နိုင်သမျှတိုက်ထားနှင့်ဆိုပြီး လက်နက်တွေထုတ်ပေးခဲ့ပါတယ်။ ဒါနဲ့ ရွှေထွန်းကြာခေါင်းဆောင်တဲ့ ကရင်ပုန် ကန်မှုတွေပေါ်ပေါက်လာပြီး၊ နောက်ပိုင်း ကရင်-ဗမာ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ခဲ့ပါတယ်။ အဲဒီပဋိပက္ခတွေကို ကရင်-ဗမာ နှစ်ဖက်ခေါင်းဆောင်များရဲ့လျင်လျင်မြန်မြန် ဖြေရှင်းပေးမှုကြောင့် ပြေငြိမ်းသွားပါတယ်။
ကရင်ပြည်နယ်ရရှိရေး ကေအင်ဒီအိုလှုပ်ရှားမှုများပေါ်ပေါက်လာပုံများ စတဲ့ သမိုင်းဖြစ်ရပ်မှန်များကို ဖော်ပြထားတာ တွေ့ ရပါတယ်။
ဒါပေမယ့် အဲဒီလိုအကြိတ်အခဲဖြစ်နေတဲ့ ထင်မြင်ချက်တွေကို ပြေလည်အောင်ဖြေရှင်းခြင်းမပြုပဲ ပိုမိုမီးတောက်လာအောင် ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေတော့ မပါပါဘူး။ ဒီသမိုင်းကြောင်းကို နဲနဲပြန်တူးဆွကြည့်ရအောင်ပါ။
၁၉၄၅ ဂျပန်တော်လှန်ရေးအပြီး ပြန်ဝင်လာတဲ့အင်္ဂလိပ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်းကဆွေးနွေးပြီး မျိုးချစ်ဗမာ့တပ်မတော်ကိုအမြဲတမ်း မြန်မာနိုင်ငံတပ်မတော် (Burma Regular Army) ထဲသို့ ပူးပေါင်းထည့်သွင်းအစီအစဉ်များအတွက် ကန္ဒီစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ လွတ်လပ်ရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးရယူမယ့်အစီအစဉ်အရ တပ်က ဗိုလ်ချုပ်ကနုတ်ထွက်ပြီး တပ်ကို ဗိုလ်လက်ျာ (Burma Commision. ဘီ-စီ-နံပါတ် – ၁) ပေးပြီး ဦးဆောင်စေခဲ့ပါတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်း များဖွဲ့ပြီး တပ်ရင်းမှူးများက အင်္ဂလိပ်များဖြစ်ကာ ဒုရင်းမှူးများကတော့ မျိုးချစ်တပ်ကလာတဲ့ ဗမာ့တပ်မှူးများပါ။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဗမာ့တပ်မတော်ကို အဆင့်အတန်းမီ ပုံမှန်တပ်တရပ်ဖြစ်လာရေးအတွက် ဘက်စုံကတည် ဆောက်ရေးကို အားသန်ခဲ့ပါတယ်။ အင်္ဂလိပ်တပ်က ကျန်ရှိခဲ့တဲ့ အရာရှိကြီးအတော်များများ (စစ်ဦးစီးချုပ်ဗိုလ်ချုပ် စမစ်ဒွန်း၊ လေတပ်ဦးစီးချုပ် စောရှီးရှိုး၊ ဗိုလ်ချုပ်စောကြာဒိုး) ဟာ ကရင်လူမျိုးများဖြစ်ပြီး၊ အင်္ဂလန်တော်ဝင်စစ်တက္ကသိုလ် ဆင်းဟတ် (Sandhuarst) ဆင်းများဖြစ်ပါတယ်။ အင်္ဂလိပ်များအနေနဲ့ စစ်တပ်ကိုဆက်ထိမ်းထားနိုင်ဖို့ နည်းပေါင်းစုံနဲ့ကြိုးစားမှုတွေရှိပါတယ်။ အိုင်စီအက်စ်ဦးတင်ထွဋ်ကိုတောင် အထူးအဆောင်အယောင်အဖြစ် ဗိုလ်မှူးချုပ်ပေးခဲ့သေးတာပါ။ (ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း ဦးတင်ထွဋ်ကိုချဉ်းကပ်ပြီး လွတ်လပ်ရေးတိုက်ပွဲထဲပါလာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဦး တင်ထွဋ် လုပ်ကြံခံရပါတယ်။ တရားခံ အခုထိမပေါ်ပါဘူး။)
ဗိုလ်ချုပ်တို့ကျဆုံးပြီး လွတ်လပ်ရေးရကာစ ဖဆပလအစိုးရခေတ်မှာ ကာကွယ်ရေးဝန်ကြီးဟာ ဗိုလ်လက်ျာပါ။ ဗိုလ်လက်ျာ ကိုယ်တိုင်လည်း တပ်တွင်းက ထိပ်ပိုင်းကရင်အရာရှိကြီးများနဲ့ရင်းနှီးပြီး သူတို့ရဲ့အရည်အချင်းများ (expertise) ကို တပ် တည်ဆောက်ရေးအတွက် အားထားနေတာပါ။ ဒါပေမယ့် လွတ်လပ်ရေးရကာစမှာ အာဏာရလာတဲ့ဖဆပလ (ဆိုရှယ်လစ် ဂိုဏ်း) ဟာ တပ်တွင်းက (ဗိုလ်နေဝင်းကိုထိပ်တင်ထားတဲ့) ဆိုရှယ်လစ်ဂိုဏ်းနဲ့ပေါင်းပြီး ကရင်လူမျိုးတွေရဲ့လှုပ်ရှားလာမှုကိုပိုတောက်လောင်အောင် လုပ်ခဲ့ပါတယ်။
ကရင်တွေဘက်လိုက်တယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာကိုဖြုတ်ချခဲ့ပါတယ်။ အဲဒီဖြုတ်ချခဲ့တဲ့လုပ်ကြံမှုကို အဲဒီ ခေတ် အဲဒီအခါက ဆိုရှယ်လစ်ပါတီလူငယ်များအဖွဲ့က ကိုသန်း (ကြည့်မြင်တိုင်) ပြန်ရေးထားတဲ့ဆောင်းပါးရှိပါတယ်။ ကေအင်ဒီအိုလက်နက်ကိုင်လှုပ်ရှားမှုတွေပေါ်လာတဲ့အခါမှာတော့ ဒါကိုအကြောင်းပြပြီး စစ်တပ်တွင်းက ကရင်အရာရှိကြီးများကို တပ်ကထုတ်လိုက်တဲ့အပြင် ကရင်တပ်ရင်းများကိုလည်း လက်နက်ဖြုတ်ဖို့စီစဉ်လာတဲ့အခါ ကရင်တပ်ရင်းများတောခိုကုန် ပါတယ်။ အခုကြိုကြားပေါ်လာတဲ့သတင်းများအရ အလုံရပ်ကွက် (ယခု-သခင်မြပန်းခြံ) ထဲဝင်ပြေးတဲ့ကရင်များကို စစ်တပ်က လိုက်သတ်ခဲ့တာတဲ့။
ဒါနဲ့ ဗမာပြည်သမိုင်းမှာ အလွန်ပြင်းထန်တဲ့ ပြည်တွင်းစစ်တိုက်ပွဲကြီးဖြစ်တဲ့ ဗမာ့တပ်မတော်ကတဖက်၊ ကေအင်ဒီအိုများက တဖက်တိုက်ကြတဲ့ နာမည်ကျော် အင်းစိန်တိုက်ပွဲကြီး (၁၉၄၉ ဖေဖော်ဝါရီ) စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ၁၉၄၉ ဇူလိုင်လမှာ ဗိုလ်နေဝင်းအင်္ဂလန်ကို စစ်မစ်ရှင်သွားရာမှာ ဗမာ့တပ်မတော်ထောက်ပံ့ရေးဌာနကပြုစုပေးလိုက်တဲ့ လက်နက်ခဲယမ်းမီး ကျောက်စာရင်းအားလုံးနီးပါးကို အင်္ဂလိပ်အစိုးရက ပေးလိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ကဗမာပြည်ကို ချေးငွေအများအ ပြားလည်း ပေးလိုက်ပါသေးတယ်။ ဒီမှာတင် အစိုးရအနေနဲ့ စစ်ရေးမှာ အသာရလာပါတယ်။
ဒီနေရာမှာ ဖေဖေရေးထားတဲ့အကြောင်းအရာများကို ဖော်ပြချင်ပါတယ်။
ယခင်က ကျွန်တော်၏ထင်မြင်မှုမှာ ဗမာပြည်ကိုအုပ်စိုးရာတွင် အင်္ဂလိပ်တို့က သူတို့စိတ်ကြိုက် ဆက်လက်လွှမ်းမိုးနိုင်ရန် သူတို့အင်္ဂလိပ်များကိုလိုလားသော ကရင်အမျိုးသားများကိုသာ ကူညီဖန်တီးပေးလိမ့်မည်ဟူ၍ဖြစ်ပါသည်။ ထို့ကြောင့် ကရင်အမျိုးသားများ၏ပုန်ကန်မှုကို ကျွန်တော့်အနေနှင့် နယ်ချဲ့အင်္ဂလိပ်၏ပယောဂအဖြစ် ကြည့်မြင်ပြီး ကျွန်တော်ဦး ဆောင်ပြီး၊ တိုက်ခိုက်နှိမ်နှင်းခဲ့ခြင်းဖြစ်ပေသည်။
သို့ရာတွင် လက်တွေ့တွင်မူ အင်္ဂလိပ်တို့သည် ဗမာပြည်တွင် ကြီးစိုးလွှမ်းမိုးရန် လက်တွေ့လည်း တကယ်ဖြစ်နိုင်သောမြန်မာလူမျိုးကြီးထဲမှ သူတို့အလိုမဆန့်ကျင်သော အင်္ဂလိပ်ဘက်သားဖြစ်နိုင်သော ဗမာပြည်ခေတ်သစ်နိုင်ငံရေးတွင်လည်း အ တော်အတန်ပါဝင်ခဲ့ပြီး ပြည်သူကြားတွင်လည်း သြဇာအသင့်အတင့်ရှိသူ၊ မြန်မာအလိုတော်ရိများကိုသာ ပိုအလိုရှိပြီး ထို လူမျိုးများကိုသာ အင်္ဂလိပ်တို့က ကူညီလာကြလိမ့်မည်ဟု ကျွန်တော် သိမြင်လာပါသည်။ ကရင်ပုန်ကန်မှုကို အင်္ဂလိပ်တို့က အားပေးခဲ့သည်မှာလည်း ကရင်များ အာဏာရလာရေးအတွက်မဟုတ်ပဲ လက်ရှိဗမာအစိုးရ အကျပ်အတည်းဆိုက်ပြီး အင်္ဂလိပ်များထံ ရိုကျိုးအောက်ကျို့ဆက်ဆံလာရန်သာ အဓိကဖြစ်သည်ကို ကျွန်တော်နားလည်လာပါသည်။
(ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ကိုယ်တိုင်ရေးအထုပွတ္တိ (ယဉ်မျိုးစာပေ) နှာ-၁၉ဝ)
ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ “နယ်ချဲ့အားကိုး၊ ပုဆိန်ရိုး” အစောဆုံးဘယ်သူဖြစ်ခဲ့တယ် ဆိုတာ မြင်နိုင်ပါတယ်။
တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲမှုတွေစခဲ့တာ နယ်ချဲ့အင်္ဂလိပ်များဖြစ်ခဲ့ပေမယ့် တိုင်းရင်းသားများ ပိုနာကျည်းအောင်-တပ်မတော်ဆက်လုပ်ခဲ့ပုံများကိုလည်း ကြည့်ပါဦး။
၁။ ၁၉၅ဝ ခုနှစ်မှာ ကော့ကရိတ်ဘက်မှာ (သားသတ်သမား) ဗိုလ်စိန်လွင်တပ်က “အသေဖမ်းဆီးမိ” တယ်ဆိုတဲ့ ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီးအလောင်းကို မော်လမြိုင်သယ်လာ၊ သတင်းစာရှင်းပွဲလုပ်ပြီး ပင်လယ်တွင်းမှာ အ လောင်းကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။
(ကြေးမုံဦးသောင်းကတော့ သူတက်ခဲ့ရတဲ့သတင်းစာရှင်းလင်းပွဲ (၁၄-၈-၁၉၅ဝ) မှာ သူကြားသိခဲ့ရတာတော့ စောဘဦးကြီး တို့ကို အရှင်ဖမ်းမိခဲ့တာဖြစ်ပေမယ့် ထွက်ပြေးဖို့ကြံလို့ ပစ်သတ်တာလို့ဆိုကြောင်း စာအုပ်တအုပ်မှာ ရေးထားဘူးပါတယ်။)၂။ ၁၉၆၂ မတ်လ (၂) ရက် အာဏာသိမ်းစဉ်က တဦးတည်းသွေးထွက်သံယိုမှုအဖြစ် ကျဆုံးခဲ့ရတဲ့ မီမီသိုက်ဟာ ဗမာပြည်ရဲ့ ပထမဆုံးသော သမတ (ရှမ်းစော်ဘွား) စပ်ရွှေသိုက်ရဲ့သားတဦးဖြစ်ပြီး၊ စပ်ရွှေသိုက်ကိုယ်တိုင်လည်း (၁၉၆၂ နိုဝင်ဘာ) မှာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ရရှာပါတယ်။
၃။ အဲဒီအာဏာသိမ်းပြီးချိန်မှာပဲ သီပေါစော်ဘွားစပ်ကြာဆိုင် စစ်တပ်ကဖမ်းဆီးတာခံလိုက်ရပြီး လုံးဝကို အစပျောက်သွား ခဲ့ပါတယ်။
ဒါတွေဟာ တိုင်းရင်းသားလူမျိုးစုများအနေနဲ့ ဗမာလူမျိုးတွေအပေါ်နာကျည်းစိတ်တွေ ပုံလာစေခဲ့ပါတယ်။ ဒါဟာ ဥပမာတချို့ သာဖြစ်ပါတယ်။
တကယ်တော့ စစ်အာဏာရှင်တွေဟာ မိမိတို့အာဏာတည်မြဲဖို့ဆိုရင် ဘယ်သူ့မှမညှာပါဘူး။
၁။ ရှစ်လေးလုံးအရေးအခင်းမှာ အထိအခိုက်အကျအဆုံးအများဆုံးဟာ ဗမာလူမျိုးတွေပါ။
၂။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဗုဒ္ခဘာသာရဟန်းသံဃာများ ဘယ်လိုခံခဲ့ရတယ်ဆိုတာ ကြည့်ပါ။
တကယ်တော့ ဗမာပြည်ကြီးမှာ လူအမျိုးအစား (၂) မျိုးပဲ ရှိပါတယ်။
၁။ ဖိနှိပ်သူများ – စစ်အာဏာရှင်စနစ်နဲ့ အဲဒီစနစ်ကို ထိမ်းသိမ်းကာကွယ်ချင်သူများ။
၂။ အဖိနှိပ်ခံများ – ကျန်သူများအားလုံး (လူမျိုးမရွေး၊ ဘာသာမရွေး၊ အောက်ခြေတပ်မတော်သားများအပါ)။
ဒါ့ကြောင့် ဒီအမျိုးသားရေးထောင်ချောက်၊ ဘာသာရေးထောင်ချောက်ဆိုတာများဟာ စစ်အုပ်စုများသက်ဆိုးရှည်ရေးအ တွက်ပဲဖြစ်တာဖြစ်လို့၊ ဗမာပြည်တပြည်လုံးက အဖိနှိပ်ခံပြည်သူများ ဒီထောင်ချောက်တွေထဲ နောက်ထပ် ဘယ်သူမှမသက် ဆင်းနိုင်တော့အောင် ဂရုပြုကြရပါလိမ့်မယ်။
အဖိနှိပ်ခံပြည်သူတရပ်လုံးရဲ့အဓိကရန်သူဟာ ဘယ်သူဆိုတာကို မျက်ခြေမပြတ်သင့်ပါဘူး။
အဲဒီပင်လုံ တတိယအကြိမ်ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုပြောသွားပါတယ်။
ဘယ်သူတွေဟာ အမှန်တကယ်ငြိမ်းချမ်းရေးလိုလားတယ်။ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့် အစုအဖွဲ့ထက်၊ တန်ဖိုးထားတယ်ဆိုတာ ဒီ (၂၁) ပင်လုံညီလာခံအစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါတဲ့။ ဟုတ်ပါတယ်။ ဒီနေရာမှာ ကာချုပ်ကို သတိပေးချင်ပါတယ်။
အခု (၂၁) ရာစုဟာ (နည်းပညာတွေ အတော်တိုးတက်လာတာကြောင့်) သတင်းတွေဟာ အချိန်နဲ့အမီထွက်ပေါ်နေတာပါ။လူတယောက်ရဲ့ အပြောနဲ့အလုပ် ဘယ်လောက်ညီတယ်၊ မညီဘူးဆိုတာလည်း အလွယ်တကူသိနိုင်တဲ့ခေတ်ကြီးဖြစ်နေပါ ပြီ။ သတင်းတွေမှောင်ချချင်တိုင်း မှောင်ချလို့ရတဲ့ခေတ် မဟုတ်တော့ဘူးဆိုတာပါပဲ။ အခုပဲကြည့်ပါ။ ဇူလိုင် (၁၁) ရက်နေ့ လည်ခင်းမှာပြောခဲ့တဲ့ ကာချုပ်မိန့်ခွန်းကို အဲဒီနေ့ ညနေခင်းကစပြီး ဝိုင်းဝန်းဝေဖန်ရှုံ့ချချက်တွေ သတင်းမီဒီယာတွေမှာ တက်လာတာ စီစီညံနေတာပဲ မဟုတ်ပါလား။
လှကျော်ဇော
၂ဝ-၇-၂ဝ၁၈