ကဗျာ

တင်လတ်ကို ● ၁၉၉၅

တင်လတ်ကို ● ၁၉၉၅
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၈

ပျော်ရွှင်မှုဟာ ထိုင်လို့မကောင်းတော့
အော်စကာမှာ တပ်ရင်းရွှေ့လိုက်တယ်။

အဲဒီခေတ်က
လက်ဖက်ရည်ဆိုင်ဆိုတာ ငါတို့ကျောင်းပါပဲ
ငါတို့စကူးမှာ ငါတို့တွေ ဂုဏ်ထူးထွက်ခဲ့ကြ။

အစိုးရမကြိုက်တဲ့သီချင်းတွေ နားထောင်ကြ
အစိုးရပိတ်ပင်တဲ့ စာအုပ်တွေ ဖတ်ကြ
အစိုးရမနှစ်မြို့တဲ့ ဆံပင်အရှည်ကြီးတွေ ထားကြ။

ငါတို့ကို တွေ့ချင်ရင် လမ်းမကြီးတွေပေါ်ရှာ
နောက်ထပ်သေချာတဲ့နယ်မြေကတော့ တီးဆိုင်မှာ ဒယီးဒယိုင် တွေ့ရတော့မှာပဲ။

အမြင်ကပ်ပုဒ်မတွေ
မှောင်ရိပ်ခိုမှုတွေ
မာရှယ်လောတွေ
မိန်းမဖျင်းရင် ကွိတ်
ယောက်ျားဖျင်းရင် ပုလိပ်
အောင်ဖေညောင်းတော့
အောင်မင်းလွန်ရာကျမယ်အစရှိသဖြင့် အဲဒီခေတ်ရဲ့ပလက်ဖောင်းတွေ။

ခေါင်းမှာ အမာရွတ်မရှိရင်
ဒီကောင် လူလိမ္မာပဲ။
အသက်တချောင်းတည်းလို့သဘောထားရင်
ဒီကောင် လူ့မလိုင်သားပဲ ကြေညာချက်ထုတ်ကြ။
ဟုတ်တယ်လေ
ငါတို့ရှေ့မှာ သေစရာတွေ အများကြီး
အာဏာရှင်တို့ ရက်ရက်ရောရော သဒ္ဒါတရားကြီးမှုတွေ။

ဟောလစ်
ပန်းသီး
စွပ်ပြုတ်တို့ဟာ လူမမာစာကွ မှတ်ထားလို့ အော်သင်ခဲ့တဲ့နှစ်တွေ၊

လူကြီး တစ်ကျပ်
ကလေး ငါးမူးဗီဒီယိုရုံနှစ်တွေ။

ရွှေဝါဆပ်ပြာကို အသေအချာကြွေခဲ့ရတဲ့နှစ်တွေဆိုပါတော့
ကောင်စီလူကြီးရုံမှာ မယောင်ရာဆီလူးကားတွေ ကြည့်ခဲ့ရတဲ့နှစ်တွေဆိုပါတော့။
အနုပညာကိုယ်ခံအားကောင်းကြတယ်
သူရသတ္တိလည်း ရှိကြတယ်
တယောက်ထိ တယောက်မရတာ ပြန်သတိရစရာ။

၁၉၉၅
ခဏပြန်သွားတာကို ဖျားချင်သလိုလို။     ။

Oscar- Joy = (တီးဆိုင်အမည်များ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts