(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၈
ကျနော်တို့တိုင်းပြည်ဟာ စစ်အစိုးရလက်ထက်များစွာ ဓားမိုးသေနတ်မိုးအောက်မှာ နေခဲ့ကြရတာ တကမ္ဘာလုံး အသိဖြစ်ပါ တယ်။ ငြင်းဆှိုမှုမဲ့စွာ မတရားတဲ့အမိန့်တွေ စည်းမျဉ်းဥပဒေတွေအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရပါတယ်။ ကိုယ် မနှစ်သက်လို့ ကိုယ်မကြိုက်လို့ ကိုယ်မလိုက်နာချင်လို့ ငြင်းဆန်ခဲ့ရင်လည်း သိတဲ့အတိုင်းစစ်ဝါဒီတွေက နှစ်ရှည်လများ ထောင်တွေချ၊ အညွှန့်တွေချိုးခဲ့ကြပါတယ်။
ခုရော ဒီမိုကရေစီစနစ်ဆီသွားဖို့ကြိုးပမ်းနေကြတဲ့ကာလမှာရော ကိုယ်မလိုချင်တဲ့ပြည်တွင်းစစ်တွေ၊ လယ်သိမ်းမြေသိမ်း ပြ ဿနာတွေ လုပ်ခလစာမညီမျှမှုတွေ အစရှိသဖြင့်ကို ငြင်းပယ်ခွင့်ရှိနေပြီလား။ လွတ်လပ်စွာ အနာမဲ့စွာ ငြင်းဆိုခွင့် က တော့ အပြည့်အ၀မရှိသေးဘူးဆိုတာ ဒီနေ့ထုတ်သတင်းစာတွေဂျာနယ်တွေက သတင်းတွေဖတ်မိရင် သိနိုင်ပါတယ်။
ကဗျာဆရာကွန်စစ်ကောင်းကတော့ သူ မလိုချင်တဲ့ အရာမှန်သမျှကို ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ငြင်း ဆိုထားမှုကို အနုပညာတရပ်ဖြစ်တဲ့ကဗျာနဲ့ ရုပ်လုံးဖော်ခဲ့ပါတယ်။
ငြင်းဆိုပြီးနောက် ကဗျာကို ကောင်းကင်ပေါ် လွှင့်တင်လိုက်တယ်လို့ အမည်ပေးထားပြီး ကဗျာဆရာကွန်စစ်ကောင်းရဲ့ တ ကိုယ်တော် တတိယအကြိမ်မြောက် ကဗျာစာအုပ်လည်းဖြစ်ပါတယ်။ စာအုပ်မှာ ကွန်စစ်ကောင်း တစ်ပိုင်းတစ်စပုံရိပ် ကိုယ် ရေးအကျဉ်းကို ထည့်သွင်းထားပြီး ကဗျာ ၅၇ ပုဒ်ပါရှိပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်များမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ကဗျာစုစည်းမှုလည်း ဖြစ်ပါတယ်။
ပါဝင်တဲ့ကဗျာတွေကတော့ သေတမ်းစာ၊ သီချင်းနှစ်ပုဒ်၊ လမ်း၊ စကား၊ နေရာထိုင်ခင်း၊ ပျင်းမယ်ဆိုလည်း ပျင်းချဆင်စရာ၊ စည်း၊ ဆေးပေါ့လိပ်ကိုထိုးချေပစ်လိုက်တယ်၊ အတွင်းနာ၊ နိဒါန်း၊ ခပ်ပြင်းပြင်း ၃ ခွက်၊ ရှုခင်း၊ မြားတစ်ပြေး၊ ရေတ၀ သောက် ပြီး မတ်တပ်ရပ်လိုက်တယ်၊ လူပြောများနေတဲ့နေ့တွေညတွေ၊ ဘုရားရှင်တောင်မှ စကားနှစ်ခွန်းတည်းမိန့်ကြားခဲ့တာ မ ဟုတ်ဘူး၊ ကမ္ဘာသစ်အော်သံ၊ စာမေးပွဲ၊ စားကျက်မြေ၊ ဥတိုညနေခင်း၊ မြစ်ဆုံ၊ သီချင်းသံ၊ အလံတော်၊ မိုးပေါ်ကကျလာမှာ မဟုတ်ဘူး၊ နောင်ထောင်၊ တရား၊ ဟိန်းမြတ်ဇော်ရယ် ပြီးပါလေရောရယ် ကွန်စစ်ကောင်းရယ်၊ မိမိ၏ အကြွေးများ၊ စစ် မြေ ပြင်၊ လူမမာ၊ ဗုံသံ၊ အရေးတကြီးပေးစာ၊ ရှင်သန်ခြင်း၊ ပခုံးပေါ်က ပန်းပွင့်များသို့၊ ခြွင်းချက်ပါတဲ့ကဗျာ၊ ရန်သူတွေ နဲ့ မိတ် ဆွေတွေနဲ့ ဟိုးအဝေးကနိုင်ငံနဲ့၊ ည၊ တစ္ဆေသရဲတွေ မုန်းတဲ့ဂါထာ၊ ခင်ဗျားတို့ပြောပြောနေတဲ့ နံနက်ခင်း၊ ကဗျာဆရာတွေ လည်း တိုင်းပြည်ကိုချစ်ကြပါသည်၊ အမှိုက်ပုံ၊ ဒေါ်ရန်ကုန်၊ ကျွန်တော်တို့ရဲ့ အသားစများ၊ မြားတန်းလန်းနဲ့ရာသီဥတု၊ နေ့ နေ့ညည အမြဲထွန်းညှိထားရမယ့်မာန၊ မနေ့က ညနေလိုပဲ ဒီနေ့ညနေ၊ အမှန်တရား၊ ဗိန်းမောင်းသံ၊ ကဗျာဆရာတွေ ရွာ အပြင်ထွက်နေရကိန်းမြင်တယ်၊ ကမ္ဘာကြီးဟာ ပျက်နေတာကြာပေါ့၊ တစ္ဆေသရဲတွေပေါတဲ့လမ်း၊ လူ့အခွင့်အရေးအရ ကျွန် တော်လည်း အော်ဟစ်ပိုင်ခွင့်ရှိတယ်၊ အဲဒါ အသစ်မဟုတ်ဘူး အဟောင်းကိုပြန်ပြုပြင်ထားတဲ့၊ လက်ဝှေ့ကဗျာ၊ ဆိုးသွမ်း စာရင်းဝင်မယ့်ကဗျာ၊ ငါတို့သံပြိုင် အော်ဟစ်သီဆိုရမယ့်သီချင်း၊ ငြင်းဆိုပြီးနောက် ကဗျာကို ကောင်းကင်ပေါ်လွှင့်တင် လိုက်တယ်တို့ဖြစ်ပါတယ်။
ကဗျာဆရာကွန်စစ်ကောင်းကို တပ်ကုန်းမြို့၁၉၅၃ ခုနှစ် နိုဝင်ဘာ၁၉ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အထက ၁ တပ်ကုန်း၊ အလက၂ ရန်ကင်း၊ အထက ၆ ဗိုလ်တထောင်၊ အထက၁ ဒဂုံ ရန်ကုန် ၀ိဇ္ဖာ/သိပ္ပံ တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၇၄-၇၆ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်း၊ ရေစီးကြောင်းကဗျာစာအုပ်တို့မှာ မောင်လင်္ကာ (ရွာဦးကျောင်း) က လောင်ဖြင့် ကဗျာများစတင်ရေးသားခဲ့ပါတယ်။
၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၉၈၀ခုနှစ်မှာတော့ ကွန်စစ်ကောင်းကလောင် အမည်ပြောင်းလဲခဲ့ကာ မိုးဝေမဂ္ဂဇင်းမှာ ကဗျာများရေးသားခဲ့ပြီး ယခုအချိန်ထိ မဂ္ဂဇင်း၊ စာစောင်များမှာ ကဗျာများရေးသား လျက်ရှိပါတယ်။
ယခုကဗျာစာအုပ်ရဲ့ရှေ့မှာ ရွှေကြုတ်ထဲထည့်ထားတဲ့ကိစ္စ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော့်ရုပ်ရှင် ရုံတင်လိုက်ပြီ ကဗျာလုံးချင်းနှစ်အုပ်ကိုထုတ်ဝေထားပါတယ်။
ကဗျာဆရာတယောက် ဘယ်လိုရှင်သန်ရပ်တည်ရုန်းကန်ခဲ့ရသလဲဆိုတာ သူ့ကဗျာတွေက တဆင့် ကျနော်တို့ခြေရာခံ ဖို့ကြိုးစားလေ့ရှိကြပါတယ်။ စစ်သားတယောက်ဟာ သူ့သေနတ်ကို ဆီရေလေစစ်ဆေးနေသလို ပန်းပဲဆရာတယောက် လည်း ထိုနည်းလည်းကောင်းပဲ၊ သူထုရမယ့်သံအတွက် သူ့တူကို ဆ နေသလို ကဗျာဆရာတယောက်နဲ့သူနေထိုင်နေတဲ့ တိုင်းပြည်အခြေအနေကို ပကတိအနေအထားမြင်ရအောင် ကျနော်တို့ သူ့ကဗျာထဲ သွားရောက်ဖို့တော့လိုပါလိမ့်မယ်။
နောက်ပြီး လူ့အခွင့်အရေးအရရော တိုင်းပြည်အတွက် မလိုအပ်မရှိသင့်တဲ့ အရာတွေကို ကျနော်တို့ငြင်းဆိုဖို့ အကြောင်း ပြချက်တခုပါပဲ။ ကဗျာဆရာကွန်စစ်ကောင်းရော ဘာတွေငြင်းဆိုထားသလဲဆိုတာသိရဖို့ သူ့ကဗျာတွေဖတ်ကြည့်ရအောင်။
“ဆင်မိုက်ကြီးမှာ
ဒူးတုပ်ရရှာ….”
အဲဒါ
ဗုဒ္ဓရဲ့အောင်ခြင်းရှစ်ပါးသီချင်းထဲမှာသာ တွေ့ရတဲ့စာသားပါ။
“ယုန်သူငယ်လေးခမျာ
ဆင်မိုက်ကြီးကြောင့် ပြားချပ်ရရှာ”
အဲဒါ
ကျွန်တော်တို့သီဆိုနေကျ သီချင်းထဲက စာသားပါ။ ။ (သီချင်းနှစ်ပုဒ် ကဗျာ)
အိုက်ခမန်းလည်း လူပဲ၊ နော်မက်ဗက်သွန်းလည်း လူပဲ
ဒါပေမယ့် သူတို့နေထိုင်တဲ့ရပ်ကွက်ချင်းက တူမှ မတူဘဲ။ (နေရာထိုင်ခင်း ကဗျာမှ)
သီချင်းသံတွေအောက်မှာ
သေနတ်သံတွေ ဆိတ်သုန်းပျောက်ကွယ်သွားကြလိမ့်မယ်
သီချင်းသံဟာ
ခွန်အားစွမ်းပကား
ပိုပြီး ကြီးမားပါတယ် မိတ်ဆွေ။ ။ (သီချင်းသံ ကဗျာမှ)
ငါတို့အားလုံး တစ်ယောက်မကျန်
ရဲရဲဝံ့ဝံ့ယူရဲကြရမယ်… ငါတို့ငြိမ်းချမ်းရေး။ ။ (မိုးပေါ်က ကျလာမှာ မဟုတ်ဘူးကဗျာ မှ)
သေနတ်ဟာ
သေနတ်ဒဏ်ရာနဲ့လဲကျသေဆုံးလို့။ ။ (တရားကဗျာမှ)
ကဗျာဆရာဆိုတာ
ယုံကြည်ချက်ဝတ်စုံကို ဝတ်ဆင်ထားတဲ့စစ်သည်တော်ပဲ
ကဗျာထဲကို ကျည်အပြည့်ထည့်
ရန်သူဆိုရင် ပစ်။ ။ (စစ်မြေပြင် ကဗျာမှ)
ရှင်ရင်လည်း ဂုဏ်သိက္ခာရှိရှိ ရှင်ဖို့
သေရင်လည်း ဂုဏ်သိက္ခာရှိရှိ သေဖို့။ ။ (ပခုံးပေါ်က ပန်းပွင့်များသို့ ကဗျာမှ)
ကျွန်တော် ကျွန်မတို့က
အကြမ်းဖက်တာကိုလည်း မုန်းတယ်
အနုဖက်တာကိုလည်း မုန်းတယ်။ ။ (မနေ့က ညနေလိုပဲ ဒီနေ့ညနေ ကဗျာမှ)
လူများစု သီဆိုတဲ့သီချင်းဖြစ်နေလည်း
သီချင်းကောင်းဖြစ်ချင်မှ ဖြစ်တာ
လူနည်းစုသီဆိုတဲ့သီချင်းဖြစ်နေလည်း
သီချင်းကောင်း ဖြစ်ချင်ဖြစ်တာ (ဗိန်းမောင်းသံ ကဗျာမှ)
လှေကြုံစီးတဲ့လူက
လှေဦးမှာ မတ်တပ်ရပ်လို့
မျက်နှာသနပ်ခါး ပေါင်သေးကြောင်းနဲ့လူက
အသန့်ရှင်းဆုံးဆုရလို့
သူများနှာခေါင်းနဲ့အသက်ရှူတဲ့လူက
ထူးချွန်ဆုရလို့
သူခိုးလက်က လုတဲ့ဓားပြက
သူရဲကောင်းဆုရလို့
မရိုးသားကြဘူး
ပိုနေတဲ့ပေါင်မုန့်ကို ဝှက်ထားကြတယ် (ငါတို့သံပြိုင်အော်ဟစ်သီဆိုရမယ့် သီချင်း ကဗျာမှ)
စာမျက်နှာအခက်အခဲကြောင့်ရော ကဗျာတပုဒ်လုံးကို ချရေးပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့ထိ မိုက်မဲဖို့မ၀ံ့တာကြောင့် ကဗျာတပုဒ် စီက အပုဒ်တချို့ကိုပဲဖော်ပြပြီး ကဗျာဆရာကွန်စစ်ကောင်း ဘာကိုငြင်းဆိုခဲ့သလဲဆိုတာလောက် သဲလွန်စရှာခဲ့တာဖြစ် ပါ တယ်။ စာဖတ်သူများလည်း သတိပြုမိမယ် မျှော်လင့်ရပါတယ်။
လူတိုင်းမှာ ကိုယ် မလိုချင်တာကို ငြင်းပိုင်ခွင့်ရှိရပါတယ်။ ကိုယ့်အိမ်ထဲကနေ တိုင်းပြည်တ၀န်း မတရားတဲ့ အမိန့်၊အာဏာ တွေနဲ့ ဖြစ်ပျက်နေတာတွေကို ငြင်းဆိုနိုင်ရပါ့မယ်။ ငြင်းဆိုခွင့် မရှိရင်တော့ အာဏာရှင်နိုင်ငံထဲလူဖြစ်နေတုန်းလို့ ယူဆရ မှာဖြစ်ပါတယ်။
ကဗျာဆရာကွန်စစ်ကောင်းကတော့ ငြင်းဆိုခွင့်မရှိခဲ့ရင် ဘယ်လိုရပ်တည်ရှင်သန်သွားမယ်ဆိုတာ ကဗျာစာအုပ် ခေါင်း စဉ်ဖြစ်တဲ့ ငြင်းဆိုပြီးနောက် ကဗျာကို ကောင်းကင်ပေါ် လွှင့်တင်လိုက်တယ်ဆိုတဲ့ကဗျာမှာ
“တောင်ပေါ်မှာမှ
သစ်ရိပ်ဝါးရိပ်မရှိရင်
တောင်အောက်က နေပူထဲမှာပဲ နေချင်တယ်
အိပ်မက်မှ
ကောင်းကောင်း မမက်ရင်
နေ့နဲ့ညကို ပြောင်းပြန်လှန်ပစ်ချင်တယ်” လို့ ကဗျာနဲ့လွှင့်တင်ထားတာ ဖတ်ခဲ့ရပါတယ်။ ။